၄.၁၁.၂၀၂၆
Written by Linn Eain
၂၀၂၆ ခုနှစ် Quiz on Korea ကမ္ဘာ့ပြိုင်ပွဲ၌ နောက်ဆုံးဗိုလ်စွဲခဲ့သည့် မြန်မာကိုယ်စားလှယ် မဆုလာဘ်ဝေအား ကိုရီးယားနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး၏ ဂုဏ်ပြုလက်မှတ်ကို မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသံအမတ်ကြီး မစ္စတာ Bae Byeongsoo က နိုဝင်ဘာ ၂ ရက်တွင် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ကိုရီးယားသမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် KBS တို့ ပူးပေါင်းကျင်းပသည့် Quiz on Korea သည် ကမ္ဘာ့နိုင်ငံအသီးသီးမှ ပါဝင်ယှဉ်ပြိုင်သူများက ကိုရီးယားဘာသာစကား၊ သမိုင်းနှင့် ယဉ်ကျေးမှုဆိုင်ရာ ဗဟုသုတများကို ယှဉ်ပြိုင်ဖြေဆိုကြပြီး ကိုရီးယားနိုင်ငံအပေါ် နားလည်မှုနှင့် စိတ်ဝင်စားမှုများကို မျှဝေကြသည့် နိုင်ငံတကာ ဉာဏ်စမ်းပြိုင်ပွဲတစ်ခုဖြစ်သည်။
မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသမ္မတနိုင်ငံသံရုံးသည် ၂၀၂၆ Winner ဆုရှင်အား သံရုံးသို့ဖိတ်ကြား၍ ကိုရီးယားသမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး၏ ဂုဏ်ပြုလက်မှတ်ကို ပေးအပ်ချီးမြှင့်ခဲ့ပြီး ယခုကဲ့သို့ အောင်မြင်မှုရရှိရန် ကြိုးစားအားထုတ်ခဲ့မှုနှင့် စိတ်အားထက်သန်မှုတို့အတွက် ဂုဏ်ပြုချီးကျူးစကားများ ပြောကြားခဲ့ကြောင်း သိရသည်။
၂၀၂၆ ပြိုင်ပွဲအတွက် မြန်မာနိုင်ငံ ဒေသတွင်းအဆင့် ရွေးချယ်ရေးပြိုင်ပွဲကို ဇွန် ၂၇ ရက်တွင် မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသမ္မတနိုင်ငံသံရုံးက ကျင်းပခဲ့ပြီး ဒေသတွင်းပြိုင်ပွဲတွင် အနိုင်ရရှိခဲ့သည့် မြန်မာကိုယ်စားလှယ်သည် မြန်မာနိုင်ငံကိုယ်စားပြု၍ စက်တင်ဘာလအတွင်း ကိုရီးယားနိုင်ငံ၌ ကျင်းပခဲ့သည့် ကမ္ဘာ့ပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။
၂၀၂၆ ခုနှစ် Quiz on Korea ကမ္ဘာ့ပြိုင်ပွဲတွင် နိုင်ငံပေါင်း ၂၃ နိုင်ငံမှ ကိုယ်စားလှယ်များ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး အဆင့်ဆင့်သော ပြိုင်ပွဲများကို ဖြတ်ကျော်ကာ နောက်ဆုံးပြိုင်ပွဲဝင် ၈ ဦးသာ ဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့ကြောင်း သိရသည်။
မြန်မာကိုယ်စားလှယ်သည် နိုင်ငံအသီးသီးမှ ထူးချွန်သည့် ပြိုင်ပွဲဝင်များနှင့်အတူ မိမိ၏ အရည်အချင်းနှင့် ဗဟုသုတများကို အကောင်းဆုံး ပြသယှဉ်ပြိုင်ခဲ့ပြီး ၂၀၂၆ ခုနှစ် Quiz on Korea ကမ္ဘာ့ပြိုင်ပွဲ၏ နောက်ဆုံးဗိုလ်စွဲသူအဖြစ် ဂုဏ်ယူဖွယ်အောင်မြင်မှုကို ရရှိခဲ့ကြောင်း ကိုရီးယားသံရုံးက ထုတ်ပြန်ခဲ့သည်။