
အိန္ဒိယတက္ကသိုလ် (၂၆) ခု ပါဝင်ပြသသော India: New Horizons for Education and Learning ခေါင်းစဉ်ဖြင့် ကျင်းပသည့် Study in India Education Fair 2026 ပညာရေးပြပွဲကို ရန်ကုန်မြို့ရှိ Pan Pacific ဟိုတယ်တွင် အောက်တိုဘာ ၂၃ ရက်က ပြုလုပ်ကြောင်းသိရသည်။
အဆိုပါအခမ်းအနားတွင် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး H.E. Shri Abhay Thakur မှ နှုတ်ခွန်းဆက် အမှာစကားပြောကြားခြင်း၊ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန် မှ အထူးအမှာစကားပြောကြားခြင်းနှင့် မြန်မာနိုင်ငံ ပုဂ္ဂလိကကျောင်းများအသင်းဥက္ကဋ္ဌ ဦးနေအုပ်မှ အမှာစကားပြောကြားခြင်းများ ဆောက်ရွက်ခဲ့ကြသည်။
"ခြုံငုံကြည့်ပါက အိန္ဒိယနိုင်ငံသည် အရည်အသွေးမြင့်ပညာရေးကို သင့်တင့်သော ကုန်ကျစရိတ်နှင့်အတူ အင်္ဂလိပ်ဘာသာဖြင့် သင်ကြားပေးခြင်း၊ အသိအမှတ်ပြု အဖွဲ့အစည်းများတွင် အတည်ပြုထားသော ကျောင်းဝင်ခွင့်များအတွက် ဗီဇာထုတ်ပေးခြင်း၊ ပထဝီဝင်အနေအထားအရ နီးကပ်ပြီး ခရီးသွားလာရ လွယ်ကူ ခြင်းတို့အပြင် မြန်မာကျောင်းသား/သူများအတွက် တူညီသော ရိုးရာ၊ ယဉ်ကျေးမှုနှင့် အစားအသောက်များကို ရရှိနိုင်စေပါသည်။ ဤကဲ့သို့သော အခွင့်အလမ်းကောင်းများ ပေးအပ်နိုင်မှုကြောင့် ယခုနှစ် တစ်နှစ်တည်းမှာပင် ကျောင်းသား/သူ ၅၀၀ နီးပါး အိန္ဒိယတက္ကသိုလ်များ၌ ကျောင်းဝင်ခွင့် ရရှိခဲ့ကြပြီး၊ နောင်လာမည့်နှစ်များတွင် မြန်မာနိုင်ငံ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် ကျောင်းသား လက်ခံမှု ဦးရေကို ပိုမိုတိုးမြှင့်သွားရန် ကျွန်ုပ်တို့ မျှော်လင့်ပါသည်"ဟု မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး H.E. Shri Abhay Thakur က ပြောကြားသည်။
ဆက်လက်ပြီး ၎င်းက" “Study in India" အစီအစဉ်သည် သီးသန့် Online Portal မှတစ်ဆင့် ဆောင်ရွက်နေခြင်းဖြစ်ပြီး ကျောင်းသား/သူများသည် သင်တန်းများနှင့် အဖွဲ့အစည်းများကို လေ့လာစုံစမ်း နိုင်ခြင်း၊ ကျောင်းဝင်ခွင့် လိုအပ်ချက်များကို သိရှိနိုင်ခြင်း၊ ပညာရေး အခွင့်အလမ်းများကို နှိုင်းယှဉ်နိုင်ခြင်းနှင့် ပလပ်ဖောင်းတစ်ခုတည်းတွင် သက်ဆိုင်ရာ သတင်းအချက်အလက်များနှင့် အကူအညီများကို ရယူနိုင်ခြင်းတို့ ပြုလုပ်နိုင်ပါသည်။ ၂၀၂၆-၂၇ ပညာသင်နှစ်အတွက် မြန်မာနိုင်ငံမှ ကျောင်းသား/သူ ၆၀၀ ကျော်သည် “Study in India” အစီအစဉ်အောက်တွင် မှတ်ပုံတင်ခဲ့ကြပါသည်။ ယင်းတို့အနက် ကျောင်းသား/သူ ၂၆၈ ဦးသည် အတည်ပြုထားသော ကျောင်းဝင်ခွင့်များနှင့် ဗီဇာများ ရရှိခဲ့ကြပြီး ၂၅၅ ဦးသည် အိန္ဒိယနိုင်ငံသို့ ရောက်ရှိနေပြီ ဖြစ်ပါသည်။ ကျန်ရှိသော ကျောင်းသား/သူ ၂၀၀ ကျော်သည် ICCR ပညာသင်ဆုများ သို့မဟုတ် တိုက်ရိုက် ကျောင်းဝင်ခွင့်များကဲ့သို့သော အခြားလမ်းကြောင်းများမှတစ်ဆင့် တက်ရောက်ခဲ့ကြခြင်း ဖြစ်ပါသည်။ ထို့ကြောင့် “Study in India” ပေါ်တယ်သည် သင့်တော်သော အဖွဲ့အစည်းများနှင့် ပညာရေးအစီအစဉ်များကို ဖော်ထုတ်ရန်နှင့် ကျောင်းဝင်ခွင့် လုပ်ငန်းစဉ်များကို ပြီးမြောက်စေရန်အတွက် အရေးပါသော စတင်ရာ နေရာတစ်ခု ဖြစ်ပါသည်"ဟု ပြောကြားသည်။
အဆိုပါ အိန္ဒိယတက္ကသိုလ် (၂၆) ခု ပါဝင်ပြသသော India: New Horizons for Education and Learning ခေါင်းစဉ်ဖြင့် ကျင်းပသည့် Study in India Education Fair 2026 ပညာရေးပြပွဲကို နှစ်ရက်ကြာ အောက်တိုဘာ ၂၃ ရက် မှ ၂၄ ရင်အထိ ပြုလုပ်ခြင်းဖြစ်သည်။