
လောင်းရှည်-လှိုင်ဒုတ်-ကျင်ဒွေးလမ်းကြောင်းရှိ လှိုင်ဒုတ်ကျေးရွာအား တပ်မတော်စစ်ကြောင်းများက ပြန်လည်သိမ်းပိုက်ရရှိကြောင်း သိရသည်။
AA နှင့် CDF ပူးပေါင်းအဖွဲ့များအနေဖြင့် ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့အား ဆက်သွယ်ထားသော ဆက်သွယ်ရေးလမ်းကြောင်းပေါ်တွင် တည်ရှိသည့် ကျင်ဒွေးမြို့ရှိ လုံခြုံရေးဆောင်ရွက်နေသော လုံခြုံရေးတပ်ဖွဲ့ဝင်များအား ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလမှစ၍ အင်အားအလုံးအရင်းအသုံးပြုကာ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး မြို့အား ယာယီစိုးမိုးခဲ့ကြောင်း သိရသည်။
ယင်းနောက် တပ်မတော်စစ်ကြောင်းများအနေဖြင့် ယင်းအဖွဲ့များ ယာယီစိုးမိုးထိန်းချုပ်ထားသည့် လောင်းရှည်-လှိုင်ဒုတ်-ကျင်ဒွေးလမ်းကြောင်းအား အမြန်ဆုံးပြန်လည်ထိန်းချုပ်နိုင်ရန် လောင်းရှည်တွင် လိုအပ်သည့်ပြင်ဆင်စုဖွဲ့မှုများဆောင်ရွက်ပြီး စစ်ကြောင်းများခွဲ၍ တိုက်ခိုက်ချေမှုန်းခဲ့ရာ စက်တင်ဘာလ ၂၄ ရက်တွင် ပွိုင့်-၆၁၀ တောင်ကုန်းအားလည်းကောင်း၊ စက်တင်ဘာလ ၂၅ ရက်တွင် ရင်းကဲကျေးရွာအားလည်းကောင်း၊ စက်တင်ဘာလ ၂၆ ရက်တွင် ပွိုင့်-၉၃၄ တောင်ကုန်းနှင့် ဆွဲလွဲကျင်းကျေးရွာအားလည်းကောင်း၊ စက်တင်ဘာလ ၂၉ ရက်တွင် ပွိုင့်-၁၀၅၉ တောင်ကုန်းအားလည်းကောင်း၊ အောက်တိုဘာလ ၄ ရက်တွင် မဆွာတီကျေးရွာအားလည်းကောင်း၊ အောက်တိုဘာလ ၈ ရက်တွင် ပွိုင့်-၁၂၇၆ တောင်ကုန်းအားလည်းကောင်း၊ အောက်တိုဘာလ ၂၀ ရက်တွင် ကျင်ဒွေးမြို့၏ အရှေ့မြောက်ဘက် မီတာ ၁၂၀၀၀ ခန့်အကွာ ပွိုင့်-၁၇၃၂ အနီးရှိ စခန်းနေရာအားလည်းကောင်း အဆင့်ဆင့်ပြန်လည်တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပြီး အောက်တိုဘာလ ၂၁ ရက်တွင် လှိုင်ဒုတ်ကျေးရွာအား ပြန်လည်သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ကြောင်း သိရသည်။
တပ်မတော်စစ်ကြောင်းများအနေဖြင့် ထိုသို့တိုက်ခိုက်ချေမှုန်းခဲ့ရာတွင် တိုက်ပွဲကြီး/ ငယ် ထိတွေ့မှု စုစုပေါင်း ၂၆ ကြိမ်ဖြစ်ပွားခဲ့ပြီး ရန်သူ့ထံမှ အလောင်း ၁၁ လောင်း၊ လက်နက်မျိုးစုံ ၁၂ လက်၊ ခဲယမ်းများနှင့် ဆက်စပ်ပစ္စည်းများ သိမ်းပိုက်ရရှိခဲ့ကြောင်း သိရသည်။
တပ်မတော်စစ်ကြောင်းများအနေဖြင့် ဒေသခံပြည်သူများ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကုန်စည်စီးဆင်းမှုအတွက် များစွာအထောက်အကူပြု အရေးပါသည့် လောင်းရှည်-လှိုင်ဒုတ်- ကျင်ဒွေး ဆက်သွယ်ရေးလမ်းကြောင်းအား အမြန်ဆုံးပြန်လည်ထိန်းချုပ်ဖွင့်လှစ်ပေးနိုင်ရေးအတွက် လိုအပ်သည့် နယ်မြေလုံခြုံရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်းနှင့် ပျက်စီးခဲ့ရသည့် အခြေခံအဆောက်အအုံများ၊ လမ်း/ တံတားများ ပြန်လည်ပြုပြင်ပေးခြင်း လုပ်ငန်းများကိုလည်း သက်ဆိုင်ရာဌာနအလိုက် တာဝန်ရှိသူများ၊ ဒေသခံပြည်သူများနှင့်ပူးပေါင်း၍ လိုအပ်သည်များ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။