














မော်လမြိုင် ၊ နိုဝင်ဘာ ၇
ပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦးနှင့် ဒုတိယဝန်ကြီး ဦးအောင်မြိုင်တို့သည် နိုဝင်ဘာလ ၅ရက်နေ့က တာဝန်ရှိသူများနှင့်အတူ မွန်ပြည်နယ်၊ မော်လမြိုင်မြို့သို့ DEMU ရထားဖြင့် ရောက်ရှိခဲ့ကြပြီး မော်လမြိုင်ဘူတာရုံ ရှင်းလင်းဆောင်၌ သက်ဆိုင်ရာဌာနဆိုင်ရာတာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့ကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မော်လမြိုင်ဘူတာရုံဝန်းအတွင်း လုပ်ငန်းဆောင်ရွက်နေမှုများနှင့် Dry Port စီမံကိန်းလုပ်ငန်းများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းများ အချိန်မီပြီးစီးရေး၊ အရည်အသွေးပြည့်မီရေးနှင့် လုပ်ငန်းလိုအပ်ချက်များကို သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်းဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့သည်။
ဆက်လက်၍ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ မော်လမြိုင်ရုံးသို့ သွားရောက်ကာ ပို့ဆောင်ရေးဝန်ကြီးဌာနအောက်ရှိ ဝန်ထမ်းများနှင့် တွေ့ဆုံ၍ လုပ်ငန်းဆောင်ရွက်မှုများကို ရှင်းလင်းတင်ပြစေပြီး လိုအပ်သည်များကို မှာကြားခဲ့သည်။
ယင်းနောက် ဆိပ်ကမ်းအာဏာပိုင်ပိုင် ရေယာဉ်ဖြင့် သံလွင်မြစ်အတွင်း လှည့်လည်ကြည့်ရှုကာ မြစ်ကမ်းပါးပြိုကျမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ကမ်းပါးပြိုကျမှုကြောင့် ဖြစ်ပေါ်လာနိုင်သည့် ထိခိုက်မှုများ လျော့နည်းစေရေးအတွက် လိုအပ်သည့် ကြိုတင်ပြင်ဆင်မှုများနှင့် ဆောင်ရွက်သင့်သည့် လုပ်ငန်းများကို တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မော်လမြိုင်လေဆိပ်သို့ သွားရောက်၍ လေဆိပ်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အရည်အသွေးပြည့်မီစွာ ဆောင်ရွက်နိုင်ရေး၊ လုပ်ငန်းများ သတ်မှတ်ကာလအတွင်း ပြီးစီးရေးနှင့် လုပ်ငန်းလိုအပ်ချက်များကို အချိန်မီဖြည့်ဆည်းဆောင်ရွက်နိုင်ရေးတို့အတွက် သက်ဆိုင်ရာ တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။
အဆိုပါခရီးစဉ်တွင် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်းနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ သက်ဆိုင်ရာဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါခဲ့ကြကြောင်း သိရသည်။
ပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦးနှင့် ဒုတိယဝန်ကြီး ဦးအောင်မြိုင်တို့သည် ယနေ့ နိုဝင်ဘာ ၆ ရက် နံနက်ပိုင်းတွင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့မှ ရန်ကုန်မြို့သို့ လေကြောင်းခရီးဖြင့် ပြန်လည်ထွက်ခွာရာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့အား မော်လမြိုင်လေဆိပ်၌ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် သက်ဆိုင်ရာဌာနဆိုင်ရာတာဝန်ရှိသူများက လိုက်လံပို့ဆောင်နှုတ်ဆက်ခဲ့ကြသည်။
ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦးနှင့်အဖွဲ့သည် မွန်ပြည်နယ်ခရီးစဉ်အတွင်း မော်လမြိုင်ဘူတာရုံ၊ Dry Port စီမံကိန်း၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင် မော်လမြိုင်ရုံး၊ သံလွင်မြစ်အတွင်း မြစ်ကမ်းပါးပြိုကျမှုအခြေအနေနှင့် မော်လမြိုင်လေဆိပ်တည်ဆောက်ရေးလုပ်ငန်းများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်ချက်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
မွန်တို့ဌာနေ
#News #Myanmar
