MyTech Myanmar

တရုတ် က AI အရာရှိကို Nvidia CEO ကို သူလျှို လုပ်ခိုင်းခဲ့တယ်လို့ သတင်းထွက်

အမေရိကန် ထောက်လှမ်းရေး အေဂျင်စီတွေရဲ့ အဆိုအရ နာမည်ကြီး နည်းပညာကုမ္ပဏီ Nvidia ရဲ့ အမှုဆောင်အရာရှိချုပ် ဂျန်ဆန်ဟွမ်ကို တရုတ်သူလျှိုအဖြစ် စွပ်စွဲခံထားရတဲ့ အမျိုးသမီးတစ်ဦးက ပစ်မှတ်ထား ချဉ်းကပ်ခဲ့တယ်လို့ သိရပါတယ်။ အဲဒီ အမျိုးသမီးဟာ စင်ကာပူအခြေစိုက် ဒေတာစင်တာကုမ္ပဏီ Megaspeed ရဲ့ အမှုဆောင်အရာရှိ အဲလစ်စ်ဟွမ် ဖြစ်ပြီး သူမဟာ ပေကျင်းကို စီးပွားရေးဆိုင်ရာ အချက်အလက်တွေ ပေးပို့နေတဲ့ တရုတ်ထောက်လှမ်းရေးတစ်ဦး ဖြစ်တယ်လို့ အမေရိကန် တာဝန်ရှိသူတွေက သတ်မှတ်ထားပါတယ်။

 

စောင့်ကြည့်မှုတွေ လုပ်ဆောင်ရာမှာ အဲလစ်စ်ဟွမ်ဟာ ဂျန်ဆန်ဟွမ်နဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး တည်ဆောက်ခဲ့တာကို တွေ့ရှိခဲ့ပါတယ်။ ဂျန်ဆန်ဟွမ်ဟာ AI နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ပတ်သက်ပြီး ဒေါ်နယ်ထရမ့်နဲ့ နီးကပ်တဲ့ မိတ်ဖက်ဆက်ဆံရေး ရှိနေတဲ့အတွက် အခုလို တရုတ်သူလျှိုလို့ သံသယရှိခံရသူနဲ့ ရင်းနှီးနေမှုအပေါ် အိမ်ဖြူတော် တာဝန်ရှိသူတွေက စိုးရိမ်နေကြပါတယ်။ ဒါ့အပြင် အဲလစ်စ်ဟွမ်ဟာ အမေရိကန်က တားမြစ်ထားတဲ့ ကြားကနေ တရုတ်နိုင်ငံကို အဆင့်မြင့် AI ချစ်ပ်တွေ ခိုးသွင်းဖို့ ကူညီပေးနေတယ်လို့လည်း သံသယရှိခံထားရပါတယ်။

 

ဒီကိစ္စနဲ့ ပတ်သက်ပြီး Nvidia ကုမ္ပဏီဘက်ကတော့ သူတို့ရဲ့ အမှုဆောင်အရာရှိချုပ်နဲ့ အဲလစ်စ်ဟွမ်တို့ရဲ့ ဆက်ဆံရေးဟာ ပုံမှန် ဖောက်သည်တွေနဲ့ ဆက်ဆံတာမျိုးသာ ဖြစ်တယ်လို့ တုံ့ပြန်ထားပါတယ်။ ဂျန်ဆန်ဟွမ်ဟာ နှစ်စဉ် ဖောက်သည်ကုမ္ပဏီတွေက အမှုဆောင်အရာရှိ ထောင်နဲ့ချီတဲ့ သူတွေနဲ့ တွေ့ဆုံလေ့ရှိပြီး Megaspeed ကိုလည်း သာမန် စီးပွားရေးဆိုင်ရာ အချက်အလက်တွေကိုသာ ပေးအပ်ခဲ့တာဖြစ်ကာ အမျိုးသားလုံခြုံရေးနဲ့ သက်ဆိုင်တဲ့ လျှို့ဝှက်ချက်တွေ ပေးအပ်ခဲ့တာ မရှိဘူးလို့ ရှင်းလင်းပြောကြားထားပါတယ်။

Ref : The Guardian

မူရင်းသတင်း — MyTech Myanmar