
ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် မြန်မာပလာဇာအနီးရှိ EV Charging Station တွင် ကားအားသွင်းရန် သွားသည့် အမျိုးသမီးတစ်ဦး ကားနှင့်အတူ ပျောက်ဆုံးနေမှုတစ်ရက်နီးပါးကြာမြင့်လာပြီဖြစ်ပြီး တွေ့ရှိပါက အကြောင်းကြားပေးရန် မိသားစုဝင်များက မေတ္တာရပ်ခံထားသည်။
ပျောက်ဆုံးနေသူမှာ မနှင်းလဲ့လဲ့ပိုင်(ခ) Ma Yuki ဆိုသူဖြစ်ပြီး အောက်တိုဘာ ၂၁ ရက် ညနေ ၆ နာရီခွဲခန့်မှ စတင်ပြီး ပျောက်ဆုံးနေခြင်းဖြစ်သည်ဟု မိသားစုဝင်များက လူမှုကွန်ရက်တွင် ရေးသားထားသည်။
" ကျွန်မအမ မနှင်းလဲ့လဲ့ပိုင် ခေါ် (Ma Yuki) 21.10.2026 ညနေ ၆နာရီခွဲဝန်းကျင်တွင် myanmar plaza အနီးMG EV charging station တွင် ကားအားသွင်းမို့သွားရာ ကားရောလူရော ပျောက်သွားပါသဖြင့် အခုချိန်ထိ ဖုန်းဆက်သွယ်မရ အိမ်ပြန်မရောက်သဖြင့် မိသားစုများ အရမ်းစိတ်ပူနေပါသည်။ တွေ့ခဲ့ရင် ဆက်သွယ်ပေးကြပါ " ဟု မိသားစုဝင်တစ်ဦးက လူမှုကွန်ရက်တွင် ရေးသားထားသည်။
ပျောက်ဆုံးနေသူ မနှင်းလဲ့လဲ့ပိုင်မှာ လူငယ်စီးပွားရေး လုပ်ငန်းရှင်တစ်ဦးလည်းဖြစ်ပြီး ၎င်းကို အောက်တိုဘာ ၂၂ ရက် ညနေပိုင်းအထိ ရှာဖွေမတွေ့ရှိသေးကြောင်း၊ CCTV များကိုလည်း လိုက်လံကြည့်ရှုနေပြီး တာဝန်ရှိသူများကလည်း ရှာဖွေပေးနေသည်ဟု သိရသည်။
" cctv ကြည့်ပြီးပါပြီ။ သက်ဆိုင်ရာတာဝန်ရှိသူတွေကအကုန် ရှာပေးနေပါတယ်။ လူပျောက်အမှုလဲ ဖွင့်ထားပါတယ်။ မိသားစုနဲ့အတူ စိတ်ပူပေးကြလို့ ကျေးဇူးတင်ပါတယ်။ ခုတော ့မြေပြင်မှာ ရှာနေကြပါ တယ်နော်" ဟု မိသားစုဝင်တစ်ဦးက ပြောကြားသည်။
သူမနှင့်အတူ ပျောက်ဆုံးနေသည့် မော်တော်ယာဉ်မှာ EV အမျိုးအစား Dongfang Nammi EV ဖြစ်ပြီး ယာဉ်အမှတ်မှာ HH -4713 ဖြစ်ကြောင်း သိရသည်။
ပျောက်ဆုံးသူမှာ YP Education တည်ထောင်သူတစ်ဦးလည်းဖြစ်ကြောင်း သိရသည်။
ပျောက်ဆုံးသူကိုတွေ့ရှိပါက 09254065870 ၊ 09972429048 များသို့ဆက်သွယ်နိုင်ကြောင်း သိရသည်။