Eleven Media Group

■ ဦးရဲထွဋ်နဲ့ အမှတ်တရရေကူး...

■ ဦးရဲထွဋ်နဲ့ အမှတ်တရရေကူး...

■ တန်ကြေး ကျပ်ဘီလျံ ၅၀၀၀ လောက်ရှိတဲ့ ဧက ၉၀ ကျယ်ဝန်းတဲ့ ရေကူးစီမံကိန်းကြီးကို အများပြည်သူအကျိုးစီးပွားအတွက် ပြန်ပြီးလေလံပစ်မလား ...

၂၀၁၅ ခုနှစ်၊ မေ ၁၅ ရက်ထုတ် နိုင်ငံပိုင်သတင်းစာတွေထဲမှာ ပြန်ကြားရေးဝန်ကြီးဌာန အဆောက်အအုံများ ဆောက်လုပ်ခြင်း၊ ရောင်းချခြင်း၊ ငှားရမ်းခြင်းလုပ်ငန်းကော်မတီက ခေါ်ယူခဲ့တဲ့ တင်ဒါကြော်ငြာတစ်ခုကို ဖော်ပြခဲ့ပါတယ်။

အဲဒီတင်ဒါက ပြည်ထောင်စုလွှတ်တော်ကို မတင်ပြဘဲ ခေါ်ယူခဲ့တဲ့ တင်ဒါဖြစ်သလို အချိန်ကာလက ဦးသိန်းစိန်အစိုးရသက်တမ်း မကုန်ခင် လပိုင်းအလိုမှာ ခေါ်ခဲ့တာပါ။

အဲဒီအချိန် ပြန်ကြားရေးဝန်ကြီးဌာနရဲ့ ပြည်ထောင်စုဝန်ကြီးက ဦးရဲထွဋ်ဖြစ်ပြီး တင်ဒါခေါ်တဲ့ကိစ္စက ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၊ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်မှာရှိတဲ့ ရေကူးအသံလွှင့်စက်ရုံဝင်းနေရာမှာ မီဒီယာနဲ့ပတ်သက်တဲ့ အဆောက်အအုံတွေ ဆောက်လုပ်ခြင်း၊ လက်ရှိအသံလွှင့်စက်ပစ္စည်းတွေကို ပြောင်းရွှေ့တည်ဆောက်ရေးစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်ဖို့ ခေါ်ယူခဲ့တဲ့ တင်ဒါဖြစ်ပါတယ်။

တစ်နည်းအားဖြင့် အစိုးရပိုင်ဖြစ်တဲ့ မရမ်းကုန်းမြိုနယ်ရှိ ရေကူးအသံလွှင့်စက်ရုံဝင်းဟောင်း မြေနေရာမှ ဧက ၉၀ ခန့်ကို ပုဂ္ဂလိကထံ လွှဲပြောင်းပေးအပ်မယ့် စီမံကိန်းဖြစ်ပါတယ်။

အဲဒီတင်ဒါကို Eleven Media Group က စုံစမ်းတဲ့အခါ ဒီတင်ဒါဟာ နိုင်ငံတော်အတွက် ကျပ်ဘီလျံ ၂၀၀ ကနေ ၄၀၀ အထိ နစ်နာဆုံးရှုံးသွားစေနိုင်တာကို တွေ့ရှိခဲ့တာကြောင့် ၂၀၁၅ ခုနှစ်၊ မေ ၁၉ ရက်မှာ “ဒီခွင်က အရမ်းကြီးပါတယ် သမ္မတကြီးခင်ဗျာ...” ခေါင်းစဉ်နဲ့ ဆောင်းပါးရေးသားပြီး ဒီတင်ဒါကိစ္စနဲ့ ပတ်သက်လို့ သမ္မတဦးသိန်းစိန်ကိုယ်တိုင် ရှင်းလင်းပေးဖို့ ထောက်ပြဝေဖန်ခဲ့ပါတယ်။

■ ရေကူးဆိုတာ ဘာလဲ

လွန်ခဲ့တဲ့ ၁၀ စုနှစ် တစ်နှစ်ဝန်းကျင်မှာ Eleven Media Group က ဖော်ထုတ်ရေးသားခဲ့တဲ့အတွက် မြန်မာနိုင်ငံရဲ့ နိုင်ငံရေးလောကနဲ့ မီဒီယာလောကမှာ အုံးအုံးကြွက်ကြွက်နဲ့ ဂယက်ထသွားခဲ့တဲ့ ကိစ္စကြီးတစ်ခုရှိခဲ့ပါတယ်။ အဲဒါကတော့ ရေကူးအသံလွှင့်စက်ရုံကိစ္စပါပဲ။

ဘာလို့ အုံးအုံးကြွက်ကြွက်နဲ့ ဂယက်ထသွားခဲ့ရသလဲဆိုတော့ အစိုးရက ကာလပေါက်စျေးထက် အဆမတန်နည်းပါးတဲ့စျေးနဲ့ အစိုးရပိုင်မြေကို ပုဂ္ဂလိကဆီ ရောင်းချဖို့လုပ်လာတဲ့အတွက် ဝေဖန်ထောက်ပြသံတွေ ဆူညံပွက်လောရိုက်သွားခဲ့တဲ့ အခြေအနေဖြစ်ခဲ့တာပါ။

ရေကူးအသံလွှင့်စက်ရုံဆိုတာ ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် (၈) ရက်ကွက် အရင် Gandamar Wholesale နဲ့ မျက်နှာချင်းဆိုင်မှာရှိတဲ့ မြေဧက ၁၂၀ ကျော်ကို အစိုးရကပိုင်တဲ့ မြေနေရာတစ်ခုဖြစ်ပါတယ်။ အဲဒီ မြေဧက ၁၂၀ ကျော်ထဲကမှ မြေဧက ၉၀ လောက်ကို အစိုးရက ပုဂ္ဂလိကဆီ ရောင်းဖို့လုပ်ခဲ့တာပါ။

