
ကချင်ပြည်နယ်ရှိ ကမ္ဘာ့အမွေအနှစ်စာရင်းဝင် အင်းတော်ကြီးအိုင်တွင် ရွှေတူးဖော်မှုများကြောင့် ပျက်စီးနေသည့်အခြေအနေကို ထိန်းသိမ်းရန် ပြည်သူ့လွှတ်တော်၌ မေးမြန်းခဲ့ကြောင်း သိရသည်။ နိုဝင်ဘာ ၄ ရက်က ဖားကန့်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသက်ပိုင်ထူးက ပြည်သူ့လွှတ်တော်၌ မေးမြန်းခဲ့ခြင်းဖြစ်သည်။
''အင်းတော်ကြီးနယ်မြေက အဓိကရွှေတူးတာကြောင့် အင်းက အတော်ကိုပျက်စီးသွားတယ်။ ပျက်စီးနေတာလည်း ဒီအတိုင်း ဆက်ထားလို့မှမရတာ။ ကျွန်တော်အပါအဝင် ဒေသခံ တိုင်းရင်းသား အားလုံးက ဝိုင်းထိန်းကြရမှာပဲ။ အဲဒါကြောင့် လွှတ်တော်မှာ မေးရတာ။ လွှတ်တော်ကတော့ လုံခြုံရေး အခြေအနေ လုပ်ဆောင်ခဲ့တဲ့အခြေအနေတွေကို ရှင်းလင်းပါတယ်'' ဟု လွှတ်တော်ကိုယ်စားလှယ် ဦးသက်ပိုင်ထူးက ပြောကြားသည်။
အင်းတော်ကြီးအိုင်ကို ထိန်းသိမ်းစောင့်ရှောက်နေသည့် အဖွဲ့များ၏ ကွင်းဆင်းချက်များအရ မိုင်းနောင်ချောင်းဖျားဝန်းကျင်၊ မိုင်းနောင်နှင့် အင်းတော်ကြီးမြို့ကြား၊ ညောင်ပင်ကျေးရွာအထက်ပိုင်းနှင့် အင်းတော်ကြီး ဇီဝအဝန်းနယ်မြေ တစ်စိတ်တစ်ပိုင်း ပါဝင်နေသည့် နန့်တိန်းချောင်းဖျား တစ်ကြော၌လည်း တရားမဝင် ရွှေတူးဖော်မှုများကို လုပ်ငန်းရှင်များက လက်နက်ကိုင်အဖွဲ့ပေါင်းစုံကို တရားမဝင်ငွေပေးကာ လုပ်ကိုင်နေကြခြင်းဖြစ်ကြောင်း သိရသည်။
အင်းတော်ကြီးဒေသတွင် ရွှေတူးဖော်မှုများကို ၂၀၀၀ ပြည့်နှစ်နောက်ပိုင်းတွင် စတင်လုပ်ဆောင်လာခဲ့ပြီးနောက် သဘာဝတောတောင်များ ပျက်စီးခြင်း၊ လယ်ယာမြေများပျက်စီးခြင်း၊ ငါးမျိုးစိတ်များ ရှားပါးလာခြင်းနှင့် အခြားဘေးထွက်ဆိုးကျိုးများကို ရင်ဆိုင်နေရကြောင်း ဒေသခံများက ဆိုသည်။ အင်းရေသောက်သုံးနေသည့် ဒေသခံများမှာ အင်းရေမသောက်ရဲသည့်အခြေအနေ၊ မသောက်နိုင်သည့်အခြေအနေ ရောက်ရှိသွားကြောင်း၊ လယ်မြေများ ထိခိုက်လာခြင်း၊ ငါးရှားပါးခြင်း၊ သစ်ကောင်း ဝါးကောင်းများ ရှားပါလာခြင်းများကို ဆယ်စုနှစ်အတွင်း တဖြည်းဖြည်းကြုံတွေ့လာရကြောင်း မမုန်ကိုင်ကျေးရွာဒေသခံများက ဆိုသည်။
