Myanmar National Post

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးဇော်နိုင်ဦး ထားဝယ်ရိုးရာသပိတ်မျှောပွဲ သို့တက်ရောက်









ထားဝယ်၊  အောက်တိုဘာ ၂၆

သီတင်းကျွတ်မီးထွန်းပွဲတော်သည် မြန်မာလူမျိုးဗုဒ္ဓဘာသာဝင်များအတွက် သင်္ကြန်ပွဲတော်ပြီးလျှင်ဒုတိယ မြောက်အစည်ကားဆုံး ကျင်းပကြသောပွဲတော်ဖြစ်ပြီး သီတင်းကျွတ်မီးထွန်းပွဲတော်နှင့်အတူ ထားဝယ်မြို့တွင် နှစ်စဉ်နှစ်တိုင်းကျင်းပမြဲဖြစ် သောထားဝယ်ရိုးရာ သပိတ်မျှောပွဲတော်ကို ယခုနှစ်တွင်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ထားဝယ်သူ၊ ထားဝယ်သားများ ဦးဆောင်၍ ထားဝယ်ရိုးရာသပိတ်မျှောပွဲဖွင့်ပွဲအခမ်းအနား ကို ယမန်နေ့ ညနေ(၆)နာရီခွဲက ထားဝယ်မြို့၊ တလိုင်းမရပ်၊ ကမ်းနားလမ်း၊ ထားဝယ်ရိုးရာသပိတ်မျှောကွင်း၊ ထားဝယ်မြစ်ကမ်း၌ ရှေးရိုးရာ အစဉ်အလာအတိုင်း စည်ကားသိုက်မြိုက်စွာကျင်းပသည်။

ဦးစွာထားဝယ်ရိုးရာသပိတ်မျှောပွဲကို တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးဇော်နိုင်ဦး ၊ လွှတ်တော်ဥက္ကဋ္ဌ ဦးမြတ်ကို၊ တရားသူကြီးချုပ် ဒေါ်အေးအေးသန်း၊ အမှတ်(၈)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်၊ တပ်မမှူး ဗိုလ်ချုပ် သိန်းဇော်မြင့် ၊ ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးစောမာတင်လူသာ၊ မြို့မိမြို့ဖ ဦးအောင်ဝင်း၊ ထားဝယ်လူမျိုးစုစည်းမှု ကော်မတီဗဟို ဥက္ကဋ္ဌ ဦးအောင်မျိုးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ကြသည်။ မြို့မိမြို့ဖများနှင့် ဒေသခံထားဝယ် မြို့သူ/မြို့သားများက မီးပုံးပျံအလုံးရေ(၁၀၀၀)လုံးဖြင့် တစ်ညီတစ်ညွတ် တည်းလွှတ်တင် ပူဇော်ခဲ့ကြသည်။ 

ဆက်လက်၍ မြို့မယဉ်ငေးသာသနရိပ်သာ(ထားဝယ်)မှ ဆရာတော် ဘဒ္ဒန္တဣန္ဒဉာဏ နှင့် သံဃာတော်များ၊ ဝန်ကြီးချုပ် နှင့် ဖိတ်ကြားထားသောဧည့်သည်တော်များ၊ ဒေသခံ ပြည်သူများက သုံးလောက ထွဋ်တင် သဗ္ဗညုဗုဒ္ဓမြတ်စွာ ဘုရားရှင်အား ရည်မျှော်မှန်းဆ ကြည်ညိုသဒ္ဓါပွားများပြီး ဆီးမီးများဖြင့် ထွန်းညှိ ပူဇော်ကာ ဝန်ကြီးချုပ်က နိဗ္ဗာန်ဈေးအလှူတော်များ၊ MSME အရောင်းပြခန်းများ၊ ရပ်ကွက်ကျေးရွာ အလိုက် အလှဆင်ထားသည့် အလှသပိတ်အိုးကြီးများ အပူဇော်ခံထားရှိမှုများအား လိုက်လံကြည့်ရှုအားပေးကာ ထားဝယ် မြို့သူ/သားများ အားရင်းရင်းနှီးနှီးလိုက်လံ နူတ်ဆက်သည်။

