

အောက်တိုဘာ - ၂၇ ( အင်္ဂါနေ့ )
အောက်တိုဘာလ ၂၇ ရက် (အင်္ဂါနေ့) နံနက် ၁၀ နာရီအချိန်အထိ စတားသတင်းဌာနရဲ့ ဖော်ပြချက်အရ မလေးရှားနိုင်ငံ၊ ဆာရာဝပ်ပြည်နယ်၊ ဆာမာလာဂျူ ဒေသသည် လေထုညစ်ညမ်းမှု အညွှန်းကိန်း (API) ၁၅၂ ဖြင့် ကျန်းမာရေးနှင့်မညီညွတ်သော အဆင့်တွင် ရှိနေပြီး နိုင်ငံအတွင်း ယင်းကဲ့သို့ အဆင့်ရောက်ရှိနေတဲ့ တစ်ခုတည်းသော ဒေသဖြစ်ကြောင်း သိရပါတယ်။
ပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာန (DOE) ရဲ့လေထုညစ်ညမ်းမှု အညွှန်ကိန်းထိန်းချုပ်မှု စနစ် (APIMS) ရဲ့ အချက်အလက်များအရ အခြားဒေသ ၄၆ ခုတွင်မူ API အညွှန်းကိန်း ၅၁ မှ ၁၀၀ ကြားရှိတာဖြစ်လို့ အသင့်အတင့် အဆင့်တွင် ရှိနေပါတယ်။
၎င်းတို့အနက် ဘင်တူလူ က အသင့်အတင့်အဆင့်တွင် အမြင့်ဆုံးအနေဖြင့် ၉၅ မှတ်ဖြင့် ရှိနေပြီး ကွာလာလမ်ပူမြို့ရှိ ဘတူမူဒါနှင့် ဆီရီယန်တို့က ၈၉ မှတ်၊ ဆီဘူက ၈၅ မှတ်ဖြင့် အသီးသီး ရှိနေကြပါတယ်။
ဒါ့အပြင် ဂျိုဟိုးပြည်နယ်ရှိ ကလူအန်နှင့် ဆာရာဝပ်ရှိ စရီအာမန်တို့တွင် API အညွှန်းကိန်း ၈၂ စီ ရှိခဲ့ပြီး ဂျိုဟိုးရှိ ဘတူပါဟတ်နှင့် ဆာရာဝပ်ရှိ ဆာမာရာဟန်တို့ကလည်း ၈၁ စီဖြင့် အသီးသီး မှတ်တမ်းဝင်ခဲ့ကြပါတယ်။
တစ်ချိန်တည်းမှာပင် အခြားဒေသ ၂၁ ခုတွင် လေထုအရည်အသွေး ကောင်းမွန်နေဆဲဖြစ်ပြီး ကလန်တန်ပြည်နယ်၊ တာနာမေရာတွင် ၄၉ မှတ်၊ ဆီလန်ဂိုပြည်နယ်၊ ဘန်တင်းတွင် ၄၇ မှတ်နှင့် ကိဒါပြည်နယ်၊ ဆွန်ဂိုင်းပက်တာနီတွင် ၄၆ မှတ်ဖြင့် အသီးသီး ရှိနေကြောင်း သိရပါတယ်။
(API) အညွှန်းကိန်း သတ်မှတ်ချက်များအရ ၀ မှ ၅၀ အထိကို ကောင်းမွန်၊ ၅၁ မှ ၁၀၀ အထိကို အသင့်အတင့်၊ ၁၀၁ မှ ၂၀၀ အထိကို ကျန်းမာရေးနှင့်မညီညွတ်၊ ၂၀၁ မှ ၃၀၀ အထိကို ကျန်းမာရေးအတွက် အလွန်ဆိုးရွားပြီး ၃၀၀ အထက်ကိုမူ အန္တရာယ်ရှိသော အဆင့်အဖြစ် သတ်မှတ်ထားပါတယ်။
REF: The Star
#News #Myanmar