အဲဒီရေကူးအသံလွှင့်စက်ရုံဝင်းထဲမှာ ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနဲ့ ရုပ်မြင်သံကြား (MRTV) ရဲ့ အသံလွှင့်စက်ရုံနဲ့ ထပ်ဆင့်လွှင့်စက်ရုံတွေ ရှိပါတယ်။

အဲဒါအပြင် ရေကူးအသံလွှင့်စက်ရုံရဲ့ ပတ်ဝန်းကျင်မှာ ရန်ကုန်မြို့ပတ်ရထား တစ်ထောက်နားတဲ့ ရေကူးဘူတာရှိသလို မြေနေရာအနေအထားကလည်း အချက်အချာကျတဲ့နေရာမှာရှိလို့ ရေကူးဆိုတာ အတန်အသင့်နာမည်ရှိတဲ့ နေရာတစ်ခုဖြစ်ပါတယ်။

အရင် ၁၀ စုနှစ်ဝန်းကျင်က တစ်စတုရန်းပေကို ကျပ်တစ်သိန်းခွဲလောက်ပဲ ပေါက်ခဲ့တဲ့ ဒီနေရာရဲ့ မြေစျေးဟာ လက်ရှိမြေစျေးနဲ့ တွက်လိုက်ရင် တစ်စတုရန်းပေကို ကျပ် ၁၅ သိန်းလောက် ပေါက်စျေးရှိနေပါပြီ။

အဲဒီလောက် စျေးတန်နေတဲ့ ရေကူးကို အစိုးရပိုင်ကနေ ပုဂ္ဂလိကပိုင်လုပ်ဖို့ ကြိုးစားလာတဲ့အတွက် မြန်မာ့နိုင်ငံရေးလောကနဲ့ သတင်းမီဒီယာလောကမှာ ဘယ်လိုတွေ ဂယက်ရိုက်ခဲ့သလဲဆိုတာ ပြန်ကြည့်ရအောင်။

■ ၁၀ သိန်းတန် လျှောက်လွှာနဲ့ အငြင်းပွားဖွယ် တင်ဒါစည်းကမ်းချက်များ

၂၀၁၅ ခုနှစ်၊ မေ ၁၅ ရက်ထုတ် အစိုးရသတင်းစာတွေမှာပါတဲ့ တင်ဒါကြော်ငြာကိစ္စက ရေကူးအသံလွှင့်စက်ရုံဝင်းဟောင်း မြေနေရာမှ ဧက ၉၀ ခန့်ကို ပုဂ္ဂလိကထံ လွှဲပြောင်းပေးအပ်ဖို့အတွက် တင်ဒါခေါ်ယူခဲ့ပါတယ်။ ဒီတင်ဒါမှာ ပါဝင်တဲ့ ပုံမှန်မဟုတ်တဲ့အခြေအနေတွေကို Eleven Media Group က လေ့လာခဲ့ပါတယ်။

ဒီလိုလေ့လာတဲ့အခါမှာ တင်ဒါစည်းကမ်းမှာ ဖော်ပြထားချက်အရတော့ တင်ဒါခေါ်ထားတဲ့ စက်ရုံဟောင်း မြေဧရိယာဟာ ၁၂၀ ဧကခန့် ရှိနေပြီး ဒီအထဲ ဧက ၃၀ ကို မြန်မာ့အသံနဲ့ ရုပ်မြင်သံကြားအတွက် ထုတ်နုတ်မယ်။ ကျန်မြေ ဧက ၉၀ ခန့်ကို တင်ဒါရရှိသူအား အပြီးအပိုင် လွှဲပြောင်းပေးအပ်မှာပါ။

အဲဒီတင်ဒါရမယ့်သူဟာ သူရရှိမယ့် မြေဧက ၉၀ ပေါ်မှာ ရုပ်သံထုတ်လွှင့်မှုဆိုင်ရာ အဆောက်အအုံတွေ၊ စတူဒီယိုတွေ၊ ပရိသတ် တစ်သောင်းခွဲဆံ့တဲ့ မိုးလုံလေလုံဇာတ်ရုံ၊ ပရိသတ်ငါးသောင်းဆံ့တဲ့ အမိုးဖွင့်ဇာတ်ရုံ၊ Multi-Media တက္ကသိုလ်ကျောင်း၊ အပန်းဖြေရိပ်သာ၊ အများပြည်သူနဲ့သက်ဆိုင်တဲ့ အဆောက်အအုံတွေကိုလည်း ဆောက်လုပ်ပေးရမယ်လို့ စည်းကမ်းသတ်မှတ်ထားခဲ့တာပါ။

ဒီနေရာမှာ မေးခွန်းထုတ်စရာကောင်းတာက မီဒီယာလုပ်ငန်းဖွံ့ဖြိုးဖို့ဆိုတဲ့ ခေါင်းစဉ်တပ်ထားပေမယ့် ဟိုတယ်၊ တည်းခိုခန်း၊ အပန်းဖြေရိပ်သာ၊ ဘဏ်ရုံးခွဲလို အဆောက်အအုံတွေဖြစ်တဲ့ စီးပွားဖြစ်လုပ်ငန်းတွေကိုလည်း လုပ်ကိုင်ခွင့်ပေးထားတာကိုပါ။

တစ်ဘက်မှာလည်း တင်ဒါစည်းကမ်းတွေအရ တင်ဒါရရှိခဲ့သူဟာ အစိုးရကို ပြန်လုပ်ပေးရမှာတွေ ရှိပါတယ်။