ထို့နောက်ထားဝယ်မြို့သူ/ မြို့သားများ၏ စည်းလုံးညီညွတ်မှုအင်အားဖြင့် မီးပုံးပျံကြီးများ လွှတ်တင်နေမှုကိုဝန်ကြီးချုပ်က ပါဝင်ဆင်နွှဲပြီး ထားဝယ်ဒေသ ဝေါဟာရစကားကို လူငယ်မျိုးဆက်သစ်များ သိရှိနိုင်စေရန် ထားဝယ်စကား ကို ဖော်ထုတ်သောအားဖြင့် ထားဝယ်စကားလုံးပြောပွဲ၊ ထားဝယ်ရိုးရာ ယဉ်ကျေးမှုအကအလှများနှင့် သီဆိုဧည့်ခံ ဖျော်ဖြေနေမှုတို့အား ကြည့်ရှုအားပေးပြီး ဂုဏ်ပြုဆုငွေများ ချီးမြှင့်သည်။

ဆက်လက်၍ ထားဝယ်ရိုးရာသပိတ်မျှောပွဲကို အောက်တိုဘာ(၂၆)ရက်နံနက်(၃)နာရီတွင် ကျင်းပရာတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဧည့်သည် တော်များက တောင်သမုဒ္ဒရာတွင်ကြေးပြသာဒ်ဖြင့် စံပယ်တော်မူနေသောအရှင်ဥပဂုတ္ထ မထေရ်မြတ်အားရည်မှန်း၍ သပိတ်မျှောကာကုသိုလ်ပြုကြပြီး ဒေသခံထားဝယ်မြို့သူ/သားများက ထားဝယ်ရိုးရာ သပိတ်မျှောမုခ်ဦးမှစ၍ ဝင်္ကပါလျှောက် လမ်းမှတစ်ဆင့် အေးချမ်းပျှော်ရွှင်စွာဖြတ်ကျော်ကြကာ သပိတ်မျှော၍ ဆုတောင်းပတ္ထနာပြုပြီး ကုသိုလ်ပြုကြသည်။

ထို့နောက်တိုင်းဒေသကြီးဝန်ကြီးချုပ် က အလှဆင်ထားသည့် အလှသပိတ်အိုးကြီးများ ပြိုင်ပွဲတွင် ပထမဆု ရရှိ သည့် ဆန်းချီရပ်ကွက်၊ ဒုတိယဆုရရှိသည့် ညောင်ရမ်းတောင်ရပ်ကွက်၊ တတိယ ဆုရရှိသည့် သင်္ဘောဆိပ် ရပ်ကွက် တို့အား ဆုငွေများပေးအပ်ချီးမြှင့်ပြီး ပါဝင်ယှဉ်ပြိုင်သည့် ရပ်ကွက်ပေါင်းစုံ စုစုပေါင်း ၁၅ ရပ်ကွက် မှ ပြိုင်ပွဲဝင်အသင်းများအား ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်သည်။

ရပ်ကွက်ပေါင်းစုံမှ ဒေသခံပြည်သူများကလည်း အလှဆင်ထားသည့် အလှသပိတ်အိုးကြီးများကို သပိတ်မျှော၍ ဆုတောင်းပတ္ထနာပြုပြီး ကုသိုလ်ပြုကြရာ  တိုင်းဒေသကြီးဝန်ကြီးချုပ် က အလှူငွေများထည့်ဝင် ကုသိုလ်ပြု လှူဒါန်းကာ အရှင်ဥပဂုတ္ထမထေရ်မြတ်အား ဆွမ်းဆက်ကပ်ပူဇော်သည်။

