Eleven Media Group

အီရန်စစ်ပွဲနှင့်ပတ်သက်ပြီး အစ္စရေး၏ စစ်ဘက်နှင့် အရပ်ဘက် ခေါင်းဆောင်များကြား သဘောထားကွဲလွဲမှုများရှိနေသည့် သတင်းဖော်ပြချက်များသည် အခြေအမြစ်မရှိကြောင်း အစ္စရေးကာကွယ်ရေး၀န်ကြီး ပြောကြား

အီရန်စစ်ပွဲနှင့်ပတ်သက်ပြီး အစ္စရေး၏ စစ်ဘက်နှင့် အရပ်ဘက် ခေါင်းဆောင်များကြား သဘောထားကွဲလွဲမှုများရှိနေသည့် သတင်းဖော်ပြချက်များသည် အခြေအမြစ်မရှိကြောင်း အစ္စရေးကာကွယ်ရေး၀န်ကြီး အစ္စရေးကက်ဇ်က အောက်တိုဘာ ၂၆ ရက်တွင် ပြောကြားခဲ့သည်။

အသေးစိတ်ဖော်ပြမထားသည့် ညွှန်ကြားချက်အသစ် တစ်ခုနှင့် ပတ်သက်ပြီး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုနှင့် ကာကွယ်ရေးဦးစီးချုပ် အီယ်လ် ဇာမီယာတို့ကြား ထိပ်တိုက်တွေ့ခဲ့ကြောင်း အမည်မဖော်လိုသော သတင်းရင်းမြစ်များကို ကိုးကား၍ အစ္စရေး၏ Channel 12 သတင်းဌာနက အောက်တိုဘာ ၂၅ တွင် ဖော်ပြခဲ့သည်။

ဝန်ကြီးချုပ်နေတန်ယာဟုက အဆိုပါ သတင်းဖော်ပြချက်အား အဓိပ္ပာယ်မရှိသော စကားဟု ပယ်ချခဲ့ပြီး ကာကွယ်ရေး၀န်ကြီး ကက်ဇ် ကလည်း ယင်းသည် မကြာမီ ကျင်းပတော့မည့် ရွေးကောက်ပွဲများ မတိုင်မီ နေတန်ယာဟု အစိုးရအဖွဲ့၏ ဆုံးဖြတ်ချက်အပေါ် သံသယဖြစ်စေရန် ကြိုးပမ်းမှုတစ်ခုအဖြစ် ပုံဖော်ပြောဆိုခဲ့သည်။

"အီရန်အရေးနဲ့ ပတ်သက်ပြီး အစိုးရအဖွဲ့နဲ့ အစ္စရေး စစ်တပ် (IDF) အကြား သဘောထား ကွဲလွဲမှုတွေ ရှိတယ်ဆိုတဲ့ သတင်းဖော်ပြချက်တွေဟာ လုံးဝ အခြေအမြစ်မရှိသလို မဟုတ်မမှန်ပါဘူးဟု ကက်ဇ် က X တွင် ပြောကြားခဲ့ပြီး နှစ်ဖွဲ့စလုံးကြား ပူးပေါင်းဆောင်ရွက်မှု အပြည့်အ၀ရှိကြောင်း အခိုင်အမာ ပြောကြားခဲ့သည်။

Channel 12 ၏ သတင်းဖော်ပြချက်တွင် ဇာမီယာသည် ၄င်းထံ ပေးပို့ထားသော ညွှန်ကြားချက်ကို ဆောင်ရွက်ခြင်း မပြုမီ အသေးစိတ် ဆွေးနွေးပွဲ ပြုလုပ်ရန်နှင့် ဥပဒေကြောင်းအရ အာမခံချက်များနှင့် နိုင်ငံရေး ခေါင်းဆောင်ပိုင်း၏ လက်မှတ်များကိုပါ တောင်းဆိုခဲ့ကြောင်း ဖော်ပြထားသည်။

အဆိုပါ သတင်းဌာနသည် ညွှန်ကြားချက်၏ အသေးစိတ် အချက်အလက်များကို ထုတ်ဖော်ပြောကြားခဲ့ခြင်း မရှိသော်လည်း စစ်ပွဲအား နိုင်ငံရေး အမြတ်ထုတ်မှုအတွက် အသုံးချခံရနိုင်ကြောင်း စစ်တပ်အတွင်း စိုးရိမ်ပူပန်မှုများ ရှိနေသည်ဆိုသည့် သတင်းရင်းမြစ်များကို ကိုးကားဖော်ပြခဲ့သည်။

ကက်ဇ်က ရွေးကောက်ပွဲ မတိုင်မီ အီရန်ကို စတင် တိုက်ခိုက်ရန် အစ္စရေးဘက်တွင် မည်သည့် ရည်ရွယ်ချက်မျှ မရှိကြောင်း ပြောကြားခဲ့သည်။

အတိုက်အခံ ခေါင်းဆောင် ယာယာ လာပစ်ကမူ Channel 12 ၏ သတင်းဖော်ပြချက်ကို ကိုးကားပြီး နေတန်ယာဟုသည် ရွေးကောက်ပွဲကို ‌ရွှေ့ဆိုင်းရန် ကြိုးပမ်းနေကြောင်း အောက်တိုဘာ ၂၅ ရက်က X လူမှုမီဒီယာတွင် စွပ်စွဲခဲ့သည်။

"ရွေးကောက်ပွဲကို ရွှေ့ဆိုင်းဖို့ သက်သက်နဲ့ အီရန်နဲ့ ထိပ်တိုက်တွေ့ဆုံမှုနဲ့ ပဋိပက္ခ ပိုမိုကြီးထွားလာအောင် သူ (နေတန်ယာဟု) က လုပ်ဆောင်ချင်နေတယ်ဆိုတာ ဒီနေ့ညမှာပဲ သတင်းထုတ်ပြန်ခဲ့ပါတယ်" ဟု ၎င်းက ပြောကြားခဲ့သည်။

နေတန်ယာဟုသည် အီရန်ကို တိုက်ခိုက်သည့် အမေရိကန်-အစ္စရေး စစ်ပွဲကို သူတစ်ဦးတည်းကသာ အဆုံးသတ်နိုင်မည်ဟု ပြောကြားခဲ့ပြီး ၎င်း၏ လုံခြုံရေးဆိုင်ရာ လုပ်ဆောင်နိုင်စွမ်းများအပေါ် အဓိကအာရုံစိုက်ကာ မဲဆွယ်စည်းရုံးလျက်ရှိသည်။

Ref:AFP

မူရင်းသတင်း — Eleven Media Group