တင်ဒါရရှိသူဟာ ရန်ကုန်မြို့တော် စည်ပင်သာယာရေးနယ်နိမိတ်အတွင်းမှာပဲ တစ်ဆက်တစ်စပ်တည်းရှိပြီး ပြန့်ပြူးတဲ့ မြေဧ ၁၅၀ ကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြားအတွက် အစားပြန်ပေးရမယ်၊ စက်ရုံသစ်ကို စက်ပစ္စည်းတွေသာမက ဝန်ထမ်းအိမ်ရာတွေကိုလည်း တည်ဆောက်ပေးရမယ်၊ စက်ရုံဟောင်း မြေနေရာမှာ ချန်ထားပေးရမယ့် မြေဧက ၃၀ ထဲက ၁၅ ဧကမှာ လက်ရှိ အဆောက်အအုံဟောင်းဖြစ်တဲ့ အသံလွှင့်စက်ရုံ နှစ်ရုံ၊ စတူဒီယို သုံးရုံကို ဆက်ထားပြီး အသုံးပြုမယ်။ ကျန်တဲ့ မြေ ၁၅ ဧကနေရာမှာ ပြန်ကြားရေးဝန်ကြီးဌာနက ဝန်ထမ်းမိသားစု ၃၀၀ နေထိုင်နိုင်တဲ့ ဝန်ထမ်းအိမ်ရာ ဆောက်ပေးရမှာဖြစ်ပါတယ်။

အဲဒီတင်ဒါအကြောင်းပြောတဲ့အခါ တင်ဒါပုံစံ (လျှောက်လွှာ) ကနေစပြီး ပြန်ပြောပါမယ်။ အဲဒီတင်ဒါပုံစံ (လျှောက်လွှာ) ကို ကျပ် ၁၀ သိန်းနဲ့ ရောင်းခဲ့ပါတယ်။

ဒါကို ကြည့်ခြင်းအားဖြင့် တင်ဒါစည်းကမ်းတွေကို အများပြည်သူနဲ့ မီဒီယာတွေ အလွယ်တကူ မသိနိုင်အောင် လုပ်ထားတဲ့သဘောဖြစ်နေပြီး အမှန်တကယ်လည်း အဲဒီလိုလုပ်ခဲ့သလားဆိုတာ သက်ဆိုင်တဲ့ ကာယကံရှင်တွေ သိမှာပါ။

အဲဒီတင်ဒါစည်းကမ်းချက်တွေထဲမှာ ၁၇ ချက် ပါပါတယ်။ ဒါပေမဲ့ တင်ဒါကို အရှေ့ပိုင်းအချက်ကို ကြည့်ရုံနဲ့ ဒီတင်ဒါဟာ ဘယ်သူတွေအတွက်ဆိုတာ ထင်ရှားစေပါတယ်။

အဲဒီတင်ဒါစည်းကမ်းပထမအချက်မှာ “တင်ဒါတင်သွင်းလိုသူသည် မီဒီယာလုပ်ငန်းကို အနည်းဆုံး လွန်ခဲ့သော သုံးနှစ်ကစပြီး ယခုတိုင် ထိတွေ့လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသားပိုင် ကုမ္ပဏီဖြစ်ရမည်။ အထူးသဖြင့် ရုပ်သံမီဒီယာလုပ်ငန်း အတွေ့အကြုံရှိသူ ဦးစားပေးဆောင်ရွက်ခွင့်ပြုမည်။ စည်းကမ်းလိုက်နာမှုနှင့် အရည်အချင်းပြည့်မီမှု (တောင်းဆိုသည့် အချက်အလက်များ ပြည့်စုံမှု၊ လက်မှတ်ရ စာရင်းစစ်မှ စစ်ဆေးထားသော အများပြည်သူသို့ ထုတ်ပြန်သည့် နှစ်ပတ်လည် ဘဏ္ဍာရေးရှင်းတမ်း၊ ကုမ္ပဏီမှတ်ပုံတင်မိတ္တူ၊ ဆက်သွယ်ရန်လိပ်စာ)၊ ဘဏ္ဍာရေးဆိုင်ရာ ခိုင်မာမှု (လုပ်ငန်းလည်ပတ်မှုနှင့် အခြားရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ပြီး ငွေပိုပမာဏ၊ လက်ငင်းရပိုင်ခွင့်နှင့် ပေးရန်ရှိ တာဝန်အချိုး)၊ နည်းပညာဆိုင်ရာ အတွေ့အကြုံရှိမှုနှင့် အဆိုပြုလုပ်ငန်း ပုံစံကောင်းမွန်မှု (ဆောက်လုပ်ရေးလုပ်ငန်း အတွေ့အကြုံရှိမှု၊ ရုပ်သံလွှင့်ခြင်းဆိုင်ရာ လုပ်ငန်းကျွမ်းကျင်သူများ ပါဝင်ဖွဲ့စည်းမှု) စသည်တို့ ပြည့်စုံစွာ ပါရှိရမည်” လို့ ဖော်ပြထားပါတယ်။

ဒါပေမဲ့ အဲဒီသတ်မှတ်စည်းကမ်းချက်နဲ့ ကိုက်ညီတဲ့ (မီဒီယာလုပ်ငန်းကို လွန်ခဲ့တဲ့ သုံးနှစ်ကစပြီး အခုထိ လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသားပိုင်ကုမ္ပဏီ ၊ရုပ်သံမီဒီယာလုပ်ငန်းအတွေ့အကြုံရှိသူ ဦးစားပေးဆောင်ရွက်ခွင့်ပြုမယ်ဆိုတဲ့အချက်တွေအရ) ပြည်တွင်းလုပ်ငန်းရှင်၊ ကုမ္ပဏီဆိုတာ အဲဒီအချိန်တုန်းက နှစ်ခုပဲရှိခဲ့တာပါ။

ဒါ့ကြောင့် တင်ဒါစည်းကမ်း ပထမအချက်မှာတင် ဒီတင်ဒါဟာ မီဒီယာလုပ်ငန်းလုပ်ကိုင်လိုသူအားလုံးအတွက် မဟုတ်ဘူးဆိုတာ မြင်နိုင်ပါတယ်။ မီဒီယာကုမ္ပဏီကြီး နှစ်ခုအတွက် ရည်ရွယ်ရေးဆွဲခဲ့တဲ့ တင်ဒါစည်းကမ်းချက်တွေပဲဖြစ်ပါတယ်။

