
ကရင်ပြည်နယ်အတွင်းရှိ ဘားအံစက်မှုဇုန်နှင့် ဘားအံမွေးမြူရေးဇုန်များကို ဒုတိယသမ္မတ ဒေါ်နန်းနီနီအေး ကြည့်ရှုစစ်ဆေးပြီး ဈေးကွက်လိုအပ်ချက်နှင့်အညီထုတ်လုပ်နိုင်ရေး အလေးထားဆောင်ရွက်ရန် ပြောကြားခဲ့ကြောင်း သိရသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဒေါ်နန်းနီနီအေးသည် ပြည်ထောင်စုဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီး၊ ပြည်ထောင်စုအတိုင်ပင်ခံကောင်စီဝင်များ၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ နိုဝင်ဘာ ၆ ရက်က ကရင်ပြည်နယ်အတွင်းရှိ ဘားအံစက်မှုဇုန်၊ ဘားအံမွေးမြူရေးဇုန်နှင့် လူငယ်စင်တာတို့ကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။
ဒုတိယသမ္မတ ဒေါ်နန်းနီနီအေးနှင့်အဖွဲ့ဝင်များသည် ဘားအံစက်မှုဇုန်သို့ရောက်ရှိကြပြီး စက်မှုဇုန်အတွင်းရှိ THAIFASHION အရည်အသွေးမြင့် ရာဘာဖိနပ်များ ထုတ်လုပ်ဖြန့်ဖြူးရေးစက်ရုံ၏ လုပ်ငန်းစဉ်အဆင့်ဆင့်ဆောင်ရွက်နေမှုကိုလည်းကောင်း၊ ရှိုင်းထူးလယ်ယာသုံး စက်ကိရိယာထုတ်လုပ်ရေးစက်ရုံ၏ ခေတ်မီလယ်ယာသုံးစက်များ အဆင့်ဆင့်ထုတ်လုပ်နေမှုကိုလည်းကောင်း၊ လှည့်လည်ကြည့်ရှုစစ်ဆေးရာ စက်ရုံများမှ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသမှုအပေါ် ဒုတိယသမ္မတက သိရှိလိုသည်များကို မေးမြန်းဆွေးနွေး၍ ဈေးကွက်လိုအပ်ချက်နှင့်အညီထုတ်လုပ်နိုင်ရေး၊ လုပ်သားများ၏ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းစေရေးနှင့် မီးဘေးအန္တရာယ်ကင်းရှင်းစေရေး အလေးထားဆောင်ရွက်ရန် ပြောကြားခဲ့သည်။
ထို့နောက် ဘားအံမွေးမြူရေးဇုန်သို့ရောက်ရှိကြပြီး အဆိုပါဇုန်အတွင်းရှိ ကရင်ပြည်နယ် အစိုးရအဖွဲ့ ဥစားကြက်အကောင်ရေ (၁၀၀၀၀) စဉ်ဆက်မပြတ်မွေးမြူရေးခြံ ရှင်းလင်းဆောင်၌ တာဝန်ရှိသူတစ်ဦးက မွေးမြူရေးခြံအကောင်အထည်ဖော် ဆောင်ရွက်ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြရာ ဒုတိယသမ္မတက သိရှိလိုသည်များကို မေးမြန်းဆွေးနွေး၍ မွေးမြူရေးခြံ၏ သန့်ရှင်းသပ်ရပ်မှု၊ အစာနှင့်ရေရရှိမှု၊ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ၊ မွေးမြူရေးဆိုင်ရာနည်းစနစ်များ ဆောင်ရွက်ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသကြောင်း သိရသည်။
