Eleven Media Group

မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်း (MYDA) နှင့် Terror Esports တို့မှ တာဝန်ရှိသူများ အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးထံ သွားရောက်ဂါရဝပြု တွေ့ဆုံ

မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်း (MYDA) နှင့် Terror Esports တို့မှ တာဝန်ရှိသူများသည် နိုဝင်ဘာလ ၅ ရက်နေ့ ညနေ ၅ နာရီအချိန်၌ အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်း ထံသို့ သွားရောက်ဂါရဝပြု တွေ့ဆုံခဲ့ကြသည်။

​တွေ့ဆုံပွဲတွင် မြန်မာလူငယ်များ Esports အားကစားကဏ္ဍ၌ ပါဝင်ဆောင်ရွက်နေမှု အခြေအနေများ၊ Esports အားကစားမှတစ်ဆင့် လူငယ်များအတွက် ရရှိလာနိုင်မည့် အလုပ်အကိုင် အခွင့်အလမ်းများနှင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ရင်းရင်းနှီးနှီး ဆွေးနွေးတင်ပြခဲ့ကြသည်။

​ထိုသို့ သွားရောက်တွေ့ဆုံပွဲသို့ အားကစားရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးကျော်သူ၊ ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦး တို့နှင့်အတူ မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်း (MYDA) မှ ဘဏ္ဍာရေးမှူး ဒေါ်ခင်နှင်းထက်အောင်၊ တွဲဖက်ဘဏ္ဍာရေးမှူး ဦးကိုကိုအောင် နှင့် ဗဟိုအလုပ်အမှုဆောင်များ၊ Terror Esports မှ Chief Executive Officer (CEO) ဦးစိုင်းထွန်းလင်း နှင့် Esports Director ဦးထွန်းအောင်လင်း တို့ ပါဝင်တက်ရောက်ခဲ့ကြကြောင်း သိရသည်။

​မြန်မာနိုင်ငံရှိ Esports ဝါသနာရှင် လူငယ်များ၏ ကိုယ်ရည်ကိုယ်သွေးနှင့် စွမ်းဆောင်ရည်များကို ပိုမိုတိုးတက် မြှင့်မားလာစေရန်၊ ထူးချွန်ထက်မြက်သည့် Esports ကစားသမားများအဖြစ် အိပ်မက်များကို လျင်မြန်စွာ အကောင်အထည်ဖော်နိုင်စေရန်၊ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရန်နှင့် မြန်မာ့ Esports ကဏ္ဍကို ပိုမိုလျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်း (MYDA) နှင့် Terror Esports တို့အကြား နားလည်မှုစာချွန်လွှာ (MoU) ကို လွန်ခဲ့သည့် အောက်တိုဘာလ ၃၀ ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့ကြသည်။

သက်ထွန်းအောင်

မူရင်းသတင်း — Eleven Media Group