နောက်တစ်ခုက တင်ဒါစည်းကမ်းချက် ၁၂ ပါ။ တင်ဒါစည်းကမ်း ၁၂ က တင်ဒါအတွက် ပြိုင်ဘက်မထားဘဲ ပေးချင်သူကို ပေးမယ်ဆိုတဲ့သဘော သက်ရောက်နေပါတယ်။

တင်ဒါစည်းကမ်းချက် ၁၂ မှာ “တင်ဒါတင်သွင်းသူများ၏ အဆိုပြုလွှာများကို တင်ဒါစိစစ်ရေးအဖွဲ့မှ စိစစ်ရာတွင် ဈေးနှုန်းတစ်ခုတည်းကို အခြေခံ၍ အဆုံးအဖြတ်ပြုမည်မဟုတ်ဘဲ တင်ဒါတင်သွင်းသူ၏ လုပ်ငန်းအတွေ့အကြုံနှင့် အရည်အသွေး၊ တည်ဆောက်ပေးနိုင်သည့် စီမံကိန်းအရည်အသွေးတို့ကိုလည်း ထည့်သွင်းစဉ်းစားပြီး မီဒီယာလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူအပြုနိုင်ဆုံး တင်ဒါကိုသာ စိစစ်ရွေးချယ်မည် ဖြစ်ပါသည်”လို့ ဆိုထားပါတယ်။

တစ်နည်းအားဖြင့် ဈေးသက်သာတယ်ဖြစ်စေ၊ မသက်သာဘူးဖြစ်စေ၊ ကောင်းတယ်ဖြစ်စေ၊ မကောင်းဘူးဖြစ်စေ တင်ဒါတင်ထားသူတွေ အောင်မြင်မှု၊ မအောင်မြင်မှုဟာ တင်ဒါစိစစ်ရွေးချယ်ရေးအဖွဲ့ရဲ့ လက်ထဲမှာ ရှိနေတယ်လို့ အသိပေးတဲ့ အချက်ပါလို့ ပြောရမှာပါ။

အဲဒါကြောင့် အဲဒီတုန်းက အခု အထက်မှာဖော်ပြခဲ့တဲ့အချက်အလက်တွေကို Eleven Media Group က ရှာဖွေဖော်ထုတ်ပြီး နိုင်ငံတော်မနစ်နာဖို့အတွက် ရေးသားဖော်ပြခဲ့ရပါတယ်။

■ နိုင်ငံတော်က ကျပ်ဘီလျံ ၂၀၀ ကနေ ၄၀၀ အထိ နစ်နာသွားစေနိုင်ခဲ့တဲ့ တင်ဒါ

ဝေဇယန္တာလမ်းမပေါ်က ရေကူးအသံလွှင့်စက်ရုံဝင်းဟောင်းဟာ နေရာကောင်းဖြစ်ပြီး ရန်ကုန်မြို့ရဲ့ အချက်အချာကျတဲ့နေရာမှာ ရှိပါတယ်။ မြောက်ဒဂုံမြို့နယ်၊ တောင်ဥက္ကလာပမြို့နယ်၊ မြောက်ဥက္ကလာပမြို့နယ် စတဲ့ မြို့နယ်သုံးခုနဲ့ စပ်ဆက်နေတဲ့ ဗဟိုချက်အနီးမှာ ရှိပါတယ်။

ဒါ့အပြင် မြို့ပြင်ထွက်ဖို့ အမှတ် (၃) လမ်းမကြီးနဲ့ မဝေးသလို မြို့ထဲကိုလည်း ကမ္ဘာအေးဘုရားလမ်းကတစ်ဆင့် အလွယ်တကူသွားနိုင်တဲ့ နေရာကောင်းမှာ ရှိနေပါတယ်။

အဲဒီနေရာဟာ ၂၀၁၅ ခုနှစ်တုန်းက ကာလပေါက်ဈေးနဲ့ဆိုရင် တစ်ပေပတ်လည် ကျပ် ၁၅၀,၀၀၀ ပေါက်ဈေးရှိပါတယ်။ ဧက ၉၀ ဆိုရင် ကျပ်ဘီလျံပေါင်း ၅၀၀ ကျော် (အမေရိကန်ဒေါ်လာ သန်း ၅၀၀ ကျော်အထိ) တန်ကြေး ရှိတာပါ။

ဒါပေမဲ့ တင်ဒါပုံစံမှာပါတဲ့အတိုင်းဆိုရင် လုပ်ကိုင်ခွင့်ရသူက စက်ရုံသစ်အတွက် မြေဧက ၁၅၀ အစားပြန်ရှာပေးရမယ်ဆိုပေမဲ့ အဲဒါက ရန်ကုန်စည်ပင်သာယာနယ်နိမိတ်အတွင်း၊ မြန်မာ့အသံက လက်ခံတဲ့နေရာလို့ပဲပါတဲ့အတွက် ထောက်ကြန့်အစွန်ဘက်က မြေအစားပေးလည်းရပါတယ်။ လမ်းမကြီးပေါ်လို့ မပါဘဲ လမ်းမကြီးအနီးဆိုတဲ့အတွက် လမ်းမကြီးပေါ်မဟုတ်ဘဲ အတွင်းဘက်က လယ်မေ အလွတ်တွေ ရှာပေးရင်လည်း ဖြစ်နိုင်တာပါပဲ။

အဲဒီအချိန်က အစွန်ဘက်က လယ်မြေဆိုရင် တစ်ဧက သိန်း ၁၀၀ နဲ့ ၂၀၀ ကြားဆိုရင် ရပါတယ်။ ဧက ၁၅၀ ဆိုရင် ကျပ် ၁ ဒသမ ၅ ဘီလျံကနေ ကျပ် ၃ ဘီလျံလောက်ပဲ ကုန်ကျနိုင်မှာပါ။ ဝန်ထမ်းအိမ်ရာနဲ့ အသံလွှင့်ရုံသစ် ပြန်ဆောက်ပေးတာကလည်း ကျပ်ဘီလျံ ၃၀၊ ၄၀ (ဒေါ်လာ သန်း ၃၀၊ ၄၀) ဆို ရလောက်မှာပါ။

