
ဒီမိုကရက်များက နိုဝင်ဘာ ၃ ရက် သက်တမ်းဝက်ရွေးကောက်ပွဲတွင် ပြတ်ပြတ်သားသားအနိုင်ရသဖြင့် အမေရိကန်ကွန်ဂရက်ကို အပြည့်အဝထိန်းချုပ်တော့မည်ဖြစ်သည်။
သက်တမ်းဝက်ရွေးကောက်ပွဲတွင် ကမောက်ကမရလဒ်များ ထွက်ပေါ်ကာ ဒီမိုကရက်များ ပြတ်ပြတ်သားသားအနိုင်ရခဲ့ခြင်းက သမ္မတဒေါ်နယ်ထရန့်နှင့် သူ၏ရီပတ်ဘလီကင်ပါတီတို့ကို ပြင်းပြင်းထန်ထန် အပြစ်တင်ရမည့်အနေအထားဖြစ်လာစေခဲ့သည်။
အနိုင်ရရှိခြင်းကြောင့် ဒီမိုကရက်များက အောက်လွှတ်တော်ကိုလည်းကောင်း၊ အထက်လွှတ်တော်ဖြစ်သည့် ဆီးနိတ်ကိုလည်းကောင်း ထိန်းချုပ်မည်ဖြစ်ရာ ဒီမိုကရက်တို့က ထရန့်၏လုပ်ငန်းစဉ်များကို ပိတ်ဆို့ရန် အခွင့်အာဏာရှိသွားပြီဖြစ်သကဲ့သို့ ထရန့်၏သမ္မတသက်တမ်း နောက်ဆုံးနှစ်နှစ်တွင် အဂတိလိုက်စားမှုရှိသည်ဟူသောကိစ္စများကိုပါ စုံစမ်းစစ်ဆေးရန် အခွင့်အာဏာရှိသွားပြီဖြစ်သည်။
ယခုရွေးကောက်ပွဲက နေထိုင်စရိတ်မြင့်တက်မှုများ၊ အီရန်ကို ထရန့်၏ စစ်ပွဲဆင်နွှဲမှုတို့နှင့်ပတ်သက်၍ အမေရိကန်ပြည်သူတို့ အလွန်ဒေါသထွက်နေသော အနေအထားကို ထင်ဟပ်စေခဲ့သည်။ အီရန်ကို ထရန့်၏ စစ်ပွဲဆင်နွှဲမှုက လောင်စာဈေးများကို ထောင်တက်သွားစေသည်။ သမ္မတ ထရန့်ကို လူကြိုက်များမှု သိသိသာသာကျဆင်းနေချိန်တွင် လောင်စာဈေးများ မြင့်တက်နေခြင်းဖြစ်သည်။
ရွေးကောက်ပွဲရလဒ်များကို မေးခွန်းထုတ်တတ်သည့် သမိုင်းကြောင်းရှိနေသည့်တိုင် ထရန့်က ယခုတစ်ကြိမ်တွင် ပြေရာပြေကြောင်းပြောခဲ့သည်။
"ကျွန်တော်က ဒီရလဒ်တွေကို လုံးလုံးလက်ခံပါတယ်။ ဒီမိုကရက်တွေနဲ့အတူ တွဲလုပ်သွားမယ်လို့ ကတိပေးပါတယ် "ဟု ထရန့်က နယူးယောက်တိုင်း(မ်) သတင်းစာကို ပြောကြားခဲ့သည်။
သို့သော် မိနစ်အနည်းငယ်အကြာတွင် ထရန့်က ဥပဒေပြဋ္ဌာန်းရေးအတွက် ဒီမိုကရက်များ၏ ကြိုးပမ်းအားထုတ်မှုများကို မိမိမည်သို့မည်ပုံ ဆောင်ရွက်ရန်ရည်ရွယ်ထားသလဲဆိုသည်ကို အနီရောင် ဘေ့ဘောစ်ဦးထုပ်ပုံနှင့်အတူ ဗီတိုဟူသော စာသားကို ဆိုရှယ်မီဒီယာ၌ ပို့စ်တင်ခဲ့သည်။
ကန်းဆက်တွင် ဆီးနိတ်နေရာအတွက် ဒီမိုကရက် အဒမ်ဟာမီလ်တန်က ရီပတ်ဘလီကင် ရော်ဂျာမာရှယ်ကို အနိုင်ရသဖြင့် ကန်းဆက်၌ ၁၉၃၂ ခုနှစ်နောက်ပိုင်း ပထမဆုံးဒီမိုကရက်တစ်ဦး ဆီးနိတ်အတွက် ရွေးကောက်ခံရခြင်းဖြစ်သည်။
၂၀၀၈ ခုနှစ်ကတည်းက ဒီမိုကရက် အထက်လွှတ်တော်အမတ်ကို ရွေးကောက်ခဲ့ခြင်းမရှိသော အိုင်အိုဝါသည် ယခုသက်တမ်းဝက်ရွေးကောက်ပွဲတွင် ဒီမိုကရက်တစ်ဦးကို ရွေးချယ်ခဲ့သည်။ အိုင်အိုဝါသည် ရီပတ်ဘလီကင်တို့၏ အမာခံနယ်မြေဖြစ်သည်။
ထို့အပြင် ထရန့်က ရီပတ်ဘလီကင်အတွက် ပြင်းပြင်းထန်ထန်စည်းရုံးရေးဆင်းခဲ့သည့် တက္ကဆက်၊ တောင်ကာရိုလိုင်းနား၊ မြောက်ကာရိုလိုင်းနား၊ အိုဟိုင်ယိုတို့တွင်လည်း ဒီမိုကရက်များ အောင်ပွဲခံခဲ့သည်။
Ref: AFP