Myanmar Transparency News

မြန်မာ့အထည်အလိပ်နှင့် စက်ယန္တရား ကုန်စည်ပြပွဲ ၂၀၂၆ ကို ဒီဇင်ဘာလတွင် ပြုလုပ်မည်ဖြစ်ပြီး တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံရှိအထည်ချုပ်လုပ်ငန်းရှင် ၁၀၀ ခန့် လာရောက်ပြသမည်

၄.၁၁.၂၀၂၆
Written by NYL

“မြန်မာ့အထည်အလိပ်နှင့် စက်ယန္တရားကုန်စည်ပြပွဲ ၂၀၂၆ ” ( MYANMAR INTERNATIONAL TEXTILE AND MACHINERY FAIR 2026) ကို ဒီဇင်ဘာတွင် ပြုလုပ်မည်ဖြစ်ပြီး တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံရှိအထည်ချုပ်လုပ်ငန်းရှင် ၁၀၀ ခန့် လာရောက်ပြသမည်ကြောင်း သိရသည်။

အဆိုပါ အထည်အလိပ်ဆိုင်ရာပြပွဲကျင်းပရန်နှင့် ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲကို နိုဝင်ဘာ ၄ ရက်၊ မွန်းလွဲ ၂ နာရီတွင် ရန်ကုန်မြို့၊ Time City Complex ရှိ CTGA Myanmarရုံးခန်းတွင် ပြုလုပ်ခဲ့သည်။

မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း (MGMA) ဥက္ကဌ ဦးမြင့်စိုးက ” MGMA အနေနဲ့ မြန်မာနိုင်ငံထုတ် အထည်ချုပ်ထုတ်ကုန်တွေအတွက် ဈေးကွက်အသစ်တွေဖော်ထုတ်နိုင်ဖို့လည်း တက်ကြွစွာ ဆောင်ရွက်နေပါတယ်။ မြန်မာ့အထည်ချုပ်လုပ်ငန်းရဲ့ စွမ်းဆောင်ရည် တွေကို နိုင်ငံတကာဝယ်ယူသူတွေ သိရှိလာစေဖို့ ကုန်စည်ပြပွဲတွေ၊ စီးပွားရေးလုပ်ငန်းချိတ်ဆက်ပွဲတွေ (Business Matching Events) နဲ့ နိုင်ငံတကာကုန်စည်ပြပွဲတွေမှာ ပါဝင်ပြသနိုင်ဖို့ စီစဉ်ဆောင်ရွက်ပေးနေပါတယ်။ နိုင်ငံတကာကွန်ရက်တွေနဲ့ ချိတ်ဆက်ဆောင်ရွက်ခြင်းကတစ်ဆင့် မြန်မာ့အထည်ချုပ်လုပ်ငန်းရဲ့ ဂုဏ်သတင်းနဲ့ ရပ်တည်မှုကို ကမ္ဘာ့အဆင့်မှာ ပိုမိုမြှင့်တင်နိုင်ဖို့၊ နိုင်ငံတကာမိတ်ဖက်တွေနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးချဲ့နိုင်ဖို့နဲ့ ပြည်တွင်းဈေးကွက်အပြင် နိုင်ငံတကာဈေးကွက်တွေကိုပါ ပိုမိုထိုးဖောက်ဝင်ရောက်နိုင်ဖို့ ကြိုးပမ်းနေပါတယ် ” ဟု ပြောကြားခဲ့သည်။

အဆိုပါပြပွဲကို မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း (MGMA)နှင့် Chinese Textile & Garment Association In Myanmar (CTGA) တို့ ပူးပေါင်းကာပြုလုပ်ခြင်းဖြစ်ပြီး ဒီဇင်ဘာလ ၄ ရက်မှ ၆ ရက်အထိ သုံးရက်ကြာ Inya Lake Hotelရှိ Yangon Convention Center (YCC) ၌ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