အဲဒါကြောင့် အဲဒီတုန်းက တင်ဒါကို ခွင့်ပြုပေးလိုက်ရင် ကျပ်ဘီလျံ ၃၀၀ ကျော် ကနေ ၅၀၀ ကျော်အထိ တန်ကြေးရှိတဲ့ မြေဧက ၉၀ ရသွားမယ့်သူဟာ ကျပ်ဘီလျံ ၂၀၀ ကနေ ၄၀၀ အထိ အကျိုးအမြတ်ရှိသွားမှာ ဖြစ်သလို နိုင်ငံတော်အနေနဲ့ ကျပ်ဘီလျံ ၂၀၀ ကနေ ၄၀၀ လောက်အထိ နစ်နာသွားနိုင်ပါတယ်။

■ လွှတ်တော်ကို မတင်ခဲ့ပေမဲ့ လွှတ်တော်မှာ ရှင်းခဲ့ရတဲ့ တင်ဒါ

၂၀၁၅ ခုနှစ် မေ ၂၂ ရက်မှာ အဲဒီတုန်းက ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံဖြိုးရေးပါတီက တောင်ဥက္ကလာပမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သိန်းလင်းက မရမ်းကုန်းမြိုနယ်မှာရှိတဲ့ ရေကူးအသံလွှင့်စက်ရုံဝင်းဟောင်း မြေနေရာမှ ဧက ၉၀ ခန့် ပုဂ္ဂလိကထံ လွှဲပြောင်းပေးအပ်မယ့်စီမံကိန်းကို ဆိုင်းငံ့ထားဖို့ ပြည်ထောင်စုလွှတ်တော်မှာ အရေးကြီးအဆို တင်ခဲ့ပါတယ်။

ဦးအောင်သိန်းလင်းက “တင်ဒါစည်းကမ်းချက်ဟာ (၁၇) ချက် ထည့်သွင်းဖော်ပြထားပေမယ့် ဒါတွေကို လေ့လာသုံးသပ်လိုက်တဲ့အခါမှာ သက်ဆိုင်ရာဌာနနဲ့ ဆက်စပ်ဆက်နွှယ်မှုရှိတဲ့ ကုမ္ပဏီတစ်ခု၊ နှစ်ခုအတွက်သာ ရည်ညွန်းပြီး စည်းကမ်းချက်တွေကို ရေးဆွဲထားသလို ဖြစ်နေတာကို စိစစ်တွေ့ရပါတယ်။ ရုပ်သံလိုင်းထောင်ခွင့်အပြင် ဘယ်သူမှမရခဲ့တဲ့ သုံးနှစ်ဆက်တိုက် အခွန်ကင်းလွတ်ခွင့် ပြည်လမ်းပေါ်က မြန်မာ့အသံဝင်းကို မြေငှားရမ်းခ ပေးစရာမလိုဘဲ အသုံးပြုခွင့်ရနေတဲ့ ကုမ္ပဏီတစ်ခုအတွက် ရည်ညွန်းပြီး စည်းကမ်းချက်တွေ သတ်မှတ်ထားသလိုဖြစ်နေတဲ့အတွက် ဒီ တင်ဒါစည်းကမ်းချက်ဟာ ကုမ္ပဏီအများစုနဲ့ မသက်ဆိုင်သလို ဖြစ်နေပါတယ်” လို့ အရေးကြီးအဆို တင်သွင်းတဲ့အခါမှာ ပြောခဲ့ပါတယ်။
“တည်ဆဲဖြစ်တဲ့မြေသိမ်းဥပဒေမှာ ပြဋ္ဌာန်းထားတာက နိုင်ငံတော်နဲ့ အများပြည်သူအကျိုးအတွက် မြေသိမ်းရမယ်လို့ ပြဋ္ဌာန်းထားတဲ့အတွက် နိုင်ငံတော်ပိုင်မြေတွေကို အသုံးပြုရာမှာလည်း နိုင်ငံတော်နဲ့ အများပြည်သူ ရေရှည်အကျိုးဖြစ်ထွန်းစေမယ့် စီမံကိန်းမျိုးဖြစ်သင့်ပါတယ်။ ယခု တင်ဒါစည်းမျဉ်းပါ ဆောင်ရွက်မယ့် စီမံကိန်းဟာ နိုင်ငံတော်နဲ့ အများပြည်သူအကျိုးထက် ကုမ္ပဏီအကျိုးအတွက် လတ်တလော အကျိုးအမြတ်ကို ရေရှည်အကျိုးအမြတ်တွေ အမြောက်အမြား ရရှိစေမှာဖြစ်တဲ့အတွက် ဒီတင်ဒါခေါ်ယူမှုကို ပြန်လည်သုံးသပ်ပြီး ဒီစီမံကိန်း ဆောင်ရွက်ဖို့ သင့် မသင့် ပြန်လည်သုံးသပ်သင့်ပါတယ်။ ကာလတန်ကြေး မြင့်မားတဲ့ ဒီမြေဧက ၉၀ ကို တင်ဒါခေါ်မယ့်အကြောင်းကိုလည်း ကျွန်တော်တို့ လွှတ်တော်ကို တင်သွင်းခဲ့ခြင်း မရှိခဲ့ပါဘူး” လို့ ဦးအောင်သိန်းလင်းက အဆိုတင်သွင်းစဉ်မှာ ပြောခဲ့ပါတယ်။

အဲဒီအရေးကြီးအဆိုအပေါ် ၂၀၁၅ မေ ၂၇ ရက်က ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ လွှတ်တော်ကိုယ်စားလှယ် ခြောက်ဦးက ဆွေးနွေးခဲ့ပြီး လွှတ်တော်ကိုယ်စားလှယ်အားလုံးက အဆိုကို ထောက်ခံဆွေးနွေးခဲ့ကြတယ်။

