Eleven Media Group

သထုံမြို့နယ် ကဒိုက်ကလေးကျေးရွာတွင် မိုးကြိုးထိမှန်၍ ငါးနှစ်အရွယ်ကလေးတစ်ဦး သေဆုံး

သထုံမြို့နယ် ကဒိုက်ကလေးကျေးရွာတွင် မိုးကြိုးထိမှန်၍ ငါးနှစ်အရွယ်ကလေးငယ်တစ်ဦး သေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

နိုဝင်ဘာ ၄ ရက် မွန်းလွဲ ၃ နာရီခွဲခန့်က သထုံမြို့နယ် ကဒိုက်ကလေးကျေးရွာ ကွက်သစ်ပိုင်းနေ ဦးစံငြိမ်းမှာ နေအိမ်နံဘေးရှိ ကောက်ရိုးပုံတွင် ကောက်ရိုးလှန်းနေစဉ် အသက် ၁၂ နှစ်အရွယ် မောင်ထက်မြက်အောင်၊ ရှစ်နှစ်အရွယ် မရှင်းလင်းထက်နှင့် ငါးနှစ်အရွယ် မောင်ညီသုတအောင်တို့ သုံးဦးမှာကောက်ရိုးပုံအနီးတွင် ကစားနေကြစဉ် လျှပ်စီးလက်၍ မိုးကြိုးပစ်ချသဖြင့် မောင်ညီသုတအောင်မှာ ပြင်ပဒဏ်ရာမရှိဘဲ ခန္ဓာကိုယ်ပြာနှမ်းပြီးသေဆုံးခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။

၎င်းက ဆက်လက်ပြီး "မရှင်းလင်းထက်နဲ့ မောင်ထက်မြက်အောင်တို့ နှစ်ဦးလည်း မိုးကြိုးစက်ကွင်းမိပြီး ဒဏ်ရာတွေရရှိခဲ့ကြလို့ သိမ်ဆိပ်တိုက်နယ်ဆေးရုံကို ပို့ဆောင်လိူက်ရပါတယ်။ မောင်ထက်မြတ်အောင်က ဒဏ်ရာနည်းနည်းပြင်းထန်လို့ သိမ်ဆိပ်တိုက်နယ်ဆေးရုံကနေ သထုံခရိုင်ပြည်သူ့ဆေးရုံကို ထပ်မံပို့ဆောင်ပေးခဲ့ရပါတယ်" ဟု ပြောကြားသည်။

အလားတူ ပြီးခဲ့သည့် အောက်တိုဘာ ၁၀ ရက် ညပိုင်းကလည်း သထုံမြို့နယ် ဆင်ဖြူကျွန်းကျေးရွာ ရပ်ကွက် (၇) အပိုင်းနေ ဦးကျော်သူနှင့် သမီးဖြစ်သူ မထက်ထက်သူတို့ နှစ်ဦးမှာ မိုးကြိုးစက်ကွင်းထိ၍ ဒဏ်ရာများရရှိခဲ့ကြသေးကြောင်း သိရသည်။

ထို့ပြင် ပြီးခဲ့သည့် စက်တင်ဘာ ၂၂ ရက် ညနေပိုင်းခန့်ကလည်း မုဒုံမြို့ မီတာ ၄၀၀ အားကစားကွင်းတွင် ကျင်းပပြုလုပ်နေသည့် မုဒုံမြို့နယ်အမျိုးသားအလွတ်တန်းဘောလုံးပြိုင်ပွဲ၌ Lion City (မော်လမြိုင်) အသင်းမှ ရှေ့တန်းကစားသမားဖြစ်သူ သန်းတိုးအောင် (ခ) Sa Sa (ကျောနံပါတ် - ၉) မှာ မိုးကြိုးစက်ကွင်းထိမှန်ကာ လဲကျသေဆုံးသွားခဲ့ကြောင်း သိရသည်။

မူရင်းသတင်း — Eleven Media Group