
ရွှေရောင်ဝင်းလက်နေသော နေခြည်နုနုသည် အညာဒေသ၏ ခြောက်သွေ့သောလေပြည်နှင့်အတူ ကျယ်ပြောလှသော ဝါခင်းပြင်ကြီးပေါ်သို့ ဖြာကျနေသည်။ ဖွေးခနဲ၊ ဖြူခနဲ ပွင့်အာနေသော ဝါပွင့်လေးများသည် အဝေးမှလှမ်းကြည့်လျှင် မြေကတ္တီပါစိမ်းပေါ်တွင် ဆီးနှင်းပွင့်များ ကြွေကျနေသည့်အလား မျက်စိပသာဒဖြစ်ဖွယ်ရာ တွေ့မြင်ရပေမည်။ ဤဖြူလွလွ ဝါပွင့်လေးများသည် မြန်မာ့လယ်ယာကဏ္ဍအတွက် အလှတရားသက်သက်မျှသာမဟုတ်ဘဲ နိုင်ငံ၏လူမှုစီးပွားဘဝကို လက်တွေ့ကျကျ ပြောင်းလဲပေးနိုင်စွမ်းရှိသော၊ တိုင်းပြည်၏စီးပွားရေး ယန္တရားကိုအားကောင်းကောင်းဖြင့် လည်ပတ်စေမည့် “ရွှေဖြူ” (White Gold)များပင် ဖြစ်ကြပေသည်။
လူသားတို့၏ အခြေခံလိုအပ်ချက်ဖြစ်သော စားဝတ်နေရေး (၃) ရပ်တွင် စားရေရိက္ခာပြီးလျှင် ဝတ်ဆင်ရေးသည် ဒုတိယအရေးကြီးဆုံးဖြစ်၏။ မိမိတို့နိုင်ငံ၏ အဓိကအခြေခံအကျဆုံး သက်မွေး လုပ်ငန်းမှာ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများဖြစ်ရာ ယင်းလုပ်ငန်းများကို အမှန်တကယ် စနစ်တကျ အကောင်အထည်ဖော်ဆောင်ရွက်နိုင်မည်ဆိုပါက တိုင်းပြည်ကို များစွာအကျိုးပြုနိုင်မည်မှာ အသေအချာပင်ဖြစ်သည်။ ထိုအထဲတွင် နိုင်ငံသားတိုင်း နေ့စဉ်မရှိမဖြစ် လိုအပ်လျက်ရှိသော အဝတ်အထည်များအတွက် ကုန်ကြမ်းဖြစ်သည့် “ဝါ” စိုက်ပျိုးရေးသည် မြန်မာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် မရှိမဖြစ်သော အဓိကမဏ္ဍိုင်တစ်ရပ်အဖြစ် ခိုင်ခိုင်မာမာရပ်တည်လျက်ရှိနေပေသည်။
အရေအတွက်မှသည် အရည်အသွေးဆီသို့ ခြေလှမ်းသစ်
သမားရိုးကျ စိုက်ပျိုးရေးခေတ်ကာလများတွင် ကျွန်ုပ်တို့သည် စိုက်ဧကမည်မျှတိုးချဲ့နိုင်ခဲ့သည်၊ အထွက်နှုန်းမည်မျှရရှိခဲ့သည်ဆိုသော “အရေအတွက်” (Quantity) ကိုသာ အဓိကထား တိုင်းတာ ခဲ့ကြသည်။ သို့သော် ယနေ့ကဲ့သို့ ကမ္ဘာလုံးဆိုင်ရာ ဈေးကွက်ယှဉ်ပြိုင်မှု ပြင်းထန်လာသောခေတ်တွင် အရေအတွက်သက်သက်ဖြင့် ရပ်တည်၍မရနိုင်တော့ပေ။ ဝါစိုက်ပျိုးရေးလုပ်ငန်းများကို အရေအတွက်မှသည် အရည်အသွေး (Quality)သို့ မဖြစ်မနေ ကူးပြောင်းမြှင့်တင်ကြရမည့် အချိန်အခါသို့ ရောက်ရှိနေပြီဖြစ်သည်။