ရေကူးအသံလွှင့်မြေဧက ၉၀ ခန့်ကို ပုဂ္ဂလိကထံ လွှဲပြောင်းဖို့ တင်ဒါခေါ်ယူရာမှာ တင်ဒါပါ စည်းကမ်းချက် ၁၇ ချက်ဟာ သက်ဆိုင်ရာဌာန (ပြန်ကြားရေးဝန်ကြီးဌာန) နဲ့ ဆက်စပ်ဆက်နွယ်မှုရှိတဲ့ ကုမ္ပဏီနှစ်ခုအတွက်သာ ရည်ညွန်းပြီး စည်းကမ်းချက်တွေက သတ်မှတ်ထားသလိုဖြစ်နေတာ၊ တင်ဒါပုံစံ (လျှောက်လွှာ) က ကျပ် ၅၀၀၀ ကနေ အများဆုံး ကျပ် ၅၀၀၀၀ အတွင်းပဲရှိတာကို ကျပ် ၁၀ သိန်းအထိရှိခဲ့တာ၊ တင်ဒါကိစ္စမှာ ပွင့်လင်းမြင်သာမှု နယ်ဘောင်ကို ကျော်လွန်ပြီး ပေးချင်တဲ့သူကို ပေးဖို့ တစ်ဖက်သတ်ရေးဆွဲထားတာဖြစ်ပြီး မသန့်ရှင်းတဲ့ လုပ်ရပ်ဖြစ်တယ်လို့ ယူဆတယ်ဆိုတဲ့အကြောင်း လွှတ်တော်ကိုယ်စားလှယ်တွေက ဆွေးနွေးခဲ့ကြပါတယ်။

“အခုတင်ဒါကို လေ့လာကြည့်မယ်ဆိုရင် ကျပ် ၁၀ သိန်းတန်လျှောက်လွှာ ပွင့်လင်းမြင်သာမှုမရှိတဲ့ တင်ဒါလျှောက်လွှာ ဖြစ်နေပါတယ်။ ဘယ်သူ့အတွက် ရည်ရွယ်ချက်နဲ့ ဘယ်သူတွေက ဦးဆောင်ပြီးတော့ ဆွဲတာလည်းဆိုတဲ့ မေးခွန်းထုတ်စရာ ဖြစ်နေတာ၊ တင်ဒါစည်းကမ်းချက်မှာလည်း ပေးချင်တဲ့သူကို ပေးမယ်ဆိုတဲ့ စည်းကမ်းချက်ဖြစ်နေပါတယ်။ ကျပ်ဘီလျံ ၂၀၀ ကနေ ၄၀၀ အထိ နိုင်ငံတော်အတွက် နစ်နာမှာ ဖြစ်တယ်လို့ ပြောနေကြပါတယ်။ စီမံကိန်းပေါင်း ၃၀ ကျော်ပါတဲ့ လုပ်ငန်းတွေကို တင်ပြရမှာဖြစ်ပြီးတော့ ကြေညာတာက မေ ၁၅ ရက်ဖြစ်ပြီးတော့ မေ ၁၈ ရက်မှာ စတင်ပါတယ်။ ဇွန် ၁၉ ရက်မှာ နောက်ဆုံးထား တင်သွင်းရမယ်ဆိုတော့ ဘာကြောင့် အမြန်ခေါ်ရသလဲဆိုတာ မေးစရာ ဖြစ်လာပါတယ်။ ဘာအတွက်ကြောင့် ဒီမြေကွက်ကို အလောတကြီး ရောင်းထုတ်ချင်တာလည်းဆိုတဲ့ မေးခွန်းထွက်လာပါတယ်။ တင်ဒါစည်းကမ်းတွေကို ဘယ်သူက ရေးဆွဲတာလဲ။ တင်ဒါခေါ်ယူဖို့ကို ဘယ်သူက စေခိုင်းတာလဲဆိုတဲ့ သံသယအမေးပေါင်းများစွာ ထွက်လာပါတယ်။ သက်ဆိုင်ရာ ဝန်ကြီးဌာနရဲ့ လုပ်ဆောင်ချက်တွေဟာ အားနည်းချက်များစွာရှိနေတာကို တွေ့မြင်နိုင်ပါတယ်” လို့ ၂၀၁၅ ခုနှစ် မေ ၂၇ ရက်က ပြုလုပ်ခဲ့တဲ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ အမျိုးသားဒီမိုကရေစီအင်အားစုပါတီက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဇင်က ဆွေးနွေးခဲ့ပါတယ်။

အဲဒီနောက် အဆိုကို မှတ်တမ်းတင်ထားရှိဖို့သာ အဲဒီအချိန်က ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး တာဝန်ယူထားတဲ့ ဦးပိုက်ထွေးက လာရောက်ဆွေးနွေးခဲ့ပါတယ်။

ဒီကိစ္စကြီးကို Eleven Media Group က ဖော်ထုတ်ရေးသားပြီးတဲ့နောက်၊ လွှတ်တော်ကိုယ်စားလှယ်တွေကလည်း ဆွေးနွေးခဲ့ပြီးတဲ့နောက်မှာတော့ ဒါနဲ့ပတ်သက်တဲ့ အရေးကြီးအဆိုကို လွှတ်တော်ရဲ့ဆန္ဒ ရယူဆုံးဖြတ်ခဲ့တဲ့နေရာမှာ ကန့်ကွက်သူမရှိတဲ့အတွက် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်ရှိ ရေကူးအသံလွှင့်စက်ရုံဟောင်းဝင်း မြေနေရာမှ ဧက ၉၀ ခန့်ကို ပုဂ္ဂလိက လွှဲပြောင်းပေးမယ့်စီမံကိန်း ဆိုင်းငံ့ထားဖို့ ပြည်ထောင်စုလွှတ်တော်က ဆုံးဖြတ်ခဲ့ပါတယ်။

အဲဒီတင်ဒါကိစ္စနဲ့ ပတ်သက်လို့ ပြည်ထောင်စုလွှတ်တော်ရဲ့ ဆွေးနွေးဆုံးဖြတ်ချက်တွေဟာ နိုင်ငံတော် ဘဏ္ဍာငွေ မနစ်နာ၊ မဆုံးရှုံးစေလိုတာကြောင့် ထောက်ပြရေးသားခဲ့တဲ့ မီဒီယာ အသံ၊ ပြည်သူတွေရဲ့အသံကို ထင်ဟပ်စေခဲ့တယ်လို့ ဆိုရမှာလည်း ဖြစ်ပါတယ်။

