
ပဲခူးမြို့ရှိ ဆုတောင်းပြည့် ဆံတော်ရှင် ရွှေမော်ဓောစေတီတော်မြတ်ကြီးတွင် (၄၄) ကြိမ်မြောက် သီတင်းကျွတ်လပြည့် အဘိဓမ္မာအခါတော်နေ့အခမ်းအနားကို အောက်တိုဘာ ၂၆ ရက် (သီတင်းကျွတ်လပြည့်နေ့) နံနက် ၇ နာရီက စေတီတော်ရင်ပြင်ရှိ ကျောက်ပန်းတောင်းဓမ္မာရုံတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားကို ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က ကြီးမှူးကျင်းပခဲ့ခြင်း ဖြစ်ပြီး စေတီတော်၏ သြဝါဒါစရိယဆရာတော်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ ဂေါပကအဖွဲ့ဝင် များ၊ သီလရှင်ဆရာကြီး၊ ဆရာလေးများနှင့် ဗုဒ္ဓဝေယျာဝစ္စအသင်းအဖွဲ့များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
အခမ်းအနားတွင် နမောတဿ သုံးကြိမ်ရွတ်ဆို၍ ဘုရားကန်တော့ကာ ဖွင့်လှစ်ခဲ့ပြီး ပဲခူးမြို့ ရတနာသိရီ ကျောင်းတိုက် သြဝါဒါစရိယဆရာတော်ထံမှ နဝင်္ဂသီလခံယူကာ သြဝါဒါစရိယဆရာတော်များထံမှ မေတ္တသုတ်ဒေသနာတော်ကို နာယူခဲ့ကြကြောင်း သိရသည်။
ယင်းနောက် ဂေါပကအဖွဲ့ဝင်တစ်ဦးက အဘိဓမ္မာအခါတော်နေ့အခမ်းအနား ကျင်းပရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာသူများက လျှောက်တင်သံရှစ်လုံးဘွဲ့ကဗျာများကို စုပေါင်းရွတ်ဆို ပူဇော်ခဲ့ကြကာ ကဗျာများကို ရတုပိုဒ်စုံ ပထမအပိုဒ်အား သုခကာရီဝတ်အသင်း၊ ဒုတိယအပိုဒ်အား ပဋ္ဌာနဓမ္မ ပူဇနိယအသင်းနှင့် တတိယအပိုဒ်အား တူညီစိတ်ထားအသင်းတို့မှ အမျိုးသမီးတစ်ဦးစီက အသီးသီးကိုယ်စား ပြုရွတ်ဆိုပူဇော်ခဲ့ကြကြောင်း သိရသည်။
ဆက်လက်၍ စေတီတော်မြတ်ကြီး၏ သြဝါဒါစရိယဆရာတော်ကြီးများအား ဂေါပကအဖွဲ့က လှူဖွယ်ပစ္စည်း များဆက်ကပ်လှူဒါန်း၍ သာသနာ့ဇောတိကကျောင်းတိုက် သြဝါဒါစရိယဆရာတော်ထံမှ အနုမောဒနာတရား နာယူကာ ရေစက်သွန်းချ အမျှပေးဝေခဲ့ကြပြီး အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
သီတင်းကျွတ်လပြည့်နေ့ ညပိုင်းတွင်လည်း ရွှေမော်ဓောစေတီတော်မြတ်ကြီးတွင် (၄၄) ကြိမ်မြောက် အဘိဓမ္မာအခါတော်နေ့အထိမ်းအမှတ် ဆီမီး ၁၀,၀၀၀ ပူဇော်ပွဲကို ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှ သိရသည်။