Myanmar National Post

ပခုက္ကူမြို့၌ မြန်မာ့ဂုဏ်ဆောင် ခြင်းလိပ်ပြာနန္ဒာဝင်း တပင်တိုင်ခြင်းလုံးအလှခတ်စွမ်းရည်ဖြင့် သုံးရက်ကြာလာရောက်ဖျော်ဖြေ






ပခုက္ကူ၊ အောက်တိုဘာ ၂၅

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ ရှေးဟောင်းသမိုင်းဝင် သီဟိုဠ်ရှင်မြတ်စွာဘုရားကြီး သီတင်းကျွတ်မီးထွန်းပွဲတော် အထိမ်းအမှတ်အဖြစ်ကျင်းပသော ခြင်းလုံးအလှခတ်ပွဲတွင် မြန်မာ့ဂုဏ်ဆောင် ခြင်းလိပ်ပြာနန္ဒာဝင်း တပင်တိုင်ခြင်းအလှ ခတ်စွမ်းရည်ဖြင့် သုံးရက်ကြာလာရောက်ဖျော်ဖြေခဲ့ကြောင်း သိရသည်။ 

"မြန်မာ့ရိုးရာခြင်းခတ်အားကစားယဉ်ကျေးမှုတိမ်ကောပပျောက်မှုမရှိစေရေးနှင့် မျိုးဆက်သစ်လူငယ်များလက်ဆင့် ကမ်းထိန်းသိမ်းနိုင်ကြစေရေးရည်ရွယ်ပြီး ပခုက္ကူမြို့၊ ရှေးဟောင်းသမိုင်းဝင်သီဟိုဠ်ရှင်မြတ်စွာဘုရားကြီး၌ သီတင်းကျွတ်မီး ထွန်းပွဲတော်အထိမ်းအမှတ်အဖြစ်ကျင်းပတဲ့ ခြင်းလုံးအလှခတ်ပွဲမှာ ဒေသခံခြင်းဝါသနာရှင်ပြည်သူတွေကို ခြင်းအလှ ခတ်စွမ်း ရည်ဖြင့်ဖျော်ဖြေပေးဖို့ ခြင်းလိပ်ပြာနန္ဒာဝင်းကိုဖိတ်ကြားခဲ့ခြင်းဖြစ်ကြောင်း၊ ခြင်းလုံးအလှခတ်ပွဲတွင် မကွေးတိုင်းဒေသကြီး နည်းပြ ဒေါ်တင်တင်လင်း၊ တိုင်းဒေသကြီးလက်‌ရွေးစင် ကိုရှိုင်းနှင့်အောင်သူဗိုလ်၊ မန္တလေးတိုင်းဒေသကြီးလက်ရွေးစင် မျိုးဆက်သာနှင့်စိုးဝေနှင်း၊ နိုင်ငံကျော်ဟာသခြင်းမင်းသား ကိုရဲမာန်၊ အခြားသောခြင်းမင်းသား၊မင်းသမီးအဖွဲ့များ၊ ပခုက္ကူမြို့နယ် မှခြောက်ဦးစီပါဝင်တဲ့ ခြင်းအလှခတ်အဖွဲ့များပါဝင်ပြီး သီတင်းကျွတ်လဆန်း ၁၂ရက်မှ၁၄ရက်အထိ ၃ရက်ကြာကျင်းပခြင်းဖြစ် ကြောင်း" ဘုရားကြီး၏ဘဏ္ဍာတော်ထိန်းဂေါပကဥက္ကဋ္ဌ ဦးလှဖုန်းထံက သိရသည်။ 

"သမီးက ခြောက်နှစ်ကတည်းက ခြင်းခတ်ဝါသနာပါပြီး လေ့ကျင့်ခဲ့တာပါ၊ ဖေဖေခြင်းခတ်တဲ့နောက်ကို လိုက်သွားရင်း စိတ်ဝင်စားလာလို့ သင်ယူလေ့ကျင့်ခဲ့တာပါ၊ လက်ရှိသမီးအသက်(၁၂)နှစ်ရှိပါပြီ၊ ဘုရားပွဲ၊ အလှူပွဲ၊ ကထိန်ပွဲနှင့် အခြားပွဲတွေမှာ  ခြင်းအလှခတ်ပါတယ်၊ ခြင်းအလှပြတာတွေက အရင်ဦးဆုံး ခြေဖျားတော့ပြီး သီချင်းလေးတွေနဲ့ကတယ်၊ ကွင်းတွေ၊ အာဆီယံ ကွင်း၊ မီးကွင်းတွေနဲ့ အလှပြကစားတယ်၊ ပါးစပ်ကိုက်ပြီး ဓားပြား၊ ဓားသွားတွေပေါ်တင်တယ်၊ ခုံပေါ်၊ ပုလင်းပေါ်တွေ တက်ကစား တယ်၊ ပုသိမ်ထီးတစ်ချောင်း၊ နှစ်ချောင်းတွေနဲ့အလှပြခတ်တယ်၊ နောက်ပိုင်း ပြိုင်ပွဲတွေမှာဝင်ပြိုင်ပြီး နိုင်ငံကျော်ခြင်းမင်းသမီး တစ်ယောက်ဖြစ်တဲ့အထိ ဆက်လက်ကြိုးစားသွားချင်ပါတယ်၊ ပခုက္ကူမြို့မှာ မနှစ်ကလည်း ၂ရက်ကြာလာရောက်ဖျော်ဖြေဖူးပါ တယ်"ဟု မြန်မာ့ဂုဏ်ဆောင် တပင်တိုင်မင်းသမီး ခြင်းလိပ်ပြာနန္ဒာဝင်းက ပြောပြသည်။

မြန်မာတို့၏ရိုးရာယဉ်ကျေးမှုခြင်းအလှခတ်ကစားနည်းသည် ကမ္ဘာကအားကျဂုဏ်ယူလောက်သည့်ကစားနည်းဖြစ်ပြီး ခြင်းလုံးတစ်လုံးကို လူ ၄၊ ၅၊ ၆ဦးတို့က မြေပေါ်သို့မကျအောင် ဝိုင်းဖွဲ့ခတ်ကစားရသောကြောင့် အဖွဲ့၌ပါဝင်သူ တစ်ဦးချင်း၏ စိတ်ကိုညီညွတ်စေသည့်အပြင် ကိုယ်လက်လှုပ်ရှားမှုရိုးရာအားကစားတစ်ရပ်အနေဖြင့် ဘိုးဘေးဘီဘင်လက်ထက်များ လက်ထက်မှစတင်ပြီး ယနေ့အထိ မြတ်နိုးခုံမင်စွာ ကစားလာခဲ့သောအားကစားနည်းဖြစ်ကြောင်း သိရသည်။  


ဘာမီသာ(ပခုက္ကူ)

#News #Myanmar

မူရင်းသတင်း — Myanmar National Post