■ မေးခွန်းထုတ်ခဲ့တဲ့ မေးခွန်းတွေ

ဦးသိန်းစိန်အစိုးရ ဆင်းခါနီးဆဲဆဲမှာ ရုတ်တရက်လုပ်ဆောင်ခဲ့တဲ့ ဒီကိစ္စမှာ Eleven Media Group က ထုတ်ခဲ့တဲ့ မေးခွန်းသုံးခုရှိပါတယ်။ အဲဒါတွေက (၁) ဘာကြောင့် ဒီမြေကွက်ကို အလောတကြီး ရောင်းထုတ်ချင်ရတာလဲ။ (၂) တင်ဒါစည်းကမ်းတွေကို ဘယ်သူတွေက ရေးဆွဲတာလဲ။ (၃) ဒီတင်ဒါခေါ်ယူဖို့ ဘယ်သူက စေခိုင်းတာလဲ။ သမ္မတဦးသိန်းစိန် အပါအဝင် ပြည်ထောင်စုဝန်ကြီးတွေနဲ့ တာဝန်ရှိသူတွေလားဆိုပြီး မေးခွန်းထုတ်ခဲ့ပါတယ်။

နောက်ပြီး တင်ဒါစည်းကမ်းမှာ ဖော်ပြထားတဲ့ သတ်မှတ်ချက်တွေအတိုင်း အဆောက်အအုံတွေ၊ ဟိုတယ်တွေ၊ အပန်းဖြေရိပ်သာတွေနဲ့ အခြားစီးပွားရေးဆိုင်ရာ အဆောက်အအုံတွေပါဝင်တဲ့ လုပ်ငန်းစီမံကိန်းပေါင်း ၃၀ ကျော်ပါဝင်တဲ့ အဆိုပြုလုပ်ငန်းပုံစံကို အသေအချာလုပ်မယ်ဆိုရင် အချိန်တစ်လအတွင်း ဘယ်လိုလုပ်ကြမလဲ။
စီမံကိန်းလုပ်ငန်းရပ် တစ်ခုချင်းစီအလိုက် ဒီဇိုင်း၊ အခန်းဖွဲ့စည်းမှု၊ ဧရိယာ၊ ကုန်ကျစရိတ်၊ ကြာမြင့်ချိန်တွေကို တစ်ရက်မှာ စီမံကိန်းတစ်ခုနှုန်းအမြန်လုပ်ရင်တောင် သတ်မှတ်ချိန်အတွင်း တင်နိုင်ဖို့ မလွယ်ပါဘူး။
ဒါပေမဲ့ တင်ဒါကြော်ငြာကို မေ ၁၅ ရက် အစိုးရသတင်းစာမှာ ထည့်တယ်။ တင်ဒါပုံစံတွေကို မေ ၁၈ ရက်မှာ စတင်ဝယ်ယူခွင့်ပြုတယ်။ ဇွန် ၁၉ ရက် နောက်ဆုံးထားပြီး တင်သွင်းရမယ်ဆိုတော့ အချိန်တစ်လပဲ ပေးထားတာပါ။ ဒါကို ကြိုမသိထားသူတွေအတွက် ပေးထားတဲ့ အချိန်တစ်လအတွင်း ပြီးပြည့်စုံတဲ့ တင်ဒါပုံစံတင်ဖို့ မဖြစ်နိုင်ပါဘူး။ ကြိုသိထားတဲ့သူဆိုရင် အဆင်ပြေနိုင်တာပေါ့။
ဒါကြောင့် ဒီသတင်းကို ဘယ်သူတွေ ကြိုသိထားခဲ့သလဲဆိုတာလည်း မေးခွန်းထုတ်စရာ ဖြစ်ပါတယ်။ တင်ဒါကိစ္စတွေနဲ့ ပတ်သက်လာရင် သတင်းကြိုပေါက်တာ၊ လုပ်ငန်းရှင်နဲ့ လက်ဝါးချင်းရိုက်ပြီးမှ ခေါ်ဖူးတဲ့သာဓကတွေလည်း ရှိခဲ့ဖူးပါတယ်။

ဘာပဲပြောပြော အဲဒီတုန်းက Eleven Media Group က ဖော်ထုတ်ရေးသားခဲ့တဲ့ ဆောင်းပါးဟာ ကျပ် ၁၀ သိန်းမက တန်ခဲ့တယ်ဆိုတာ အရင်ကတည်းက သက်သေထူနိုင်ခဲ့ပြီးဖြစ်ပါတယ်။

■ လေလံပစ်ဖို့ လိုနေပြီလား

မြန်မာနိုင်ငံအနေနဲ့ လက်ရှိအချိန်မှာ နိုင်ငံ့စီးပွား ဖွံ့ဖြိုးတိုးတက်ဖို့ အချိန်နဲ့အမျှ ကြိုးစားနေရတဲ့အခြေအနေဖြစ်ပါတယ်။ ဒီလိုအချိန်မှာ နိုင်ငံမှာရှိတဲ့ အရင်းအမြစ်တွေကို နိုင်ငံ့စီးပွား ဖွံ့ဖြိုးတိုးတက်ရေးအတွက် အသုံးချနေရတဲ့ကာလလည်းဖြစ်ပါတယ်။

လက်ရှိကာလပေါက်ဈေးနဲ့ဆိုရင် မရမ်းကုန်းမြိုနယ်မှာရှိတဲ့ ရေကူးအသံလွှင့်စက်ရုံဝင်းဟောင်းနေရာက မြေဈေးနှုန်းတွေဟာ တစ်စတုရန်းပေကို ကျပ် ၁၅ သိန်းလောက် ပေါက်ဈေးရှိနေပြီး ၂၀၁၅ ခုနှစ်ကထက် တစ်ပေပတ်လည် ကျပ် ၁၅၀၀၀၀ ထက် အဆများစွာ ဈေးမြင့်တက်လာပါတယ်။