ဝါသီးနှံ၏ အရည်အသွေးဟုဆိုရာတွင် ဝါဂွမ်း၏ ဖြူစင်တောက်ပသော အရောင်အဆင်း၊ ဆွဲဆောင်မှုရှိမှုတို့အပြင် စက်မှုကုန်ကြမ်းအဖြစ်အသုံးပြုရာတွင် အရေးပါဆုံးဖြစ်သော အမျှင်အရှည်(Staple Length)၊ အမျှင်၏ခိုင်ခံ့မှု (Tensile Strength)နှင့် သေးသွယ်နူးညံ့မှု (Micronaire) စသည့်တိကျသော စံချိန်စံညွှန်းများ ပြည့်မီရန် အထူးလိုအပ်လှသည်။ ထိုသို့စံချိန်စံညွှန်းမီ အရည်အသွေးမြင့်မားသော ဝါဂွမ်းများ ထုတ်လုပ်နိုင်မှသာလျှင် ပြည်တွင်း ချည်မျှင်နှင့်အထည်စက်ရုံများအတွက် အရည်အသွေးမီ ကုန်ကြမ်းများ ပံ့ပိုးပေးနိုင်မည်ဖြစ်ပြီး နောက်တစ်ဆင့်ဖြစ်သော တန်ဖိုးမြှင့်ထုတ်ကုန် (Value-added) လုပ်ငန်းများဆီသို့ ခိုင်ခိုင်မာမာ ခြေလှမ်းနိုင်မည်ဖြစ်သည်။ ထို့ကြောင့် တောင်သူများအနေဖြင့် တစ်ဧကပန်းတိုင်အထွက်နှုန်း ပြည့်မီအောင် ကြိုးပမ်းခြင်းနှင့်အတူ မိမိတို့ထွက်ရှိလာသော ဝါဂွမ်းများ၏ အရည်အသွေးကိုပါ ကမ္ဘာ့အဆင့်မီဖြစ်အောင် စနစ်တကျပြုစုပျိုးထောင်ကြရန် လိုအပ်လှပေသည်။
အောင်မြင်သော ဝါစိုက်ပျိုးရေးအတွက် အခြေခံအုတ်မြစ် (၄) ရပ်
ဝါစိုက်ပျိုးရေးလုပ်ငန်းကို ဒေသဝမ်းစာဖူလုံရေးနှင့် ပြည်ပသို့တင်ပို့နိုင်ရေးအတွက် စီးပွားဖြစ်ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ရာတွင် “မျိုး၊ မြေ၊ ရေ၊ နည်း” ဟူသော အခြေခံအုတ်မြစ်(၄)ရပ်ကို စနစ်တကျအသုံးချရန် အလွန်ပင်အရေးကြီးလှပါသည်။
မျိုး (Seed) - စိုက်ပျိုးရေးတွင် မျိုးသည်အဓိကဖြစ်သည်။ မျိုးကောင်းမျိုးသန့်ဖြစ်ရေးသည် ဝါစိုက်ပျိုးရေး၏ ပထမဆုံးနှင့်အရေးအကြီးဆုံး သော့ချက်ဖြစ်သည်။ အထွက်နှုန်းကောင်းမွန်ပြီး ရောဂါဒဏ်ခံနိုင်ရည်ရှိသော၊ ဒေသရာသီဥတုနှင့် ကိုက်ညီသော ချည်မျှင်ရှည်ဝါ (ဥပမာ - ငွေချည်၊ ရွှေတောင်မျိုးကွဲများ)ကို ရွေးချယ်စိုက်ပျိုးရမည်။ မျိုးစေ့များမစိုက်ပျိုးမီ မျိုးစေ့အညှောက်ပေါက်နှုန်းကောင်းမွန်စေရန်နှင့် မျိုးစေ့မှတစ်ဆင့် ကူးစက်တတ်သော ရောဂါများကင်းစင်စေရန် စနစ်တကျမျိုးစေ့လူးနယ်ဆေးများ အသုံးပြုခြင်း၊ သုတေသနပြု မျိုးစပ်ထားသော မျိုးရင်းများကို တောင်သူများလက်ဝယ်သို့ အချိန်မီဖြန့်ဝေပေးခြင်းတို့ကို အလေးထား ဆောင်ရွက်ရပါမည်။
မြေ (Soil) - မျိုးကောင်းသော်လည်း မြေမကောင်းလျှင် အပင်ဖြစ်ထွန်းမှု အားနည်းတတ်သည်။ ဝါပင်သည် ရေစီးဆင်းမှုကောင်းမွန်ပြီး မြေဆီဩဇာထက်သန်သော မြေအမျိုးအစားကို နှစ်သက်သည်။ ထို့ကြောင့် မြေယာများကို စနစ်တကျပြုပြင် ထိန်းသိမ်းခြင်း၊ မြေဆီလွှာစမ်းသပ်မှု(Soil Test)များ ပြုလုပ်၍ မြေအချဉ်အငန်ဓာတ် (pH)ကို ညှိပေးခြင်းများ ပြုလုပ်ရမည်။ ထို့အပြင် သဘာဝမြေဩဇာနှင့် ဓာတ်မြေဩဇာများ (နိုက်ထရိုဂျင်၊ ဖော့စ်ဖရပ်၊ ပိုတက်ဆီယမ်)ကို အချိုးကျမှန်ကန်စွာ စနစ်တကျထည့်သွင်းပေးခြင်းဖြင့် ဝါပင်များသန်စွမ်းစွာ ကြီးထွားလာစေရန် ပြုစုပျိုးထောင်ရမည်ဖြစ်သည်။