ယင်းနောက် လူငယ်စင်တာသို့ရောက်ရှိကြရာ စင်တာအစည်းအဝေးခန်းမ၌ တာဝန်ရှိသူတစ်ဦးက စင်တာ၏တည်နေရာနှင့်အကျယ်အဝန်း၊ ဝင်ဆံ့အင်အား၊ စင်တာ၌ဖွင့်လှစ်သင်ကြားခဲ့သည့် သင်တန်းများ၊ အသိပညာပေးဟောပြောပွဲများ၊ ပြည်နယ်လူငယ်ရေးရာကော်မတီဖွဲ့စည်းထားရှိမှု၊ လူငယ်ကဏ္ဍ ၁၆ ရပ်အလိုက် အကောင်အထည်ဖော်ဆောင်ရွက်ထားရှိမှုတို့ကို ရှင်းလင်းတင်ပြရာ ဒုတိယသမ္မတက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးပြီး စင်တာအတွင်း စားပွဲတင်တင်းနစ်ကစားနေမှု၊ လူငယ်အသိပညာပေးဟောပြောပွဲအခမ်းအနားကျင်းပနေမှု၊ အိမ်တွင်းမှုခန်း၊ ဂီတခန်း၊ ပန်းချီခန်း၊ အကခန်း၊ ကွန်ပျူတာခန်းနှင့် ပြည်နယ် GYM အားကစားခန်းမတို့၌ သက်ဆိုင်ရာဘာသာရပ်အလိုက် လေ့ကျင့်သင်ကြားနေမှု၊ စာကြည့်တိုက်၌ စာပေလေ့လာဖတ်ရှုနေမှု၊ အိမ်ဆောင်နှင့် နားနေဆောင်တို့ကို လှည်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။
ထိုသို့ ကြည့်ရှုစစ်ဆေးစဉ် ဒုတိယသမ္မတက လူငယ်စင်တာဖွင့်လှစ်ရသည့် ရည်ရွယ်ချက်များနှင့်အညီ လူငယ်များ၏ အရည်အချင်း၊ အသိပညာနှင့် အတတ်ပညာများ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် စင်တာအတွင်းရှိ အားကစားပစ္စည်းများနှင့် လေ့ကျင့်သင်ကြားရေးဆိုင်ရာ အထောက်အကူပြုပစ္စည်းများကို စနစ်တကျထိန်းသိမ်းစောင့်ရှောက်ရန်၊ လူငယ်များအားလပ်ချိန်ကို အကျိုးရှိစွာ အသုံးချနိုင်ရေးအတွက် အားကစား၊ အနုပညာ၊ နည်းပညာနှင့် အသက်မွေးဝမ်းကျောင်းဆိုင်ရာ သင်တန်းများကို စိတ်ဝင်စားမှုရှိသည့် နယ်ပယ်အလိုက် အစီအစဉ်များစီစဉ်ဆောင်ရွက်ပေးရန်၊ လူငယ်များ၏အကြံပြုချက်များနှင့်လိုအပ်ချက်များကို အလေးထားအကောင်အထည်ဖော်ဆောင်ရွက်ပေးရန်နှင့် နိုင်ငံတော်၏အနာဂတ်ကို ပုံဖော်မည့် လူငယ်များအား အရည်အသွေးပြည့်ဝသော လူ့စွမ်းအားအရင်းအမြစ်များအဖြစ် အောင်မြင်ဖြစ်ထွန်းလာစေရေးအတွက် လူငယ်စင်တာကို အမှန်တကယ် အကျိုးရှိထိရောက်သော နေရာတစ်ခုဖြစ်လာရန် ကြိုးပမ်းဆောင်ရွက်ကြရေး ပြောကြားခဲ့သည်။
ထိုမှတစ်ဆင့် ၇၁ နှစ်မြောက် ကရင်ပြည်နယ်နေ့အထိမ်းအမှတ်အဖြစ် ဘားအံမြို့နယ် ကော့မရမ်းကျေးရွာရှိ Kawt Ma Yan Resort ဖွင့်ပွဲအခမ်းအနားသို့တက်ရောက်ကြရာ ဒုတိယသမ္မတ၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီး၊ ပြည်ထောင်စုအတိုင်ပင်ခံကောင်စီဝင်များနှင့် Resort မှ မန်နေဂျင်းဒါရိုက်တာတို့က ဟိုတယ်ကိုဖဲကြိုးဖြတ်၍လည်းကောင်း၊ ဒုတိယသမ္မတက ဟိုတယ်ဆိုင်းဘုတ်ကို စက်ခလုပ်နှိပ်၍လည်းကောင်း ဖွင့်လှစ်ပေးကြကြောင်း သိရသည်။