MyTech Myanmar

Meta က တရုတ်ကုမ္ပဏီနဲ့ ပူးပေါင်းပြီး ၃ လအတွင်း လူတူစက်ရုပ် ထုတ်လုပ်

နည်းပညာကုမ္ပဏီကြီးဖြစ်တဲ့ Meta ဟာ တရုတ် ရိုဘော့တစ် ကုမ္ပဏီ Fourier နဲ့ လက်တွဲပြီး Max လို့ အမည်ပေးထားတဲ့ လူတူစက်ရုပ် အသစ်တစ်ခုကို တည်ဆောက်လိုက်တယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။ အံ့အားသင့်စရာကောင်းတာက ပထမဆုံး ပုံစံတူ ရိုဘော့ကို ၃ လတာ ကာလတိုအတွင်းမှာ အပြီးသတ် ဖန်တီးနိုင်ခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ ဒုတိယမြောက် ဗားရှင်းအတွက်ပါ ဆက်လက် အကောင်အထည်ဖော်နေပြီ ဖြစ်ပါတယ်။

 

အဲဒီ လူတူစက်ရုပ်ဟာ အမြင့် ၅ ပေ နဲ့ အလေးချိန် ၄၈ ကီလိုဂရမ် ဝန်းကျင် ရှိပါတယ်။ သွက်လက်တဲ့ စက်ရုပ်လက်တံ ၂ ဘက်၊ လက်ချောင်း ၅ ချောင်းပါ လက်တွေနဲ့အတူ စွမ်းဆောင်ရည်မြင့် တွက်ချက်မှုတွေကို လုပ်ဆောင်ဖို့ NVIDIA Jetson Thor ချစ်ပ်ပြားကို ထည့်သွင်း အသုံးပြုထားပါတယ်။ ရေဘူးတွေနဲ့ အရုပ်တွေလိုမျိုး သေးငယ်တဲ့ အသုံးအဆောင် ပစ္စည်းတွေကို ကျွမ်းကျင်စွာ ကိုင်တွယ်နိုင်အောင် ရည်ရွယ်ပြီး ဒီဇိုင်းထုတ်ထားတာ တွေ့ရပါတယ်။

 

Meta ဟာ အိမ်တွင်း အထွေထွေ အလုပ်တွေကို ကူညီလုပ်ကိုင်ပေးနိုင်မယ့် လူတူစက်ရုပ်တွေ ဖြစ်လာဖို့ ရည်မှန်းထားပေမဲ့ လက်ရှိ Max ကတော့ စျေးကွက်ထဲ တရားဝင် ရောင်းချမယ့် စက်ရုပ် မဟုတ်သေးပါဘူး။ သုတေသနနဲ့ စမ်းသပ်မှုတွေ ပြုလုပ်ဖို့သက်သက်သာ ဖြစ်ပြီး လောလောဆယ်မှာ စီးပွားဖြစ် ရောင်းချဖို့ အစီအစဉ် မရှိသေးဘူးလို့ သိရပါတယ်။

Ref : Technology Innovation

မူရင်းသတင်း — MyTech Myanmar