
ထိုက်စံ(NP News)-နိုဝင်ဘာ ၅
နေပြည်တော်တန်ဆောင်တိုင်ပွဲတော် ဓာတ်ပုံပြိုင်ပွဲကျင်းပမည်ဖြစ်ရာ ပထမဆုကို ကျပ်သိန်း(၅၀)ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
နေပြည်တော်ကောင်စီမှကြီးမှူး၍ “နေပြည်တော်တန်ဆောင်တိုင် ပွဲတော်ဓာတ်ပုံပြိုင်ပွဲ” ကို “မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့် တန်ဆောင်တိုင်ပွဲတော်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ “နေပြည်တော် တန်ဆောင်တိုင်ပွဲတော်နှင့်မြန်မာ့အလှ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ကျင်းပသွားမည်ဖြစ်ပြီး ပြိုင်ပွဲကို ပညာရှင်အဆင့်ဓာတ်ပုံပြိုင်ပွဲ (Professional/ Open)၊ ဝါသနာရှင်အဆင့်ဓာတ်ပုံပြိုင်ပွဲ (Camera/Phone Photography)၊ လူငယ်နှင့်ကျောင်းသား ဓာတ်ပုံပြိုင်ပွဲ (Youth Photography) ဟူ၍ ကျင်းပသွားမည်ဖြစ်ရာ စိတ်ပါဝင်စားသူ မည်သူမဆို သက်ဆိုင်ရာအဆင့်များတွင် ပါဝင်ယှဉ်ပြိုင်နိုင်ကြောင်း သိရသည်။
အဆိုပါ ပြိုင်ပွဲတွင် ပညာရှင်အဆင့်ဆုရရှိသူများကို ပထမဆု ငွေကျပ်သိန်း (၅၀)၊ ဒုတိယဆု ငွေကျပ်သိန်း (၄၀)၊ တတိယဆု ငွေကျပ်သိန်း (၃၀)၊ စတုတ္ထ ဆု ငွေကျပ်သိန်း (၂၀)၊ ပဉ္စမဆု ငွေကျပ် (၁၀) သိန်း၊ နှစ်သိမ့်ဆု (၃) ဆု ငွေကျပ် (၅) သိန်းစီဖြင့်လည်းကောင်း ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
ထိုပြင် ဝါသနာရှင်အဆင့်ဆုရရှိသူများ ကို ပထမဆု ငွေကျပ်သိန်း (၃၀)၊ ဒုတိယဆု ငွေကျပ်သိန်း (၂၀)၊ တတိယဆု ငွေကျပ် (၁၀) သိန်း၊ နှစ်သိမ့်ဆု (၅) ဆု ငွေကျပ် (၄) သိန်းစီ ဖြင့်လည်းကောင်း ချီးမြှင့်သွားမည့်အပြင် လူငယ်နှင့်ကျောင်းသားအဆင့် ဆုရရှိသူများကို ပထမဆု ငွေကျပ်သိန်း (၂၀)၊ ဒုတိယဆု ငွေကျပ် (၁၅) သိန်း၊ တတိယ ဆု ငွေကျပ် (၁၀) သိန်း၊ နှစ်သိမ့်ဆု (၅) ဆု ငွေကျပ် (၃) သိန်းစီဖြင့် လည်းကောင်း ချီးမြှင့်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
ယင်းပြိုင်ပွဲဝင်ဓာတ်ပုံများကို လာမည့် (နိုဝင်ဘာ ၂၅ ရက်)တွင် စတင်ပေးပို့ရမည်ဖြစ်ပြီး နိုဝင်ဘာ (၃၀) ရက်တွင် နောက်ဆုံးထားပေးပို့ရမည်ဖြစ်ပြီး အသေးစိတ်အချက်အလက် များကိုသိရှိလိုသူများအနေဖြင့် Nay Pyi Taw Council Facebook Page တွင် လည်းကောင်း၊ NPTDC Facebook Page နှင့် NPTDC Web portal တို့တွင်လည်းကောင်း ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း ထုတ်ပြန်ထားသည်။