ဒါကြောင့် ၂၀၁၅ ခုနှစ်က အစိုးရပိုင်မြေကနေ ပုဂ္ဂလိကကို လွှဲမယ့် မြေဧက ၉၀ နဲ့ အဲဒီနေရာရဲ့ လက်ရှိတန်ကြေးကို တွက်ရင် ကျပ်ဘီလျံ ၅၀၀၀ ကျော် တန်ကြေးရှိနေပြီလို့ ဆိုရမှာပါ။

ဒါ့ကြောင့် ဦးရဲထွဋ် ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးအဖြစ်တာဝန်ယူချိန်မှာ Eleven Media Group က ဖော်ထုတ်ရေးသားခဲ့တဲ့အတွက် ဝေဖန်မှုများစွာဖြစ်ပေါ်ခဲ့တဲ့ ပြန်ကြားရေးဝန်ကြီးဌာန အဆောက်အအုံများ ဆောက်လုပ်ခြင်း၊ ရောင်းချခြင်း၊ ငှားရမ်းခြင်းလုပ်ငန်းကော်မတီက ခေါ်ယူခဲ့တဲ့ တင်ဒါကိစ္စကို ဆိုင်းငံ့သွားခဲ့တာက နိုင်ငံတော်အနေနဲ့ ကျပ်ဘီလျံ ရာနဲ့ချီ နစ်နာဆုံးရှုံးမယ့်အခြေအနေကနေ လွတ်မြောက်ခဲ့တယ်လို့ ဆိုနိုင်ပါတယ်။

ဒီတင်ဒါစီမံကိန်း ဦးသိန်းစိန်အစိုးရလက်ထက်၊ NLD အစိုးရလက်ထက်၊ နစကနဲ့ လက်ရှိ သမ္မတ ဦးမင်းအောင်လှိုင် လက်ထက်အထိ ဆိုင်းငံ့ထားဆဲဖြစ်ပါတယ်။

အချိန်ကာလအားဖြင့်လည်း ၁၀ နှစ်ကျော်ရှိပြီဖြစ်သလို တင်ဒါကြော်ငြာခေါ်ယူချိန်က ပြန်ကြားရေးဝန်ကြီးတာဝန်ယူခဲ့တဲ့ ဦးရဲထွဋ်လည်း နိုင်ငံ့ဝန်ထမ်းဘဝကနေ အနားယူသွားခဲ့ပါပြီ။

စီမံကိန်းဆိုင်းငံ့ပြီးချိန်ကတည်းက စလို့ ဧက ၉၀ ကျော်ရှိတဲ့ အဲဒီမြေနေရာနဲ့ ပတ်သက်တဲ့ တခြားတင်ဒါလုပ်ငန်းကိစ္စတွေ ရှိ၊ မရှိတော့ မသိရပါဘူး။

၂၀၂၆ ခုနှစ် မတ်လဆန်းပိုင်းကတော့ အဲဒီတုန်းက ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ယူခဲ့တဲ့ ဦးမောင်မောင်အုန်းက ရေကူးအသံလွှင့်စက်ရုံဝင်းထဲကို သွားရောက်ကြည့်ရှုခဲ့တာ တွေ့ရပါတယ်။အုတ်တံတိုင်းကာရံဖို့ အခြေအနေတွေကို သွားရောက်ကြည့်ရှုခဲ့တာလို့ နိုင်ငံပိုင်မီဒီယာတွေမှာ ဖော်ပြခဲ့ကြပါတယ်။

နိုင်ငံတော်အနေနဲ့ ဘဏ္ဍာငွေ ကျပ်ဘီလျံ ရာနဲ့ချီ နစ်နာနိုင်တာကြောင့် လွန်ခဲ့တဲ့ ၁၀ နှစ်က Eleven Media Gruop က ရေးသားခဲ့တဲ့ တင်ဒါကြော်ငြာပါ မြေနေရာမှာ အစိုးရအနေနဲ့ စီမံကိန်းတွေ ထပ်ပြီး လုပ်ဆောင်ဖို့ ရ၊ မရှိဆိုတာ မသိရပေမဲ့ ဧက ၉၀ ကျော်တဲ့ အဲဒီမြေနေရာဟာ နိုင်ငံတော်နဲ့ ပြည်သူလူထုအတွက် ဖွံ့ဖြိုးတိုးတက်မှုတွေ ဖော်ဆောင်ဖို့အတွက် အသုံးချနိုင်တဲ့ အရင်းအမြစ်ကောင်းတစ်ခုပါ။

ဘာဖြစ်လို့လဲဆိုရင် ရန်ကုန်မြို့မှာ ပြည်သူလူထုအတွက် စီမံကိန်းကြီးတွေ ဖော်ဆောင်ဖို့ တစ်ဆက်တစ်စပ်တည်းရှိတဲ့ မြေနေရာဆိုတာရှားသွားပြီဖြစ်တာကြောင့် အဲဒီနေရာကို အခွန်ဘဏ္ဍာငွေရရှိစေဖို့ အစိုးရက နောက်တစ်ကြိမ် လေလံပစ်ဦးမလားဆိုတာ စဉ်းစားသင့်ပါပြီ။

ဒါ့ကြောင့် အစိုးရက ဦးဆောင်ပြီးတော့ပဲဖြစ်ဖြစ်၊ ပုဂ္ဂလိက လုပ်ငန်းရှင်တွေနဲ့ ဖက်စပ်လုပ်တာပဲဖြစ်ဖြစ် စီမံကိန်းတွေဖော်ဆောင်ဖို့ အဲဒီမြေနေရာကို နောက်တစ်ကြိမ် လေလံပြန်ပစ်မလားလို့ ဦးရဲထွဋ်နဲ့ ရေကူးအမှတ်တရဆောင်းပါးကို ရေးသားဖော်ပြလိုက်ရပါတယ်။

မူရင်းသတင်း — Eleven Media Group