Eleven Media Group

ပြည်သူတစ်ဝက်နီးပါး၏စုဆောင်းငွေများ ထုတ်မရဖြစ်ခဲ့သည့် ဘဏ်အကျပ်အတည်းဖြစ်ပွားခဲ့ပြီးနောက် ပါရာဂွေးသမ္မတရာထူးမှ နုတ်ထွက်

ပါရာဂွေးလူဦးရေ၏တစ်ဝက်နီးပါး ၎င်းတို့၏စုဆောင်းငွေများကို ထုတ်မရဖြစ်စေခဲ့သည့် ဘဏ်အကျပ်အတည်းကြောင့် သမ္မတဆန်တီယာဂိုပီညာသည် ရာထူးမှ ချက်ချင်း နုတ်ထွက်သွားခဲ့ပြီး ဒေါသထွက်နေသောဆန္ဒပြပွဲတွင် ပါဝင်ရန် နိုဝင်ဘာ ၅ ရက်တွင် လူထောင်ချီ လမ်းပေါ်ထွက်လာခဲ့ကြသည်။

သမ္မတကို စွပ်စွဲပြစ်တင်မှု လုပ်ငန်းစဉ် ဆောင်ရွက်နေချိန်၌ ကွန်ဂရက်က ပီညာ၏နုတ်ထွက်မှုကို ဆိုင်းငံ့ထားလိုက်ရာ ပီညာသည် ယာယီအားဖြင့် သမ္မတအဖြစ် ဆက်လက်ရှိနေဦးမည်ဖြစ်သည်။

လွန်ခဲ့သောနှစ်ရက်က ပီညာနှင့်ဆက်စပ်နေသော Ueno Bank ကို ဗဟိုဘဏ်၏ သိမ်းယူမှုကြောင့် ပင်စင်စားများအပါအဝင် လူသုံးသန်းခန့်၏အပ်ငွေများ ထုတ်မရဖြစ်စေခဲ့သည်။ ထို့ကြောင့် နိုင်ငံတစ်ဝန်းတွင် ဒေါသထွက်နေသော ဆန္ဒပြပွဲများပေါ် ပေါက်ခဲ့သည်။

ပါရာဂွေးပြည်သူ ထောင်ပေါင်းများစွာသည် သမ္မတကို ဆန္ဒပြရန် နိုဝင်ဘာ ၅ ရက်တွင် ကွန်ဂရက်၏ အပြင်ဘက်ကို စုရုံးရောက်ရှိလာခဲ့သည်။ သမ္မတသည် နုတ်ထွက်လိုက်သည်ဆိုသော်လည်း အာဏာရှိနေဆဲဖြစ်သည်။

"ပိုက်ဆံတွေ ပြန်ပေးပါ "ဟု သမ္မတအား အော်နေပုံအား AFP သတင်းထောက်များက ကြားခဲ့ရသည်ဟု ဆိုသည်။ စောစောပိုင်းဆန္ဒပြပွဲများတွင် မျက်ရည်ယိုငွေ့များနှင့် ရေပိုက်များကို အသုံးပြုခဲ့သောရဲများနှင့် ဆန္ဒပြသူများ ခိုက်ရန်ဖြစ်ပွားခဲ့ကြသည်။

"ကျွန်တော့်ရဲ့မိသားစုဟာ ငွေမရှိတော့ပါဘူး။ ကျွန်တော်တို့မှ ဘာပိုက်ဆံမှကိုမရှိတော့တာ။ ပီညာဟာ ပြစ်မှုကျူးလွန်သူဖြစ်ပါတယ်။သူ့ကို ထောင်ချပစ်ရမှာပါ "ဟု အသက် ၂၁ နှစ်အရွယ် ကျောင်းသားဆန္ဒပြသမား အန်းဒရက်စ်မယ်ဒိုနာဒိုက AFP ကို ပြောသည်။

လွှတ်တော်အမတ်များက ယင်းအကျပ်အ တည်းနှင့်ပတ်သက်၍ သမ္မတကို စွပ်စွဲပြစ်တင်ရေး လုပ်ငန်းစဉ်အား နိုဝင်ဘာ ၅ ရက်တွင် တခဲနက်အတည်ပြုခဲ့ကြသည်။

သမ္မတပီညာသည် သူနှင့် ဆက်စပ်နေသော ဘဏ်နှင့် ဆက်ဆံဆောင်ရွက်ရာတွင် အကျိုးစီးပွားဝိရောဓိ ဖြစ်နေသည့်အပြင် လက်မခံနိုင်သောကိစ္စများကို လုပ်ဆောင်ခဲ့သည်ဟု လွှတ်တော်အမတ်များက ပြောကြားခဲ့သည်။

Ref:AFP

မူရင်းသတင်း — Eleven Media Group