Myanmar National Post

အိန္ဒိယ ရေတပ်က အီရန်ငါးဖမ်းသမား ၂၀ ကို ပင်လယ်ဓားပြတွေလက်ထဲက ကယ်ဆယ်


နိုဝင်ဘာ - ၄ ( ဗုဒ္ဓဟူးနေ့ ) 

အိန္ဒိယရေတပ် အထူးကွန်မန်ဒိုတပ်ဖွဲ့ဝင်တွေဟာ ဆိုမာလီယာကမ်းလွန်ပင်လယ်ပြင်မှာ ၄၈ နာရီကြာ စစ်ဆင်ရေးဆင်နွှဲပြီး အောက်တိုဘာ ၂၉ ရက်နေ့က ပင်လယ်ဓားပြတွေ ပြန်ပေးဆွဲထားတဲ့ အီရန်ငါးဖမ်းလှေပေါ်က သင်္ဘောသား ၂၀ ဦးကို ကယ်တင်နိုင်ခဲ့ပါတယ်။

အီရန်အလံလွှင့်ထူထားတဲ့ အဇနီ အမည်ရှိ ငါးဖမ်းလှေကို တနင်္ဂနွေနေ့က ဆိုမာလီယာ ပင်လယ်ဓားပြ တွေက သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။ အဲဒီလှေကို အသုံးပြုပြီး ကုန်တင်သင်္ဘောတွေကို ပစ်မှတ်ထား တိုက်ခိုက်မယ့် ပင်လယ်ဓားပြတွေရဲ့ အခြေစိုက်သင်္ဘောကြီးအဖြစ် အသုံးချလာနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေလည်း ရှိခဲ့ပါတယ်။

အိန္ဒိယနိုင်ငံဟာ အဲဒီလှေရဲ့ လှုပ်ရှားမှုကို ခြေရာခံဖို့ INS ကိုးလ်ကတ္တား အမည်ရှိ ဖျက်သင်္ဘောတစ်စင်း ကို စေလွှတ်ခဲ့ပါတယ်။ ဒီစစ်ဆင်ရေးကို အိန္ဒိယနိုင်ငံ မွန်ဘိုင်းမြို့ကနေ ကီလိုမီတာ ၃,၀၀၀ ကျော်အကွာမှာ လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ အိန္ဒိယကာကွယ်ရေးဝန်ကြီး ရာဂျနတ် ဆင်းဂ်က ပြောပါတယ်။အဲဒီနောက် အိန္ဒိယလေတပ်ရဲ့ C-17 လေယာဉ်ကနေ ရေတပ်အထူးကွန်မန်ဒိုတွေကို လေထီးနဲ့ ချထားပေးခဲ့ပြီး ပင်လယ်ဓားပြတွေကို လက်နက်ဖြုတ်သိမ်းကာ ထိန်းချုပ်နိုင်ခဲ့ပါတယ်။

ဆိုမာလီယာနိုင်ငံ အရှေ့မြောက်ပိုင်းမှာရှိတဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတစ်ခုဖြစ်တဲ့ ပန်တ်လန် ဒေသရဲ့ ရေကြောင်းရဲတပ်ဖွဲ့ အရာရှိတစ်ဦးကတော့ အိန္ဒိယတပ်ဖွဲ့တွေဟာ ပင်လယ်ဓားပြ ၁၂ ဦးဆီက လက်နက်တွေကို ဖြုတ်သိမ်းနိုင်ခဲ့ပါတယ်။ အိန္ဒိယကာကွယ်ရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ ဒီစစ်ဆင်ရေးအတွင်း ဘယ်သူမှ ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်း မရှိဘဲ အောင်မြင်စွာ အဆုံးသတ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ သင်္ဘောသားတွေဟာ အခုအချိန်အထိ အဲဒီသင်္ဘောပေါ်မှာပဲ ရှိနေသေးလား ဆိုတာကိုတော့ အတိအကျ မသိရသေးပါဘူး။

အဇနီ ငါးဖမ်းလှေကို ဆိုမာလီယာနိုင်ငံ ဘန်ဒါ ဘေလာ နဲ့ ဟာဖန် မြို့ကြား ပင်လယ်ပြင်မှာ ပင်လယ်ဓားပြတွေက ပြန်ပေးဆွဲခဲ့တာဖြစ်ပါတယ်။ ပန်တ်လန်း ဒေသအရာရှိရဲ့ ပြောကြားချက်အရ အဲဒီသင်္ဘောပေါ်မှာ ဆိုမာလီယာ လုံခြုံရေးအစောင့် ၂ ဦးလည်း လိုက်ပါလာခဲ့တယ်လို့ သိရပါတယ်။


REF: RT

#News #Myanmar


မူရင်းသတင်း — Myanmar National Post