ရေ (Water) - စိုက်ပျိုးရေးလုပ်ငန်းများအတွက် သန့်ရှင်းသောရေကောင်းရေသန့်နှင့် အောင်ရေရရှိရေးသည် မရှိမဖြစ်လိုအပ်ချက်ဖြစ်သည်။ ဝါသီးနှံသည် ရေငတ်ခံနိုင်သော အပင်မျိုးဖြစ်သော်လည်း ပန်းပွင့်ချိန်နှင့် ဝါသီးကင်းဝင်ချိန်များတွင် အစိုဓာတ် လုံလောက်စွာရရှိရန် အထူးလိုအပ်ပါသည်။ သို့သော်ရေဝပ်ခြင်းကိုမူ လုံးဝမနှစ်သက်ပေ။ ထို့ကြောင့် မိုးခေါင်ရေရှားသည့် အညာဒေသများတွင်ရေကို ချွေတာသုံးစွဲနိုင်သော ခေတ်မီအစက်ချရေသွင်းစနစ် (Drip Irrigation)များကို အသုံးပြုခြင်း၊ ရေသွင်းရေထုတ်မြောင်းများ စနစ်တကျဖောက်လုပ်ခြင်းဖြင့် ရေကိုအပြည့်အဝရရှိအောင် စီမံဆောင်ရွက်ရမည်ဖြစ်သည်။
နည်းစနစ် (Technique) - ခေတ်မီစိုက်နည်းစနစ်များ အသုံးပြုခြင်းသည် အထွက်နှုန်းနှင့် အရည်အသွေးကို သိသိသာသာ တိုးတက်စေပါသည်။ တောင်သူများအနေဖြင့် စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ (Good Agricultural Practices - GAP) ကို မဖြစ်မနေလိုက်နာကျင့်သုံးရန် လိုအပ်လာသည်။ ပိုးမွှားရောဂါကာကွယ်နှိမ်နင်းရာတွင် ဓာတုဆေးဝါးများကိုသာ အလွန်အကျွံအားကိုးခြင်းမပြုဘဲ ဘက်စုံပိုးမွှားကာကွယ်နှိမ်နင်းရေးစနစ် (IPM) ကို အသုံးပြုခြင်း၊ သီးလှည့်စိုက်ပျိုးခြင်း စသည့် ခေတ်မီနည်းစနစ်များကို အသုံးချရပါမည်။ဤသို့ စနစ်တကျဖြစ်စေရန်အတွက် စိုက်ပျိုးရေးပညာရှင်များက အမြဲမပြတ်သုတေသနပြု လေ့လာသုံးသပ်ပြီး တောင်သူများထံသို့ နည်းပညာများ လက်ဆင့်ကမ်းအသိပညာပေးခြင်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်သွားကြရမည်ဖြစ်သည်။
တန်ဖိုးမြှင့်ထုတ်ကုန် (Value-added) နှင့် ပြည်ပပို့ကုန်အလားအလာ
ဝါဂွမ်းများကို ခူးဆွတ်ပြီးနောက် ဝါဂွမ်းကြမ်းအတိုင်း ပြည်ပသို့ရောင်းချခြင်းသည် တိုင်းပြည်အတွက် ရသင့်ရထိုက်သော စီးပွားရေးအကျိုးအမြတ် ကိုဆုံးရှုံးစေပါသည်။ ထို့ကြောင့် ဝါမှတစ်ဆင့် ချည်မျှင်၊ ချည်မျှင်မှတစ်ဆင့်အထည်အလိပ် (Textile) နှင့် အဝတ်အထည် (Garment) များအဖြစ် အဆင့်ဆင့် တန်ဖိုးမြှင့် (Value-added) ထုတ်လုပ်နိုင်မည့် စက်မှုလက်မှုလုပ်ငန်းများကို အားပေးမြှင့်တင်ရပါမည်။ သစ်သီးဝလံများကို ကြာရှည်ခံအခြောက်ခံစနစ်များဖြင့် စနစ်တကျထုပ်ပိုးပြီး နိုင်ငံတကာသို့တင်ပို့၍ နိုင်ငံခြားငွေရှာဖွေနိုင်သကဲ့သို့ ဝါသီးနှံကိုလည်း ခေတ်မီစက်ယန္တရားများအသုံး ပြုကာအရည်အသွေးမြင့် ချည်ထည်များအဖြစ် ထုတ်လုပ်၍ နိုင်ငံတကာဈေးကွက်သို့ ထိုးဖောက်နိုင်ပေသည်။
