၅.၁၁.၂၀၂၆
Written by Linn Eain
အကြိမ်(၁၅၀)မြောက်နှင့် အတွဲ(၃၀၀)ပြည့် ကျောက်ကပ်အစားထိုးခွဲစိတ်ကုသခြင်းကို နေပြည်တော်ရှိ အမှတ်(၂) တပ်မတော်ဆေးရုံကြီး (ခုတင် -၁၀၀၀)တွင် နိုဝင်ဘာ ၄ ရက်၊ နံနက်ပိုင်းက အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ ခွဲစိတ်ကုသမှုကို ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) ဆေးဝန်ထမ်းညွှန်ကြားရေးမှူးရုံး၏ ညွှန်ကြားမှုဖြင့် အမှတ် (၂) တပ်မတော်ဆေးရုံကြီး ခုတင် (၁၀၀၀)မှ ဆီးနှင့် ကျောက်ကပ်ကုသမှုနှင့် ခွဲစိတ်ကုပါရဂူများ၊ နှလုံးနှင့်သွေးကြော ခွဲစိတ်ကုသမှု ပါရဂူများ၊ မေ့ဆေးပါရဂူများ၊ အထူးကြပ်မတ်ကုသမှုပါရဂူများနှင့် ကျွမ်းကျင်သူနာပြုများ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျောက်ကပ်အစားထိုး ခွဲစိတ်ကုသမှုမှာ အောင်မြင်ပြီး လူနာနှင့် ကျောက်ကပ်အလှူရှင်များ၏ ခွဲစိတ်ပြီး ကျန်းမာရေးအခြေအနေမှာ တိုးတက် ကောင်းမွန်လျက်ရှိကာ လိုအပ်သည့် ဆေးဝါးကုသပြုစုမှုများကို အချိန်နှင့် တစ်ပြေးညီ ဆက်လက်ကုသပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ကျောက်ကပ်အစားထိုးခွဲစိတ်ကုသမှုများအား နေပြည်တော်၊ ရန်ကုန်၊ ပြင်ဦးလွင်၊ အောင်ပန်းမြို့တို့ရှိ တပ်မတော်ဆေးရုံများတွင် တပ်မတော်သားများ၊ မိသားစုဝင်များနှင့် ဒေသခံပြည်သူများအား ခွဲစိတ်ကုသပေးခြင်းဆောင်ရွက်လျက်ရှိပြီး ကျောက်ကပ်အစားထိုး ခွဲစိတ်ကုသခြင်းကို အမှတ်(၂)တပ်မတော်ဆေးရုံကြီး (ခုတင်-၁၀၀၀) ၌ ၂၀၁၆ ခုနှစ် ဩဂုတ်လ ၈ ရက်တွင် ပထမဆုံး အကြိမ် စတင်ခွဲစိတ်ကုသခဲ့ပြီး ယခုခွဲစိတ်မှုအပါအဝင် အတွဲပေါင်း ၃၀၀ ပြည့်မြောက်ခဲ့ပြီဖြစ်ကြောင်း သိရသည်။