သပိတ်မျှောပွဲကို နှစ်စဉ်နှစ်တိုင်း သီတင်းကျွတ်လပြည့်နေ့တွင်ပြု လုပ်ကျင်းပလေ့ရှိပြီး စေတနာရှင်၊ အလှူရှင် များကသပိတ်မျှောပွဲသို့ လာရောက်ကြသူများကို စတုဒီသာများဖြင့်ဧည့်ခံကျွေးမွေးကြသည်။ပွဲတော်တွင် ဆီမီးများ ထွန်းညှိပူဇော်မှုများ၊မီးပုံပျံများလွှတ်တင်ပူဇော်ခြင်းများ၊ထားဝယ်ရိုးရာယဉ်ကျေးမှုအကအလှပဒေသာများ၊ ဇာတ်သဘင်များဖြင့်သီဆိုဧည့်ခံဖျော်ဖြေမှုများကို တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ နှင့် ဒေသခံပြည်သူများက ကြည့်ရှုအားပေးကြသည်။

သပိတ်မျှောပွဲတော်သည် အရှင်ဥပဂုတ္တမထေရ်မြတ်အား ရည်မှန်း၍ ထားဝယ်ရိုးရာ မြေသပိတ်တွင် ဆွမ်း ၊မုန့်၊ သစ်သီး၊ ပေါက်ပေါက်၊ မုန့်ဆီကြော်၊ ယိုအမျိုးမျိုးစသည့် လှူဖွယ်များကိုထည့်ပြီး တံခွန်၊ ကုက္ကားများ စိုက်ထူ၍ ဆီးမီးထွန်းညှိကာ သပိတ်မျှောကြခြင်းဖြစ်ပြီး ရာသီဥတုမိုးလေဝသကောင်းမွန်စေရန်၊ ဆန်ရေစပါး၊ စီးပွား ဥစ္စာပေါများတိုးတက်စေရန်၊ သဘာဝဘေးရန်များနှင့် မကောင်းသောဘေးဘယာကံကြမ္မာ အပေါင်းတို့မှကင်းဝေး လွတ်မြောက်စေရန် ဆုတောင်းပတ္တနာပြုသည့် ရည်ရွယ်ချက်ဖြင့် ထားဝယ်တိုင်းရင်းသား လူမျိုးများက ရှေးအစဉ်အဆက်မှ ယနေ့တိုင်သပိတ်မျှောပွဲတော်ကို ကျင်းပလာခဲ့ကြခြင်းဖြစ်သည် ဟုသိရှိရသည်။

မြန်မာနိုင်ငံတွင် ဝါလကင်းလွတ် သီတင်းကျွတ်သည်နှင့် ဒေသအလိုက် ရိုးရာအစဉ်အလာ မပျက်ပွဲတော်များကို ကျင်းပဆောင်ရွက်လျက်ရှိရာ သီတင်းကျွတ်ကာလနှင့်အတူ တနင်္သာရီ တိုင်းဒေသကြီး၊ ထားဝယ်ဒေသတွင် ရှိသော ထေရဝါဒဗုဒ္ဓ ဘာသာဝင်များက တောင်သမုဒ္ဒရာ၌ စံနေတော်မူသော အရှင်ဥပဂုတ္ထမထေရ်မြတ်အား ရည်မှန်း၍ သပိတ်မျှောပွဲတော်ကို ကျင်းပလေ့ရှိပြီး သပိတ်မျှောပွဲကို ထားဝယ်မင်းများ လက်ထက်မှစတင်၍ ကျင်းပခဲ့ခြင်းဖြစ်ကာ ယနေ့တိုင် ထားဝယ်ရိုးရာယဉ်ကျေးမှုဓလေ့ တစ်ခုအနေ ဖြင့် တည်ရှိနေခြင်း ဖြစ်ကြောင်း သိရှိရသည်။


ကျော်ကျော်လတ်

#News #Myanmar

မူရင်းသတင်း — Myanmar National Post