Myanmar National Post

တောင်သူများအနေဖြင့် ထွန်ယက် ရိတ်သိမ်းရေးလုပ်ငန်းများ အချိန်မီဆောင်ရွက်နိုင်ရန် စက်သုံးဆီလိုအပ်မှုရှိပါက ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများမှတဆင့် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ထံသို့ တင်ပြရန်လိုအပ်



နေပြည်တော်၊ နိုဝင်ဘာ ၅

တောင်သူများအနေဖြင့် ထွန်ယက် ရိတ်သိမ်းရေးလုပ်ငန်းများ အချိန်မီဆောင်ရွက်နိုင်ရန်အတွက် စက်သုံးဆီလိုအပ်မှုရှိပါက ယခင်နှစ်ကဲ့သို့ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးနိုင်ရန်အတွက် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများမှတဆင့် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ထံသို့ လည်းကောင်း၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ ထံသို့ လည်းကောင်း တင်ပြ ဆောင်ရွက်ရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ဖြေကြားထားသည်။

Myanmar National Post မှ မိုးစပါးရိတ်သိမ်းကာလ ဆီဆိုင်များတွင် တောင်သူများ ဆီဝယ်ယူရာတွင် အဆင်မပြေမှုများ ဖြစ်ပေါ်လျက်ရှိကြောင်း မေးမြန်းရာ သက်ဆိုင်ရာ ဝန်ကြီးဌာနက -

ပြည်ထောင်စုနယ်မြေအတွင်းရှိ တောင်သူပိုင်ထွန်စက်များနှင့် ရိတ်သိမ်းခြွေလှေ့စက် များသည် ပရီမီယမ်ဒီဇယ် (PHSD)ကိုသာ အသုံးပြု၍ ထွန်ယက်ရိတ်သိမ်းရေးလုပ်ငန်း များကို လုပ်ကိုင် ဆောင်ရွက်လျက်ရှိသည်ဟု သိရှိရပါကြောင်း၊ ပျဉ်းမနားမြို့နယ်နှင့် လယ်ဝေးမြို့နယ်အပါအဝင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် အတွင်း ယခင်နှစ် ၂၀၂၅ - ၂၀၂၆ ခုနှစ် နွေစပါးစိုက်ပျိုးရာသီတွင် ဆီလိုအပ်မှု ဖြစ်ပေါ် သည့်အတွက် တောင်သူများ တင်ပြမှုအရ မြို့နယ်စိုက်ပျိုးရေး၊ မွေးမြူရေးကြီးကြပ်မှု အဖွဲ့မှ ဆီဆိုင်များနှင့် ပေါင်းစပ်ညှိနှိုင်း၍ ထောက်ခံချက်များ ပြုလုပ်ပေးကာ မိုးစပါး စိုက်ဧကအပေါ်အခြေခံ၍ (၁)ဧကလျှင် (၂)ဂါလံနှုန်းဖြင့် စက်သုံးဆီဆိုင်များသို့ သွားရောက် ဝယ်ယူစေခဲ့ခြင်း၊ ကျေးရွာအရောက် ရေနံကြီးကြပ် အဖွဲ့များဖြင့် ပေါင်းစပ် ညှိနှိုင်း၍ လိုက်လံရောင်းချမှုများ ပြုလုပ်ပေးခဲ့ရာ ပြေလည်မှုရရှိခဲ့သည်ဟု စုံစမ်းသိရှိရပါကြောင်း၊ ပျဉ်းမနားမြို့နယ်နှင့် လယ်ဝေးမြို့နယ်အပါအဝင် ပြည်ထောင်စုနယ်မြေအတွင်း စက်သုံးဆီ အရောင်းဆိုင်များအနေဖြင့် စိုက်ပျိုးရေးလုပ်ငန်းများအတွက် တောင်သူများအား စက်သုံးဆီရောင်းချရာတွင် နေပြည်တော် ရေနံထွက်ပစ္စည်းစစ်ဆေးကြီးကြပ်ရေးဦးစီး ဌာန၏ ညွှန်ကြားချက်နှင့်အညီ ထွန်စက်များအတွက် လည်းကောင်း၊ တောင်သူများ အသုံးပြုသည့် ရေစုတ်စက်အပါအဝင် စက်များ အတွက် လည်းကောင်း သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၏ ထောက်ခံချက်နှင့်အတူ ရောင်းချပေး လျက်ရှိသည်ဟု စုံစမ်းသိရှိရပါကြောင်း ဖြေကြားထားသည်။

ထိုသို့ ရောင်းချပေးလျက်ရှိသော်လည်း စက်သုံးဆီအရောင်းဆိုင်များအနေဖြင့် နေပြည်တော် ရေနံထွက်ပစ္စည်းစစ်ဆေးကြီးကြပ်ရေးဦးစီးဌာန ၏ ပုံမှန်စက်သုံးဆီခွဲတမ်း (PO-Purchase Order) ရရှိမှုပေါ်မူတည်၍ ညွှန်ကြားချက်နှင့်အညီ QR Scan ဖတ်၍ ကားနှင့်ဆိုင်ကယ်များအား ဦးစားပေး ရောင်းချပေးရသည့်အတွက် ဆီခွဲတမ်းနည်းသည့် အခါ စိုက်ပျိုးရေးသုံး စက်သုံးဆီများအား တခါတရံ အပြည့်အဝ ရောင်းချပေးနိုင်မှု မရှိသည်ကို စုံစမ်းသိရှိရပါကြောင်း၊ ၂၀၂၆-၂၀၂၇ ခုနှစ်၊ မိုးစပါးရိတ်သိမ်းချိန်ကာလတွင် စိုက်ပျိုးရေးလုပ်ငန်းအတွက် ထွန်ယက် ရိတ်သိမ်းရေးလုပ်ငန်းများ အချိန်မီဆောင်ရွက်နိုင်ရေး ထွန်စက်များနှင့် ရိတ်သိမ်းချွေလှေ့စက်များအတွက် စက်သုံးဆီ လိုအပ်ချက်များအား မြို့နယ်စီမံခန့်ခွဲရေး နှင့် အုပ်ချုပ်ရေးကော်မတီထံသို့ လည်းကောင်း၊ မြို့နယ်စိုက်ပျိုးရေး၊ မွေးမြူရေး ကြီးကြပ်မှုအဖွဲ့များထံသို့ လည်းကောင်း မည်သူမျှ တင်ပြထားခြင်း မရှိသည်ကို စုံစမ်း သိရှိရပါကြောင်း ဖြေကြားထားသည်။

ဝန်ကြီးဌာန၏ ဖြေကြားချက်တွင် တောင်သူများအနေဖြင့် ထွန်ယက် ရိတ်သိမ်းရေးလုပ်ငန်းများ အချိန်မီဆောင်ရွက်နိုင်ရန်အတွက် စက်သုံးဆီလိုအပ်မှုရှိပါက ယခင်နှစ်ကဲ့သို့ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးနိုင်ရန်အတွက် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများမှတဆင့် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ထံသို့ လည်းကောင်း၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ ထံသို့ လည်းကောင်း တင်ပြ ဆောင်ရွက်ရန် ဖြေကြားထားခြင်းဖြစ်သည်။


#News #Myanmar



မူရင်းသတင်း — Myanmar National Post