အထူးသဖြင့် အိမ်နီးချင်းနိုင်ငံများဖြစ်သည့် တရုတ်နှင့် အိန္ဒိယနိုင်ငံကဲ့သို့သော လူဦးရေထူထပ်သည့် နိုင်ငံကြီးများသည် စားရေရိက္ခာသာမက လူသုံးကုန်နှင့် အဝတ်အထည်ကုန်ကြမ်းများကိုပါ ပြည်ပမှအမြောက်အမြားတင်သွင်းနေရသည်။ ဤသည်မှာ မိမိတို့နိုင်ငံအတွက် ကြီးမားလှသော ပြည်ပဈေးကွက်ကြီးတစ်ခု အသင့်ရှိနေခြင်းပင် ဖြစ်သည်။ အိမ်နီးချင်းနိုင်ငံများ၏ ဈေးကွက်ဝယ်လို အားကို သေချာစွာလေ့လာ၍ ၎င်းတို့လိုအပ်သော အရည်အသွေးနှင့်ပမာဏကို တည်ငြိမ်စွာထုတ်လုပ် တင်ပို့နိုင်မည်ဆိုပါက မြန်မာ့ဝါစိုက်ပျိုးရေးကဏ္ဍသည် နိုင်ငံခြားငွေရှာဖွေပေးနိုင်သော အဓိကပို့ကုန် လုပ်ငန်းကြီးတစ်ခုဖြစ်လာမည်မှာ ယုံမှားဖွယ်မရှိပေ။
ထို့ကြောင့် ဝါစိုက်ပျိုးရေးသည် မြန်မာနိုင်ငံ၏ ရာသီဥတု၊ မြေပြင်အနေအထားတို့နှင့် အလွန်ကိုက်ညီပြီး အလားအလာကောင်းများစွာ ပိုင်ဆိုင် ထားသော လုပ်ငန်းတစ်ရပ်ဖြစ်သည်။ အရေအတွက် ကိုသာမက အရည်အသွေးကိုပါ အလေးထားခြင်း၊ ဒေသတွင်း ဖူလုံရေးမှသည် ပြည်ပပို့ကုန်အဖြစ် တိုးချဲ့ခြင်း၊ တန်ဖိုးမြှင့်ထုတ်ကုန်များ ဖန်တီးခြင်းတို့ကို စနစ်တကျအကောင်အထည်ဖော်ရပါမည်။ ထိုသို့ဆောင်ရွက်ရာတွင် “မျိုး၊ မြေ၊ ရေ၊ နည်း” ဟူသော အခြေခံအုတ်မြစ်များကို သုတေသနပြု လေ့လာသုံးသပ်ချက်များနှင့်အညီ စနစ်တကျ ပေါင်းစပ်အသုံးချသွားရန် လိုအပ်လှပါသည်။
နိုင်ငံတော်အစိုးရ၊ စိုက်ပျိုးရေးပညာရှင်များနှင့် တောင်သူလယ်သမားများအားလုံး ဟန်ချက်ညီညီ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြမည်ဆိုပါက ဖြူလွလွဝါပွင့်လေးများသည် လယ်ကွင်းများအတွင်းမှ ခေတ်မီစက်ရုံများဆီသို့၊ ထိုမှတစ်ဆင့် ကမ္ဘာ့ဈေးကွက်ဆီသို့ ဂုဏ်ယူဝင့်ကြွားစွာ ဝင်ရောက်နိုင်မည်ဖြစ်သည်။ သို့မှသာ မြန်မာ့ခေတ်မီ ဝါစိုက်ပျိုးရေးလုပ်ငန်းသည် မိမိတို့နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံအကျဆုံးနှင့် အခိုင်မာဆုံးသော “စီးပွားရေး မောင်းနှင်အားတစ်ရပ်”အဖြစ် မလွဲမသွေဖြစ်ပေါ်လာမည်ဖြစ်ကြောင်း ရေးသားလိုက်ရပါသည်။ ။
ကိုဘုန်း
#News #Myanmar