NP News

ထိုင်းနိုင်ငံအတွင်း လက်နက်ကျည် ကျရောက်ခြင်းမှာ ဗိုလ်ဒါဘောတို့၏ လက်ချက်ဟုဆို

သန့်ဇင် (NP News) - နိုဝင်ဘာလ ၄
ထိုင်းနိုင်ငံအတွင်း လက်နက်ကျည် ကျရောက်ခြင်းမှာ ဗိုလ်ဒါဘောတို့၏ စစ်မနိုင်၍ လုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရှိသူ သတင်းရင်း မြစ်က The Statesman သို့ ပြောသည်။
ပြီးခဲ့သည့် အောက်တိုဘာ ၂၉ ရက်တွင် KNU၊ PDF ပူးပေါင်းအဖွဲ့တို့၏ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှု ပျက်ပြားစေရန် ရည်ရွယ်၍ နှစ်နိုင်ငံ နယ်စပ်တွင် အဖျက်အမှောင့်လုပ်ငန်းများ လုပ်ဆောင်ကာ ထိုင်းနိုင်ငံဘက်သို့ (၁၂ ဒသမ ၇) မမ စက်သေနတ်ကြီးဖြင့် ပစ်ခတ်ခဲ့ကြောင်းလည်း တပ်မတော်က နိုဝင်ဘာ ၃ ရက်တွင် ထုတ်ပြန်ချက်အရ သိရသည်။
ထိုသို့ ပစ်ခတ်ခြင်းကြောင့် ထိုင်းနိုင်ငံမှ ပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး ပစ်ခတ်သည့်အဖွဲ့သည်လည်း KNU တပ်မဟာ (၆) ၏ လက်အောက်ခံ ဗိုလ်ဒါဘော၏ ကော်ဘရာအဖွဲ့က လုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရှိသူ သတင်းရင်းမြစ်က ပြောသည်။
“တပ်ကပြန်ရှင်းတာက ၁၂ ဒသမ ၇ ကျည်နဲ့ ပစ်တာက မဲ့ကို့ကင်းဘက်ကို ပစ်တာ။ အဲဒါက ဒါဘောတို့အဖွဲ့က ပစ်တာ။ တပ်က စစ်ကြောင်းထိုးတာမှာ မနိုင်လို့ အဲဒါနဲ့ ပစ်တာ။ တကယ်တော့ စစ်ရေးဗျူဟာအရ ဒါမျိုးက ပုံမှန်လုပ်နေကျအကွက်ပဲ။ စစ်ရေးဗျူဟာအရ နယ်စပ်စည်းမျဉ်းနားမှဖြစ်ရင် သူပုန်တွေကတော့ အဲဒီအကွက်က လုပ်နေကျပဲ။ မနိုင်ရင် ထိုင်းဘက်ကို ပစ်ထည့်လိုက်ရော။ အဲဒီမှာ တပ်က ပြန်ဆုတ်ပေါ့။ အဲဒီလို လုပ်တာ” ဟု ၎င်းက ပြောသည်။
လက်ရှိတွင် တပ်မတော်က ဖလူး၊ မင်းလက်ပံဒေသသို့ ထိုးစစ်ဝင်ရောက်နေချိန် KNU တို့ ချောင်ပိတ်မိနေပြီး ထွက်ပေါက်ရှာ လမ်းကြောင်းအဖြစ် စစ်ရေးဗျူဟာအရ ထိုင်းနိုင်ငံအတွင်း စက်လက်နက်ကျည်များ ပစ်ခတ်ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။
