
မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်ရှိ ဖုန်းဆိုင်မှ ဖုန်၁၆လုံးခိုးယူသွားသူနှစ်ဦးကို အောက်တိုဘာလ၂၁ရက်က ဖမ်းဆီးရမိခဲ့ကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။
ချမ်းမြသာစည်မြို့နယ်၊ ကန်သာယာရပ်ကွက်၊ ၁၁ဝလမ်း(မနော်ဟရီ) နှင့်၅၇(B) လမ်းထောင့်ရှိ ငွေဇင်ဟိန်း ဖုန်းအရောင်းဆိုင်တွင် ကောင်တာများပွင့်ကာ ဖုန်းများပျောက်ဆုံးနေမှု အောက်တိုဘာလ၂ဝရက်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဆိုင်တွင် ရောင်းချရန်ထားရှိ သော I Phone 18 Promax ၁ လုံး I Phone 18 Pro (၂) လုံး၊ ၊ OPPO A6C (၁)လုံး၊ Redmi Note 13 (၄)လုံး၊ Redmi Note 13 Pro ၁ လုံး၊ Redmi Note 14 ၁ လုံး၊ Redmi Note 15 Pro+ (၂)လုံး၊ Redmi Note 15 Pro (၁)လုံး၊ Redmi 17 (၁)လုံး၊ Redmi Note 17 C (၁)လုံး၊ Redmi 14 C (၁)လုံး၊ စုစုပေါင်းဖုန်း(၁၆)လုံး တန်ဖိုးငွေ(၃၈,၂၄၁,၉၀၀)ကျပ်ခန့် ပျောက်ဆုံးခဲ့ကြောင်း သိရသည်။
တာဝန်ရှိသူများက စုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့ရာ CCTV မှတ်တမ်းအား ကြည့်ရှုစစ်ဆေးချက်အရ နံနက် ၄နာရီခွဲခန့်တွင် အမည်မသိအမျိုးသမီးတစ်ဦးသည် ဆိုင်၏ယာဘက်ဘေး ဝင်ပေါက်မှဝင်ပြီး ဖုန်းများအား ခိုးယူသွားသည်ကို တွေ့ရှိခဲ့သဖြင့် ရဲတပ်ဖွဲ့ဝင်များမှ နယ်မြေတွင်းဆက်လက်စုံစမ်းခဲ့ရာ CCTV မှတ်တမ်းပါ ခိုးမှုကျူးလွန်သူ အမျိုးသမီးအား ၂၁ရက်တွင် အမရပူရမြို့နယ်၊ တောင်မြင့်ကျေးရွာ၊ အမှိုက်ကုန်းတွင် ဖုန်းများ ခိုးယူသူ မမိုးမြတ်(၁၉နှစ်)နှင့် မင်းမြတ်ဦး၊(၁၉)နှစ်တို့ (၂)ဦးအားတွေ့ရှိ၍ ဖမ်းဆီးစစ်ဆေးခဲ့သည်။
ခိုးယူလာသည့် ဖုန်းများအား အမရပူရမြို့နယ်၊ တောင်မြင့်ကျေးရွာ၊အမှိုက်ကုန်းရှိနေအိမ်တွင် သိမ်းဆည်းထား ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သဖြင့် မမိုးမြတ်၊ (၁၉နှစ်)နှင့် မင်းမြတ်ဦး(၁၉နှစ်) တို့ (၂)ဦးအား အမှုဖွင့် တရားစွဲတင်ပို့သွားမည် ဖြစ်ကြောင်း စုံစမ်းသိရသည်။