Voice of Myanmar

ဒေါ်လာစျေး အတက်ဘက်ရောက်နေချိန် ဗဟိုဘဏ်က ပြည်ပထွက်ခွာသူတွေကို ဒေါ်လာ ၅၀၀ အထိ ရောင်းချပေးနေ

နိုဝင်ဘာ ၄ – ၂၀၂၆

SN (VOM)

လက်ရှိ ‌နိုင်ငံခြားငွေလဲ ဈေးကွက်အတွင်း အမေရိကန်ဒေါ်လာဈေး အတက်ဘက်ကို ရောက်ရှိနေချိန်မှာ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ပြည်ပ ထွက်ခွာသူတွေအတွက် တယောက်ကို အမေရိကန်ဒေါ်လာ ၁၀၀ က​နေ ၅၀၀ အထိ ရောင်းချပေးနေတယ်လို့ ထုတ်ပြန် ကြေညာထားပါတယ်။

ပြည်ပထွက်ခွာမယ့် မြန်မာနိုင်ငံသားတွေ နိုင်ငံခြားငွေ အလွယ်တကူ ဝယ်ယူနိုင်ဖို့နဲ့ တရားမဝင် ငွေလဲလှယ်သူတွေရဲ့ ဈေးကစားမှုကို ထိန်းချုပ်နိုင်ဖို့ ရည်ရွယ်တာဖြစ်ပြီး ရန်ကုန်လေဆိပ်နဲ့ AD လိုင်စင်ရဘဏ် Money Changer ကောင်တာတွေမှာ နိုင်ငံခြားငွေကို ရောင်းချပေးနေတယ်လို့ သိရပါတယ်။

ပြည်ပကို သွားရောက် အလုပ်လုပ်ကိုင်ဖို့၊ ဆေးကုသဖို့၊ ပညာသင်ကြားဖို့နဲ့ ဘုရားဖူးသွားရောက်ဖို့ ထွက်ခွာမယ့်သူတွေအပြင် ပြည်ပနိုင်ငံအစိုးရနဲ့ အသင်းအဖွဲ့တွေရဲ့ ဖိတ်ကြားချက်အရ အစည်းအဝေးတက်ရောက်ဖို့ ထွက်ခွာမယ့်သူတွေကို နိုင်ငံခြားငွေ ရောင်းချပေးနေတာဖြစ်ပြီး ငွေလဲနှုန်းကတော့ ဗဟိုဘဏ်က နေ့စဉ် ကြေညာပေးနေတဲ့ FX Market Online Trading Rate အပေါ် ၁၀ ကျပ် ထပ်ဆောင်းထားတဲ့ နှုန်းထားလို့ သိရပါတယ်။

“အခု ဗဟိုဘဏ်ဈေးက တဒေါ်လာ ၃၆၆၀ ကျပ်ဆိုတော့ ၃၆၇၀ နဲ့ ရောင်းပေးမှာပေါ့။ တကယ်တမ်းကျ ဒေါ်လာ ၅၀၀ ဆိုတာက အသေးသုံးအတွက်လောက်ပဲ လုံလောက်တာ။ ပညာသင်စရိတ်၊ ဆေးကုသစရိတ်၊ အလုပ်ကိစ္စနဲ့ သွားရမယ့်သူတွေ အတွက်ကတော့ အမှန်တကယ် လိုအပ်ချက်ထက် အများကြီး နည်းပါးနေသေးတယ်။ ပြည်ပထွက်တယ်ဆိုရင် show many က ၁၀၀၀ ပြရတာ။ ဒီတော့ မလောက်ရင် ပြင်ပကပဲ ဝယ်ရနိုင်တယ်။ ဒါကြောင့် အပြင်ဈေးကွက်အပေါ် သက်ရောက်မှု မရှိသလောက်ဘဲလို့ ပြောလို့ရတယ်။ ဒေါ်လာ ပြင်‌ပပေါက်ဈေးကလည်း ၅၀၀၀ နီးပါး ဖြစ်နေပြီဆိုတော့ ဗဟိုဘဏ်ရဲ့ ဒီလုပ်ဆောင်ချက်က ထိရောက်မှု နည်းနိုင်တယ်လို့ သုံးသပ်လို့ရတယ်” လို့ မြန်မာ့စီးပွားရေး လေ့လောစောင့်ကြည့်သူက ပြောပါတယ်။

အခုလို တရားဝင်စျေးနှုန်းနဲ့ နိုင်ငံခြားငွေ ရောင်းချပေးတာဟာ သာမန် ခရီးသွားတွေအတွက် အတိုင်းအတာတခုအထိ အထောက်အကူ ပြုနိုင်ပေမယ့် အမှန်တကယ် ဒေါ်လာအမြောက်အများ လိုအပ်နေသူတွေကတော့ ပြင်ပ မှောင်ခိုစျေးကွက်ကိုသာ ဆက်လက် အားကိုးနေရဦးမှာဖြစ်ပြီး တရားမဝင် ငွေလဲလှယ်သူတွေရဲ့ ဈေးကစားမှုကို အလုံးစုံ ထိန်းချုပ်ဖို့အတွက် ခက်ခဲနိုင်တယ်လို့ သူက ပြောပါတယ်။