“တပ်မဟာ (၆) တပ်ရင်း (၂၈) ကော်ဘရာပူးပေါင်းအဖွဲ့တို့ ပြောရမယ်။ ဆိုတော့ ဘာဖြစ်လဲဆိုတော့ ပြဿနာရဲ့ အရင်းမြစ်က တပ်ကလည်း ထိုးစစ်ကို အသားကုန်ဝင်နေတာမဟုတ်ဘူး။ ဟိုကောင်တွေကလည်း အခြေအနေမကောင်းတော့ လောလောဆယ် မနိုင်သေးတဲ့အချိန်မှာ အချိန်ဆွဲတဲ့သဘောပေါ့နော်။ အဲဒီမှာ တစ်လလောက် ငြိမ်သွားရင် ပြင်ဆင်ချိန်ရတယ်ပေါ့။ အဲဒါကတော့ ဖြစ်ရိုးဖြစ်စဉ်ပေါ့” ဟု ၎င်းက ဆက်ပြောသည်။
KNU၊ PDF ပူးပေါင်းအဖွဲ့မှ ထိုင်းနိုင်ငံအတွင်း လက်နက်ကျည်များ ပစ်ခတ်ခြင်းအပေါ် ပြည်ပြေးမီဒီယာများက ရေးသားရာတွင် တပ်မတော်ဘက်မှ ပစ်ခတ်သည့် သဘောဖြင့် ရေးသားထားသည်ကိုလည်း ၎င်းက ဆိုသည်။
ထို့ကြောင့် ပြည်ဖျက်မီဒီယာများအနေဖြင့် နှစ်နိုင်ငံချစ်ကြည်ရေး ကောင်းမွန်မှုကို မလိုလားသည့်အတွက် နယ်စပ်ရှိ ဒေသခံများအား စိုးရိမ်ကြောက်ရွံ့စိတ်များ ဖြစ်ပေါ်စေရန် ရည်ရွယ်၍ ထိုင်းနိုင်ငံဘက်ရှိ ကုန်လှောင်ရုံများကို ဖျက်ဆီးမည်ဆိုသည့် သတင်းအပါအဝင် အခြေအမြစ်မရှိသည့် ကောလာဟလသတင်းများကို ဖြန့်ဝေနေသည်ကို တွေ့ရကြောင်း တပ်မတော်က ထုတ်ပြန်ချက်တွင် ရေးသား သည်။
ထို့ပြင် အဆိုပါ အွန်လိုင်းမီဒီယာသတင်းများသည် မှန်ကန်မှုမရှိသည့် သတင်းမှားများသာဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
လက်ရှိမြေပြင်တွင်မူ တပ်မတော်၏ ထိုးစစ်အရှိန်မြင့်လာမှုအပေါ် KNU၊ PDF ပူးပေါင်းအဖွဲ့တို့ ခုခံနိုင်ခြင်းမရှိတော့သည့်အတွက် ရည်ရွယ်ချက်ရှိရှိဖြင့် ထိုင်းနိုင်ငံအတွင်း စက်သေနတ်များဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း အထက်ပါ သတင်းရင်းမြစ်က ဆိုသည်။
“တပ်က ပစ်တဲ့ကျည်က မြေပုံအရဆို သူတို့နေတာက နယ်စပ်စည်းရိုးမှာ မဟုတ်ဘူးလေ။ သူတို့ကပဲ တပ်ကိုကျော်ပြီး ပစ်ထည့်လို့ရမှာ။ တပ်က ပစ်ထည့်လို့မရဘူးလေ။ အဲဒီလိုမျိုးရှိတယ်။ သူတို့ဘက်ကပစ်ရင်တော့ ရည်ရွယ်ချက်ရှိရှိကို ပစ်ထည့်တာ။ အဓိကက မနိုင်လို့ လုပ်တာပါ” ဟု ၎င်းက ပြောသည်။
ထိုင်းနိုင်ငံဘက်သို့ KNU၊ PDF ပူးပေါင်းအဖွဲ့က (၁၂ ဒသမ ၇) မမ စက်သေနတ်ကြီးဖြင့် ပစ်ခတ်ခဲ့သဖြင့် ကျည်ဆန်ကျရောက်ခဲ့သည့် မဲ့ကို့ကင်းကျေးရွာသည် မြန်မာ-ထိုင်းနယ်စပ်၊ မဲဆောက်မြို့နယ်အတွင်းမှ ကျေးရွာဖြစ်ကြောင်း သိရသည်။

မူရင်းသတင်း — NP News