NP News

မူးယစ်ပြစ်မှုဖြင့် အလိုရှိသူ မူးယစ်မှောင်ခိုဂိုဏ်းဖွဲ့၍ အဓိကစီမံခန့်ခွဲသည့် အောင်ဇော်မင်းခန့်အား ထိုင်းတွင်ဖမ်းမိခဲ့ပြီး မြန်မာသို့ ပြန်လည်လွှဲပြောင်း

ထိုက်စံ(NP News)-နိုဝင်ဘာ ၄
မြန်မာနိုင်ငံတွင် မူးယစ်ပြစ်မှုကျူးလွန်ပြီး ထွက်ပြေးတိမ်းရှောင်နေသူ (၁) ဦးအား ထိုင်းနိုင်ငံမှ ဖမ်းဆီးရမိခဲ့သဖြင့် ၎င်းအား ဘန်ကောက်မြို့ရှိ သုဝဏ္ဏဘူမိ အပြည်ပြည်ဆိုင်ရာလေဆိပ်၌ မြန်မာနိုင်ငံသို့ ပြန်လည်လွှဲပြောင်း ပေးအပ်ခဲ့ကြောင်း မြန်မာနိုင်ငံမူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။
ဖြစ်စဉ်မှာ ပြီးခဲ့သည့်(ဇန်ဝါရီ ၁ ရက်)က မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၊ ကျွဲတပ်ဆုံကျေးရွာအနီးတွင် မူးယစ်ကျူးလွန်သူ(၂) ဦး မောင်းနှင်လာသည့် မော်တော်ယာဉ်ပေါ်မှ စိတ်ကြွဆေးပြား (၅၆) သိန်းအား ဖမ်းဆီးရမိခဲ့ပြီး ကွင်းဆက်ဖော်ထုတ်ချက်အရ စိတ်ကြွဆေးပြားများ သယ်ဆောင်ရောင်းဝယ်ရာတွင် ပူးပေါင်းပါဝင်သူ (၆) ဦး နှင့်အတူ စိတ်ကြွဆေးပြား (၃ ဒသမ ၈) သိန်း၊ အိုက်စ်(မက်သ်အဖက်တမင်း) တစ်ကီလို၊ ဘိန်းဖြူ (၁၆ ဒသမ ၃၉၆) ကီလိုတို့အား ထပ်မံဖမ်းဆီးရမိခဲ့သဖြင့် စုစုပေါင်းငွေကျပ် (၉ ဒသမ ၄၉၅၃၈) ဘီလျံတန်ဖိုးရှိ မူးယစ်ဆေးဝါးများအား ဖမ်းဆီးရမိခဲ့ကြောင်းထုတ်ပြန်ထားသည်။
အဆိုပါ မူးယစ်ဆေးဝါးများ သယ်ဆောင်ရောင်းဝယ်ရာတွင် မူးယစ်မှောင်ခိုဂိုဏ်းဖွဲ့၍ အဓိကစီမံခန့်ခွဲသူမှာ ချမ်းအေးသာစံမြို့နယ်၊ ကံကောက်ရပ်ကွက်တွင် နေသူ အသက်(၄၂)အရွယ် အောင်ဇော်မင်းခန့် သည် ပြီခဲ့သည့်နှစ် နိုဝင်ဘာ (၂၇)ရက်တွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့သို့ထွက်ခွာသွားကြောင်း သိရှိရသဖြင့် ပြီးခဲ့သည့် ဖော်ဖော်ဝါရီ(၃)ရက်၌ ထိုင်းနိုင်ငံ၊ မူးယစ်ဆေးဝါးထိန်းချုပ်ရေးအဖွဲ့(ONCB)သို့ သတင်းဖလှယ်ပေးပို့ခဲ့ကြောင်း သိရသည်။
ထိုသို့သတင်းဖလှယ်ချက်အရ ပြီးခဲ့သည့်(အောက်တိုဘာ ၄ ရက်)က ထိုင်းနိုင်ငံ မူးယစ်ဆေးဝါးထိန်းချုပ်ရေးအဖွဲ့(ONCB)နှင့် လူဝင်မှုကြီးကြပ်ရေးဗျူရိုတို့ ပူးပေါင်းအဖွဲ့မှ မူးယစ်ပြစ်မှုဖြင့် အလိုရှိသူ အောင်ဇော်မင်းခန့်အား ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ ဟွိုင်ခွမ်ခရိုင်တွင် ဖမ်းဆီးရမိခဲ့သဖြင့် ၎င်းအား ယမန်နေ့(နိုဝင်ဘာ ၃ ရက်)၊ ည (၆) နာရီခွဲ အချိန်တွင် ထိုင်းနိုင်ငံ၊ မူးယစ်ဆေးဝါးထိန်းချုပ်ရေးအဖွဲ့(ONCB)မှ တားဆီးဌာနမှူး Mr. Kanison Papernon ဦးဆောင်သည့်အဖွဲ့မှ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံရုံးမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ ဒုတိယတပ်ဖွဲ့မှူး ရဲမှူးကြီး ဇော်လင်း ဦးဆောင်သည့်အဖွဲ့ထံသို့ ဘန်ကောက်မြို့ရှိ သုဝဏ္ဏဘူမိ အပြည်ပြည်ဆိုင်ရာလေဆိပ်၌ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။
နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံအတွင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးလုပ်ငန်းများကို အမျိုးသားရေးတာဝန် တစ်ရပ်အနေဖြင့်ချမှတ်ပြီး ဦးစားပေးလုပ်ငန်းအဖြစ် ဆောင်ရွက်လျက်ရှိရာ တားဆီးနှိမ်နင်းရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ခြင်း၊ နောက်ကွယ်မှ ကျူးလွန်သူတရားခံများအား ဖော်ထုတ်ဖမ်းဆီးခြင်းနှင့် ဆက်စပ်တရားခံပြေးများအား အိမ်နီးချင်းနိုင်ငံများ၊ MOU အဖွဲ့ဝင်နိုင်ငံများ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများ နိုင်ငံတကာမိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဖော်ထုတ်ဖမ်းဆီးလျက်ရှိရာ မြန်မာနိုင်ငံအနေဖြင့် (၂၀၂၆) ခုနှစ်အတွင်း ဖမ်းဆီးရမိသည့် ထိုင်းနိုင်ငံမှ မူးယစ်ပြစ်မှုဖြင့် အလိုရှိသူ (၁၂) ဦး၊ အင်ဒိုနီးရှားနိုင်ငံမှ မူးယစ်ပြစ်မှုဖြင့် အလိုရှိသူ (၁) ဦးတို့ကို သက်ဆိုင်ရာနိုင်ငံအသီးသီးသို့ ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

မူရင်းသတင်း — NP News