Yangon Media Group

“တရားမဝင်မဲပေးသူများကို ရှာဖွေဖမ်းဆီးသွားမည်” ဟု ထရမ့်အစိုးရသတိပေး

#World_News
Published 04 November 2026

■ အမေရိကန်မှာ ၂၀၂၆ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ စတင်ကျင်းပနေချိန်မှာ မဲပေးခွင့်မရှိဘဲ တရားမဝင် မဲပေးသူတွေကို ရှာဖွေဖော်ထုတ်ပြီး အရေးယူသွားမယ်လို့ သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ အစိုးရအဖွဲ့က ပြင်းပြင်းထန်ထန် သတိပေးလိုက်ပါတယ်။

■ အမေရိကန်ပြည်ထောင်စု အမိမြေလုံခြုံရေးဝန်ကြီးဌာန (DHS) ရဲ့ ဝန်ကြီး Markwayne Mullin ကတော့ အမေရိကန်ရွေးကောက်ပွဲတွေမှာ အမေရိကန်နိုင်ငံသားတွေပဲ မဲပေးခွင့်ရှိသင့်တယ်လို့ ပြောဆိုခဲ့ပါတယ်။

■ “ဒီနိုင်ငံမှာ မဲပေးခွင့်မရှိဘဲ တရားမဝင် မဲပေးခဲ့မယ်ဆိုရင် DHS က ခင်ဗျားတို့ကို ဘယ်နေရာမှာရှိရှိ ရှာဖွေဖော်ထုတ်သွားမယ်။ နောက်ဆုံးအနေနဲ့ ဥပဒေအရ အပြင်းထန်ဆုံး အရေးယူသွားမယ်။ အမေရိကန်ရွေးကောက်ပွဲကို ဆုံးဖြတ်ပိုင်ခွင့်ရှိတာ အမေရိကန်နိုင်ငံသားတွေပဲ ဖြစ်သင့်တယ်။”

■ အမေရိကန်တရားရေးဝန်ကြီးဌာန (DOJ) ကလည်း ရွေးကောက်ပွဲနေ့မှာ မဲပေးမှုတွေ လွတ်လပ်ပြီး မျှတမှုရှိစေရေး စောင့်ကြည့်ဖို့အတွက် နိုင်ငံတစ်ဝန်း မဲရုံစောင့်ကြည့်သူနဲ့ လေ့လာစောင့်ကြည့်သူ စုစုပေါင်း ၁,၀၀၀ ကျော်ကို စေလွှတ်သွားမယ်လို့ ကြေညာခဲ့ပါတယ်။

■ ဒါ့အပြင် တရားရေးဝန်ကြီးဌာနရဲ့ နိုင်ငံသားအခွင့်အရေးဌာန လက်ထောက်ရှေ့နေချုပ် Harmeet K. Dhillon က X မှာ အခုလိုရေးသားခဲ့ပါတယ်။

■ “ရွေးကောက်ပွဲနေ့မှာ ပျော်ရွှင်စရာနေ့လေးဖြစ်ပါစေ။ လွတ်လပ်ပြီး မျှတတဲ့ရွေးကောက်ပွဲဖြစ်စေဖို့ ကျွန်မတို့ဌာနက ပြည်နယ် ၅၀ လုံးကို စောင့်ကြည့်သူ ၁,၀၀၀ ကျော် စေလွှတ်နေပါတယ်။ အမေရိကန်နိုင်ငံသားတိုင်းရဲ့ မဲတစ်မဲစီဟာအရေးပါပြီး ရေတွက်ခံရသင့်ပါတယ်။”

■ မဲပေးရာမှာ အခက်အခဲ ဒါမှမဟုတ် မသမာမှုတစ်စုံတစ်ရာ ကြုံတွေ့ရရင် သက်ဆိုင်ရာ ဒေသခံရွေးကောက်ပွဲတာဝန်ရှိသူတွေ ဒါမှမဟုတ် တရားရေးဝန်ကြီးဌာနကို တိုင်ကြားကြဖို့လည်း သူက တိုက်တွန်းထားပါတယ်။

■ တရားရေးဝန်ကြီးဌာနရဲ့ ပြောကြားချက်အရ ဒီစောင့်ကြည့်ရေးအစီအစဉ်ဟာ ဌာနသမိုင်းတစ်လျှောက် အကြီးမားဆုံး ရွေးကောက်ပွဲစောင့်ကြည့်ရေး လုပ်ငန်းစဉ်ဖြစ်သလို ပြည်နယ် ၅၀ လုံးမှာ တစ်ပြိုင်နက် စောင့်ကြည့်သူတွေ စေလွှတ်တာဟာလည်း ပထမဆုံးအကြိမ် ဖြစ်တယ်လို့ သိရပါတယ်။ 

Source-Wion

မူရင်းသတင်း — Yangon Media Group