
ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်နိုင်ရန် လေ့လာသုံးသပ်ရေးနှင့် ဥပဒေကြမ်းပြုစုရေးပူးပေါင်းကော်မတီတစ်ရပ် ဖွဲ့စည်းရန်အဆိုကို နိုဝင်ဘာ ၅ ရက်က ကျင်းပသည့် တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် တတိယပုံမှန်အစည်းအဝေးတွင် အတည်ပြုလိုက်ကြောင်း သိရသည်။
ယင်းအဆိုကို ပဲခူးတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ် (၇) ဦးဇင်မင်းထက်က ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းခဲ့ခြင်းလည်း ဖြစ်သည်။
ပဲခူးတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ် (၇) ဦးဇင်မင်းထက်က “ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)မှ ပြင်ဆင်၊ ဖြည့်စွက်သင့်သည့်အချက် (၄၃) ချက်ကို ပြင်ဆင်နိုင်ရေးနှင့် ပြည်ထောင်စုသဘောတူစာချုပ် Union Accord အစိတ်အပိုင်း(၁) (၂) (၃) ပါ အချက်များနှင့်စပ်လျဉ်း၍ လေ့လာသုံးသပ်ရေးနှင့်ဥပဒေမူကြမ်းပြုစုရေး ပူးပေါင်းကော်မတီတစ်ရပ်ကို သင့်လျော်သည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များနှင့် ဖွဲ့စည်းရန်အဆို”နှင့်စပ်လျဉ်း၍ အဆိုတင်သွင်းရာတွင် လက်ရှိမြန်မာနိုင်ငံ၏အခြေအနေအရ မြန်မာနိုင်ငံသားပြည်သူများ၏ ငြိမ်းချမ်းသာယာရေးနှင့် သက်ဆိုင်သည့်ကိစ္စဖြစ်ပြီး ပြည်ထောင်စုလွှတ်တော်၏ဆုံးဖြတ်ချက်ရယူရန် လိုအပ်သည့်ကိစ္စဖြစ်သည့်အတွက် အဆိုကို တင်သွင်းရခြင်းဖြစ်ပါကြောင်း ပြောကြားသည်။
မိမိအနေဖြင့် “ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ခုနှစ်)မှ ပြင်ဆင်၊ဖြည့်စွက်သင့်သည့် အချက်(၄၃)ချက်ကို ပြင်ဆင်နိုင်ရေးနှင့် ပြည်ထောင်စုသဘောတူစာချုပ် Union Accord အစိတ်အပိုင်း(၁)(၂)(၃)ပါ အချက်များနှင့်စပ်လျဉ်း၍ လေ့လာသုံးသပ်ရေးနှင့် ဥပဒေမူကြမ်းပြုစုရေး ပူးပေါင်းကော်မတီတစ်ရပ်ကို သင့်လျော်သည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များနှင့် ဖွဲ့စည်းရန်အဆို” ကို ပြည်ထောင်စုလွှတ်တော်ဆိုင်ရာနည်းဥပဒေများ၊ နည်းဥပဒေ ၆၆ အရ တင်သွင်းရခြင်းဖြစ်ပါကြောင်း၊ ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရေးနှင့်စပ်လျဉ်း၍ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ၊ အပိုဒ်၂၀ (င) အရ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံတွင်ဆွေးနွေးခဲ့ကြပြီး ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းထားသည့် ပြည်ထောင်စုသဘောတူစာချုပ်အစိတ်အပိုင်း (၁)၊ (၂) နှင့် (၃) ပါ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသော ပြည်ထောင်စုအဖြစ် တည်ဆောက်ရေးဆိုင်ရာအချက်များကိုလည်းကောင်း၊ နိုင်ငံတော်သမ္မတက ပြည်ထောင်စုလွှတ်တော်သို့ပေးပို့ထားသည့် ၂၀၂၆ ခုနှစ် ဇူလိုင် ၁ ရက်စွဲပါ သဝဏ်လွှာတွင်ဖော်ပြပါရှိသည့် EAOs များနှင့် ညှိနှိုင်းရရှိထားသည့် အချက် (၂၁)ချက်အပါအဝင် နိုင်ငံရေးပါတီအစုအဖွဲ့နှင့် ညှိနှိုင်းရရှိထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ခုနှစ်)မှ ပြင်ဆင်ဖြည့်စွက်သင့်သည့် အချက်(၄၃)ချက်ကိုလည်းကောင်း လေ့လာသုံးသပ်၍ ဥပဒေမူကြမ်းရေးဆွဲကာ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ဆောင်ရွက်နိုင်ရန် ဖြစ်ပါကြောင်း ၎င်းက ပြောကြားသည်။
