Eleven Media Group

ရာမညဓမ္မာစရိယနိကာယဂိုဏ်း ဥက္ကဋ္ဌဆရာတော် ဒေါက်တာ ဘဒ္ဒန္တဝဏ္ဏသာရ ဘဝနတ်ထံ ပျံလွန်တော်မူ

ရာမညဓမ္မာစရိယနိကာယဂိုဏ်း ဥက္ကဋ္ဌဆရာတော် ဒေါက်တာ ဘဒ္ဒန္တဝဏ္ဏသာရသည် ယမန်နေ့ နိုဝင်ဘာ ၅ ရက် နံနက် (၁၁) နာရီခွဲ အချိန်ခန့်က မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အဘော်ကျေးရွာရှိ အဘော်ကျောင်းကြီး၌ ပျံလွန်တော်မူခဲ့ကြောင်း သိရသည်။

ရာမညဓမ္မာစရိယနိကာယဂိုဏ်း ဥက္ကဋ္ဌဆရာတော်ကြီး ပျံလွန်တော်မှုချိန်တွင် သက်တော် (၈၃) နှစ်၊ သိက္ခာတော် (၆၃) ဝါရှိပြီး ဖြစ်ကြောင်းနှင့် ဆရာတော် ပျံလွန်တော်မူသည့်သတင်းကို အဘော်ကျေးရွာရှိ ရာမညနိကာယ မဟာဝိဟာရပရိယတ္တိစာသင်တိုက်၏ Facebook စာမျက်နှာတွင်လည်း ယမန်နေ့ အသိပေးထုတ်ပြန်ထားချက်အရလည်း သိရသည်။

ဆရာတော် ဒေါက်တာ ဘဒ္ဒန္တဝဏ္ဏသာရသည် မွန်ဗုဒ္ဓသာသနာနှင့် ပရိယတ္တိပညာရေးကဏ္ဍတွင် ထင်ရှားသော သံဃာ့ခေါင်းဆောင်တစ်ပါးဖြစ်ပြီး မော်လမြိုင်မြို့ရှိ ရာမညရဋ္ဌဗုဒ္ဓတက္ကသိုလ်၏ အဓိပတိဆရာတော်အဖြစ်လည်းကောင်း၊ ရေးမြို့နယ်၊ အဘော်ကျောင်းကြီး၏ ဦးစီးပဓာနနာယကဆရာတော်အဖြစ်လည်းကောင်း သာသနာ့တာဝန်များ ထမ်းဆောင်ခဲ့သည်။

ထို့အပြင် ထိုင်းနိုင်ငံ မဟာချူလာလောင်ကွန်းတက္ကသိုလ်က ဆရာတော်အား ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ (Ph.D. Honorary Degree) ချီးမြှင့်ခဲ့ပြီး (၂၀၂၁) ခုနှစ် ဒီဇင်ဘာ (၁၁) ရက်တွင် အယုဒ္ဓယမြို့ရှိ တက္ကသိုလ်၌ ကျင်းပသည့် ဘွဲ့နှင်းသဘင်အခမ်းအနားတွင် ဘွဲ့တံဆိပ် ဆက်ကပ်ခဲ့သည်။

ရာမညဓမ္မာစရိယနိကာယဂိုဏ်းသည် ရွှေကျင်၊ မဟာရင်နှင့် သုဓမ္မာဂိုဏ်းများမှ မွန်သံဃာတော်များ စုပေါင်းပါဝင်ဖွဲ့စည်းထားသည့် မွန်ဗုဒ္ဓဘာသာသံဃာ့အဖွဲ့အစည်းကြီးတစ်ခုဖြစ်ပြီး မွန်လူမျိုးတို့၏ ဘာသာသာသနာနှင့် ယဉ်ကျေးမှုဆိုင်ရာ အမွေအနှစ်များ ထိန်းသိမ်းရေးတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်လျက်ရှိ ကြောင်းလည်းသိရသည်။

ရာမညဓမ္မာစရိယနိကာယ သံဃာ့အဖွဲ့အစည်းအနေဖြင့် မွန်ပရိယတ္တိစာပေများ ထိန်းသိမ်းမြှင့်တင်ရေး၊ ဒေသအလိုက် ရာမညနိကာယ ပရိယတ္တိစာမေးပွဲကြီးများ ကျင်းပရေးနှင့် သံဃာ့ရေးရာကိစ္စရပ်များကိုလည်း ဆောင်ရွက်လျက်ရှိသည်။

မူရင်းသတင်း — Eleven Media Group