''ဒီရွှေတူးတဲ့လုပ်ငန်းတွေက ဒေသခံတွေက ထိန်းဖို့မလွယ်ပါဘူး။ ရွာနားမှာ မြေကောင်းမကျန်ဘူး။ ထိန်းသိမ်းရမယ့် လက်နက်ကိုင်တပ် တာဝန်ရှိတဲ့အဖွဲ့တွေက ငွေနဲ့ ပြီးနေကြတာ။ မမုန်ကိုင်နားတော့ မြေတွေက အထက်အောက်လှန်ပြီးပြီ။ ဘာမှလုပ်မရဘူး။ ဘယ်အဖွဲ့မှလည်း မကန့်ကွက်ရဲကြဘူး။ ငှက်ထိန်းသိမ်းရေးအဖွဲ့တွေလည်း မရှိ၊ ဒေသခံတွေလည်း လုံခြုံတဲ့နေရာကို ရွှေ့ပြောင်းနေရတော့ ငှက်တွေကို ဖမ်းစားနေကြတာတွေလည်း ရှိနေတယ်'' ဟု မမုန်ကိုင်ကျေးရွာဒေသခံတစ်ဦးက ဆိုသည်။
အင်းတော်ကြီးအိုင်သို့ နှစ်စဉ် ဆောင်းခိုငှက်မျိုးစိတ်ပေါင်း ၄၀ ကျော်၊ အကောင်ရေ နှစ်သောင်းကျော် လာရောက်ကျက်စားလေ့ရှိသည်။ အင်းတော်ကြီးအိုင်ကို ၂၀၁၇ ခုနှစ် ဇွန်လ ၁၄ ရက်တွင် ပြင်သစ်နိုင်ငံတွင် ကျင်းပသည့် ၂၉ကြိမ်မြောက် UNSCO ဇီဝအဝန်းနယ်မြေများ အစည်းအဝေးတွင် အင်းတော်ကြီးဘေးမဲ့တောနှင့် ပတ်ဝန်းကျင်ဒေသအား ဇီဝအဝန်းနယ်မြေအဖြစ် အတည်ပြုသတ်မှတ်ခဲ့သည်။
အင်းတော်ကြီးအိုင်သည် မြန်မာနိုင်ငံတွင် အကြီးဆုံးကုန်းတွင်းရေအိုင်ကြီးဖြစ်ပြီး ရေပြင်အကျယ် ၁၀၀ စတုရန်းမိုင်အပါအဝင် ၃၁၄ ဒသမ ၆၇ စတုရန်းမိုင် ကျယ်ဝန်းသော
အင်းတော်ကြီး တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောကို ၁၉၉၉ ခုနှစ် မတ်လ ၄ ရက်တွင် တည်ထောင်ခဲ့သည်။ အင်းတော်ကြီးဘေးမဲ့တောတွင် နို့တိုက်သတ္တဝါ ၃၇ မျိုး၊ ငှက်
-၃၅ဝမျိုး၊ရေပျော်ငှက် -၉၉မျိုး၊ ကုန်နေရေနေ သတ္တဝါ -၈၈မျိုး ၊ငါး-၈ဝမျိုး၊ လိပ်ပြာ -၅ဝမျိုး ရှင်သန်လျက်ရှိပြီး သစ်ပင် - ၈၅ မျိုး၊ ပရဆေး ၅၆ မျိုး၊ ဝါး -၁၁ မျိုး ၊မြက် -၁၄ မျိုး၊ကြိမ် -၅မျိုး၊သစ်ခွ -၇၀ မျိုး ပေါက်ရောက်လျက်ရှိကြောင်း သိရသည်။
အင်းတော်ကြီးအိုင်သည် သဘာဝအလှအပကြောင့်သာမက အိုင်အတွင်း တည်ရှိသည့် ရွှေမ ဉ္ဇူစေတီကြောင့်လည်း ကျော်ကြားသည်။