Myanmar National Post

ကျိုက်ထိုမြို့နယ်၌ (၂၀၂၆-၂၀၂၇) ပညာသင်နှစ် Grade-5 ပြီးမြောက်ခြင်းဆိုင်ရာ စာမေးပွဲ မြို့နယ်အဆင့် ဆင့်ပွားအလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်




ကျိုက်ထို၊ နိုဝင်ဘာ  ၇

မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်၌ (၂၀၂၆-၂၀၂၇) ပညာသင်နှစ် Grade-5 ပြီးမြောက်ခြင်းဆိုင်ရာ စာမေးပွဲ မြို့နယ်အဆင့် ဆင့်ပွားအလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက အမှတ်(၂) အခြေခံ ပညာအထက်တန်းကျောင်း(စိန်ပန်းခန်းမ)၌ ပြုလုပ်ခဲ့သည်။

ဦးစွာ ကျိုက်ထိုခရိုင် ခရိုင်ပညာရေးမှူး ဦး‌ကျော်စွာဝင်းက အဖွင့်အမှာစကား ပြောကြားရာတွင် Grade-5 ပြီးမြောက်ခြင်းဆိုင်ရာ စာမေးပွဲများ စနစ်တကျ အောင်မြင်စွာ ကျင်းပနိုင်ရေး၊ မေးခွန်းပုံစံများနှင့် စစ်ဆေးအကဲဖြတ်ခြင်း လုပ်ငန်းစဉ်များကို ဆရာ၊ ဆရာမများအနေဖြင့် စနစ်တကျ နားလည်သဘောပေါက်ပြီး မြေပြင်တွင် ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ဆွေးနွေးပွဲပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် သင်တန်းနည်းပြ ဆရာ၊ ဆရာမများက Grade-5 ပြီးမြောက်ခြင်းဆိုင်ရာ စာမေးပွဲကျင်းပမည့်အချိန်စာရင်းများ၊ မေးခွန်းပုံစံများနှင့် အကဲဖြတ်မှတ်တမ်းတင်ခြင်းဆိုင်ရာ ဘာသာရပ်အလိုက် သင်ခန်းစာများကို စာတွေ့၊ လက်တွေ့ ဆွေးနွေးပို့ချခဲ့ကြသည်။

အဆိုပါ ဆွေးနွေးပွဲသို့ ကျိုက်ထိုမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ မူလတန်းကျောင်းအုပ်ကြီးများ၊ Grade-5 သင်ဆရာ၊ ဆရာမများ တက်ရောက်ခဲ့ကြကြောင်းသိရသည်။


ပြည့်ဖြိုး

#News #Myanmar

မူရင်းသတင်း — Myanmar National Post