“နောက်တချက်က ဒီလို ရောင်းချပေးမှုက အမှန်တကယ် လိုအပ်သူတွေထက် ပြန်လည်ရောင်းချမယ့် စျေးကစားသူတွေရဲ့ လက်ထဲကို ရောက်သွားမလားပေါ့။ ဒါကလည်း ဖြစ်လေ့ဖြစ်ထ ရှိတာဆိုတော့ အခု လေဆိပ်နဲ့ ကောင်တာတွေမှာ နိုင်ငံခြားငွေ ရောင်းချတဲ့အစီအစဉ်က စိစစ်မှုအပိုင်း ဘယ်လောက်အထိ ထိထိရောက်ရောက် ရှိနိုင်မလဲဆိုတာ စောင့်ကြည့်ရမှာပေါ့” လို့ သူက ပြောပါတယ်။

လက်ရှိမှာ ဗဟိုဘဏ်အနေနဲ့ စက်သုံးဆီ၊ စားသုံးဆီနဲ့ ဆေးဝါးတင်သွင်းတဲ့ လုပ်ငန်းရှင်တွေအတွက် လိုအပ်တဲ့ နိုင်ငံခြားငွေကို Online Trading Platform မှတဆင့် လစဉ် သန်းနဲ့ချီ ရောင်းချပေးနေပြီး အဲဒီလို ရောင်းချရာမှာလည်း ပုံသေဈေးမဟုတ်ဘဲ ဈေးကွက်အခြေအနေအရ သတ်မှတ်တဲ့ Online Trading Rate နဲ့ ရောင်းချပေးတာလို့ သိရပါတယ်။

ဗဟိုဘဏ်အနေနဲ့ နိုင်ငံခြားငွေ ဈေးနှုန်းတွေ မြင့်တက်မှုမရှိအောင် ထိန်းကျောင်းနေပေမယ့် လက်ရှိမှာ အမေရိကန်ဒေါ်လာ အပါအဝင် ငွေလဲဈေးတွေ မြင့်တက်နေတာဖြစ်ပြီး အကြောင်းရင်းကတော့ မူဝါဒအပြောင်းအလဲနဲ့ ကန့်သတ်ချက်တွေကြောင့် ဖြစ်တယ်လို့ ငွေကြေးဈေးကွက် ကျွမ်းကျင်သူတွေက ပြောပါတယ်။

“လက်ရှိက ပြည်တွင်းမှာ ပို့ကုန်ရငွေ လျော့နည်းလာတယ်။ ပုံမှန် ဝင်ရောက်နေတဲ့ ဒေါ်လာစီးဆင်းမှု လမ်းကြောင်းတွေ ကျဉ်းမြောင်းနေတယ်။ နောက်တချက် ဒေါ်လာဝယ်လိုအားကလည်း အလွန်အမင်း မြင့်တက်လာနေတဲ့ အချိန်။ အခုက အကြောင်းအမျိုးမျိုးနဲ့ ပြည်ပ ထွက်ခွာသူတွေလည်း ရှိနေသလို ကျပ်ငွေတန်ဖိုးအပေါ် ယုံကြည်မှု ကျဆင်းလာကြတဲ့သူ အများစုကလည်း ဒေါ်လာနဲ့ ရွှေကို ပြောင်းလဲ စုဆောင်းလာကြတာရှိတယ်။ ဆိုတော့ ဒေါ်လာလိုအပ်ချက် များပြားနေတဲ့အတွက် ဈေးတွေ အတက်ဘက်ရောက်လာတာ” လို့ ဈေးကွက် ကျွမ်းကျင်သူ တယောက်က ပြောပါတယ်။

မကြာသေးမီက နိုင်ငံတကာငွေကြေးခဝါချမှု စောင့်ကြည့်အရေးယူရေးအဖွဲ့ (FATF) ရဲ့ မြန်မာနိုင်ငံအပေါ် ဆုံးဖြတ်ချက်တွေနဲ့ ကျပ်ငွေတန်ဖိုး ကျဆင်းလာတာတွေကြောင့် ပြည်တွင်းမှာ ဒေါ်လာနဲ့ ရွှေအပေါ် ဝယ်လိုအား ပိုမို မြင့်တက်နေတာလို့ သူက ပြောပါတယ်။

လက်ရှိမှာ ဗဟိုဘဏ်က အသေးသုံး ဒေါ်လာငွေသားတွေကို ရောင်းချပေးနေတာဟာ ပြည်ပထွက်မယ့်သူတွေအတွက် အတိုင်းအတာတခုအထိ အဆင်ပြေစေနိုင်ပေမယ့်လည်း အခြေခံ အကြောင်းရင်းဖြစ်တဲ့ ဒေါ်လာရှားပါးမှုနဲ့ ကျပ်ငွေတန်ဖိုး ကျဆင်းမှုကို မဖြေရှင်းနိုင်သရွေ့ ပြင်ပ မှောင်ခိုဈေးကွက်ကို ထိန်းချုပ်နိုင်ဖို့ ခက်ခဲနေဦးမယ်လို့ သူက ပြောပါတယ်။

Photo – CJ

မူရင်းသတင်း — Voice of Myanmar