နိုင်ငံတော်၏ ဖွဲ့စည်းပုံအခြေခံဥပဒေကို နိုင်ငံတော်၏မျက်မှောက်အခြေအနေနှင့် နိုင်ငံသားများ၊ တိုင်းရင်းသားများအားလုံး မျှော်မှန်းတောင့်တနေသည့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသော ပြည်ထောင်စုစနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ဆောင်ရွက်ခြင်းသည် ဥပဒေပြုရေးမဏ္ဍိုင်ဖြစ်သည့် ပြည်ထောင်စုလွှတ်တော်ကြီး၏ အဓိကတာဝန်တစ်ရပ်လည်းဖြစ်ပါကြောင်း၊ တိုင်းရင်းသားလူမျိုးစုအားလုံး အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်နေကြသည့် ထာဝရငြိမ်းချမ်းရေးရရှိရန်နှင့်အမျိုးသားပြန်လည် သင့်မြတ်ရေးလုပ်ငန်းများအတွက် လိုက်လျောညီထွေစွာဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ အပြန်အလှန်ယုံကြည်မှု တည်ဆောက်ရေးတို့အတွက် ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့်လိုက်လျောညီထွေဖြစ်စေမည့်အချက်အလက်များကို ပြင်ဆင်ဆောင်ရွက်ပေးရမည်ဖြစ်ပါကြောင်း ၎င်းက ဆိုသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရေးဆိုင်ရာ အခန်း (၁၂) ပုဒ်မ ၄၃၃၊ ၄၃၄၊ ၄၃၅၊ ၄၃၆ တို့၏ ပြဋ္ဌာန်းချက်များအရ ပြင်ဆင်သည့်အဆင့်မဟုတ်သေးဘဲ ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဆင်ရေး လေ့လာသုံးသပ် အကောင်အထည်ဖော်နိုင်မည့်ယန္တရားတစ်ရပ် စနစ်တကျဖွဲ့စည်းဆောင်ရွက်သွားရန် လိုအပ်နေသည့်အတွက် အဆိုကိုတင်သွင်းရခြင်း ဖြစ်ပါကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
ပြည်သူလူထု၏ သဘောဆန္ဒများနှင့်အညီ ပေါ်ပေါက်ပြဋ္ဌာန်းထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ခုနှစ်) ပါ ပြဋ္ဌာန်းချက်များအပေါ် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသော ပြည်ထောင်စုစနစ်ကို အကောင်အထည်ဖော်ကျင့်သုံးနိုင်ရေး၊ တိုင်းရင်းသားလူမျိုးစုများ၏ အခြေခံအခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ပေးနိုင်ရေး၊ နိုင်ငံတော်အချုပ်အခြာအာဏာ၏ ခက်မသုံးဖြာဖြစ်သည့် ဥပဒေ ပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး မဏ္ဍိုင်ကြီး ၃ ရပ်တို့ကို ဟန်ချက်ညီပိုင်းခြားသုံးစွဲနိုင်ရေးနှင့် နိုင်ငံတော်၏ ကဏ္ဍအသီးသီးတို့တွင် ပိုမိုထိရောက်စွာ အကောင် အထည်ဖော်ဆောင်ရွက်နိုင်ရေးတို့အတွက် ပြင်ဆင် ပြဋ္ဌာန်းပေးရန်လိုအပ်သည့်အချက်များကို ဖြည့်စွက်ပြင်ဆင်ပြဋ္ဌာန်းပေးနိုင်ရန်အတွက် “ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ခုနှစ်)မှ ပြင်ဆင်၊ ဖြည့်စွက်သင့်သည့်အချက် (၄၃)ချက်ကို ပြင်ဆင်နိုင်ရေးနှင့် ပြည်ထောင်စုသဘောတူစာချုပ် Union Accord အစိတ်အပိုင်း (၁)(၂)(၃) ပါအချက်များနှင့်စပ်လျဉ်း၍ လေ့လာသုံးသပ်ရေးနှင့် ဥပဒေမူကြမ်းပြုစုရေးပူးပေါင်းကော်မတီတစ်ရပ်ကို သင့်လျော်သည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များနှင့် ဖွဲ့စည်းရန်အဆို” အား တင်သွင်းအပ်ပါကြောင်း ၎င်းက အဆိုတင်သွင်းခဲ့သည်။
ယင်းအဆိုနှင့်စပ်လျဉ်း၍ အမရပူရ မဲဆန္ဒနယ်မှ ဦးသိန်းထွန်းဦးက ထောက်ခံဆွေးနွေးခဲ့သည်။
ထို့နောက် ပြည်ထောင်စုလွှတ်တော်နာယက က အဆိုတွင် ထည့်သွင်းရှင်းလင်းခဲ့သည့်အတိုင်း ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ကို ပြင်ဆင်ဖြည့်စွက်ခြင်းဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရန် လေ့လာသုံးသပ်ရေးနှင့် ဥပဒေကြမ်းပြုစုရေး ပူးပေါင်းကော်မတီတစ်ရပ်ကို သင့်လျော်သည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များနှင့် ဖွဲ့စည်းရန် လွှတ်တော်၏ သဘောထားရယူရာ သဘောတူသဖြင့် ပူးပေါင်းကော်မတီတစ်ရပ် ဖွဲ့စည်းရန် သဘောတူအတည်ပြုကြောင်း ကြေညာခဲ့သည်။