တရုတ်-မြန်မာနှစ်နိုင်ငံ အထည်အလိပ်နှင့် အထည်ချုပ်လုပ်ငန်းများ၊ မြန်မာနိုင်ငံနှင့် အာဆီယံနိုင်ငံများအကြား စီးပွားရေးဆိုင်ရာဆက်ဆံရေးများ၊ အလားအလာရှိသည့် စီးပွားရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများ ရေရှည်ပြုလုပ်နိုင်ရန်နှင့် မြန်မာနိုင်ငံအထည်ချုပ်ကဏ္ဍဖွံဖြိုးတိုးတက်ရန် ရည်ရွယ်၍ ၂၀၂၃ ခုနှစ်မှစတင်ကာ ယခုနှစ်အထိ လေးကြိမ်မြောက်ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း (MGMA) အတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်က “
မြန်မာ့အထည်အလိပ်နှင့် စက်ယန္တရား
ကုန်စည်ပြပွဲကို၂၀၂၃ ထဲက ကျင်းပလာတာဖြစ်ပြီး။ တစ်နှစ်ထက် တစ်နှစ်လာရောက်ကြည့်ရှုသူတိုးတက်များပြားလာပါတယ်။ ၂၀၂၅ တုန်းကပြပွဲဆိုရင် လူဦးရေ ၁၅၀၀ ကျော်အထိ လာရောက်ခဲ့ပါတယ် ” ဟု ပြောကြားခဲ့သည်။

ထိုပြပွဲတွင် တရုတ်နိုင်ငံမှ နာမည်ကြီးအမှတ်တံဆိပ် ၁၀ ခုခန့်နှင့် အထည်အလိပ်နှင့် အဝတ်အထည်၊ ဆက်စပ်ပစ္စည်းများ၊ အဝတ်အထည်ဆိုင်ရာ စက်ပစ္စည်းများပြသသူ ၁၀၀ ကျော်တို့မှ ၎င်းတို့၏ ထုတ်ကုန်များကို လာရောက်ပြသကြမည်ဖြစ်ပြီး မြန်မာ့အသေးစားအလတ်စားလုပ်ငန်းများ၏ Made in Myanmar ထုတ်ကုန်များကိုလည်း မြှင့်တင်သွားမည်ဖြစ်ကြောင်း သိရသည်။

ယခုနှစ်ပြပွဲတွင် မြန်မာ့အထည်ချုပ်လုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုနိုင်မည့် လုပ်ငန်းကဏ္ဍဆိုင်ရာ နောက်ဆုံးရသတင်းအချက်အလက်များ၊ တိုးတက်ပြောင်းလဲမှုများနှင့် လက်တွေ့ အသုံးချနိုင်သော ဗဟုသုတများကို မျှဝေပေးမည့် ဆွေးနွေးပွဲများ (Seminars) ကိုလည်း ထည့်သွင်းကျင်းပ သွားမည်ဖြစ်သည်။

စီးပွားရေးနှင့် လုပ်ငန်းကဏ္ဍဆိုင်ရာ လှုပ်ရှားမှုများအပြင် လာရောက်လည်ပတ်သူများအနေဖြင့် မြန်မာ့ရိုးရာ အကအလှ ဖျော်ဖြေတင်ဆက်မှုများမှတစ်ဆင့် မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များကို ခံစားလေ့လာနိုင်မည် ဖြစ်ပြီး ဖက်ရှင်ရှိုးများနှင့် ဝတ်စုံပြပွဲများကိုလည်း စိတ်ဝင်စားဖွယ်ကြည့်ရှုခံစားနိုင်မည်ဖြစ်ကာ အထူးအစီ အစဉ်အနေဖြင့် ပြည်တွင်းထုတ်ကုန်များနှင့် ပြည်တွင်းအမှတ်တံဆိပ်များကို အခြေခံထားသည့် ဖက်ရှင်ရှိုးများကိုလည်း ထည့်သွင်းတင်ဆက်သွားမည်ဖြစ်ပြီး “Made in Myanmar” ထုတ်ကုန်များကို ပိုမိုလူသိများလာစေရန်နှင့် ပြည်တွင်းစက်မှုလုပ်ငန်းများ၏ တီထွင်ဖန်တီးနိုင်စွမ်းနှင့် အလားအလာများကို ဖော်ထုတ်ပြသနိုင်ရန် ရည်ရွယ်ထားသည်။

မူရင်းသတင်း — Myanmar Transparency News