Eleven Media Group

■ အင်ဒိုနီးရှားတောမီးငြှိမ်းသတ်ရေးကို ကူညီရန် သြစတြေးလျက C-130 Hercules လေယာဉ်စေလွှတ်

သြစတြေးလျက ဘော်ဒီယိုတောမီးများကို ကူညီ ငြှိမ်းသတ်ပေးရန် အင်ဒိုနီးရှားနိုင်ငံသို့ စစ်ဘက်သုံး သယ်ယူပို့ဆောင်ရေးလေယာဉ်တစ်စင်းကို စေလွှတ်လိုက်သည်ဟု နှစ်နိုင်ငံစလုံးက ပြောကြားခဲ့သည်။

ဘော်နီယိုတွင် လောင်နေသောတောမီးများက ဒေသတွင်း၌ အဆိပ်အတောက်ဖြစ်စေသော မြူခိုးများကို ဖြစ်ပေါ်စေသည်။

လချီကြာပြီဖြစ်သော မီးများက ကြီးမားကျယ်ပြန့်သောမြေကို လောင်နေခြင်းဖြစ်သည်။ ထိုမီးများက လေထုညစ်ညမ်းမှုကို ဖြစ်ပေါ်စေသောကြောင့် လူ့ကျန်းမာရေးကိုလည်းထိခိုက်စေခဲ့သည်။

တောမီးများမှ ထွက်လာသောမီးခိုးများက နယ်နိမိတ်များကို ကျော်ဖြတ်ပြီး လွင့်မျောသဖြင့် အင်ဒိုနီးရှားသည် အိမ်နီးချင်းနိုင်ငံများနှင့်ပါ ဆက်ဆံရေးများ ကတောက်ကဆဖြစ်နေသည်။

C-130 Hercules လေယာဉ်သည် ရေဖျန်းချနေသည့် လုပ်ငန်းများတွင် ပါဝင်ရေးအတွက် နိုဝင်ဘာ ၅ ရက်တွင် အင်ဒိုနီးရှားမြို့တော်ဂျာကာတာမှ အရှေ့ကာလီမန်တန်ပြည်နယ်သို့ ထွက်ခွာသွားခဲ့သည်ဟု အင်ဒိုနီးရှားဘေးအန္တရာယ်အေဂျင်စီ ခေါင်းဆောင်က ပြောကြားခဲ့သည်။

"ကျွန်တော်တို့ရဲ့စောင့်ကြည့်လေ့လာမှုတွေရော၊ သြစတြေးလျနည်းပညာရှင်အဖွဲ့နဲ့ဆွေးနွေးတာရော စတာတွေကို အခြေခံပြီးပြောရမယ်ဆိုရင် အရှေ့ကာလီမန်တန်ဒေသမှာ မီးလောင်မှုတော်တော်လေးဖြစ် ပွားနေတဲ့ နေရာတွေ အများအပြားရှိနေဆဲဆိုတာတွေ့ရပါတယ်"ဟု နိုဝင်ဘာ ၅ ရက်ညပိုင်းထုတ်ပြန်ချက် တွင် ခရစ်စတိုမီစီယန်တူရီက ဖော်ပြခဲ့သည်။

C-130 Hercules လေယာဉ်သည် တစ်ခေါက်ပျံသန်းရာတွင် ရေလီတာ ၁၅,၀၀၀ သို့မဟုတ် တစ်ရက်ကို ရေလီတာ၁၀၀,၀၀၀ ကျော်ကို သွန်ချနိုင်သည်ဟု အင်ဒိုနီးရှားရှိ သြစတြေးလျသံရုံး၏ထုတ်ပြန်ချက်အရ
သိရသည်။

သြစတြေးလျသံအမတ်ရော့ဘရာဇီယာက နှစ်နိုင်ငံသည် မိတ်ဆွေများဖြစ်ကြကြောင်း၊ ၂၀၂၀ ခုနှစ်တုန်းက သြစတြေးလျတွင် တောမီးများလောင်တုန်းက အင်ဒိုနီးရှားက အကူအညီများ ပေးပို့ခဲ့သည်ဟုဆိုသည်။

Ref:AFP
■#elevennews #အင်ဒိုနီးရှားတောမီး #သြစတြေးလျ #C-130 Hercules လေယာဉ်စေလွှတ်

မူရင်းသတင်း — Eleven Media Group