
စက်သုံးဆီ ဝယ်ယူလို့မရလို့ လူမှုကွန်ရက်မှာ အသံထွက်လာပြန်ပါတယ်။ ဒီနေ့ အစောပိုင်း တွေ့လိုက်ရတဲ့ ရုပ်သံတစ်ခုမှာ ချောင်းသာ၊ ငွေဆောင်ဘက်ကို သွားတဲ့ လမ်းမှာ ကားသမားတစ်ယောက်က ချောင်းသာ၊ ငွေဆောင်ကို မလာကြဖို့၊ ဆီဆိုင်တွေမှာ ဆီထည့်လို့ မရတဲ့အကြောင်း ပြောထားပါတယ်။ ရန်ကုန်မြို့ပေါ်က ဆိုင်တချို့မှာလည်း ဆီဆိုင်တွေမှာ ဆီမရလို့ အပြင်ကနေ တစ်လီတာ (၇၅၀၀) ပေးဝယ်နေရတယ်ဆိုတဲ့ ပြောဆိုမှုတွေလည်း တွေ့လာရပါတယ်။ နယ်ဘက်တွေမှာတော့ ဆီတစ်လီတာ (၉၀၀၀)ကျော်အထိ ပေးဝယ်နေရတယ်ဆိုတဲ့ ပြောဆိုမှုတွေလည်း တွေ့ရပါတယ်။
ရန်ကုန်မှာသာ အသံထွက်နေတာမဟုတ်ပါဘူး။ မန္တလေး၊ မကွေး စသည်အားဖြင့် နယ်ဘက်တွေမှလည်း စက်သုံးဆီဝယ်မရတဲ့အကြောင်း ပြောဆိုတာတွေ၊ သံဃာတော်တွေရဲ့ကားများ စက်သုံးဆီ ထည့်မရတဲ့ ပြဿနာတွေကို ပြောနေကြပါတယ်။
စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ က (၇-၇-၂၀၂၆) ရက်နေ့ ထုတ်ပြန်တဲ့ ဈေးတွေမှာ ရန်ကုန်ဈေး 92 တစ်လီတာ (၄၅၃၀) ကျပ်၊ 95 တစ်လီတာ (၄၅၅၀)ကျပ် ဆိုပြီး ထုတ်ပြန်ထားပါတယ်။ မန္တလေးဈေးကတော့ ရန်ကုန်ဈေးနဲ့ (၁၀၀)ကျော်လောက် ကွာပါတယ်။
နိုင်ငံတော်အစိုးရအနေနဲ့က စနစ်တကျ ဖြစ်စေဖို့ ကြပ်မက်ဆောင်ရွက်နေတယ်ဆိုသော်လည်း စီးပွားရေးသမားများရဲ့ လောဘကို ထိန်းချုပ်ဖို့ဆိုတာက မလွယ်ပါဘူး။ လုပ်ငန်းရှင်တိုင်းကိုလည်း ဝိသမလောဘသားလို့ မပြောလိုပါဘူး။ စည်းကမ်းတကျ ရောင်းချပေးတဲ့ ဆိုင်တွေလည်း ရှိနေနိုင်ပါတယ်။ တချို့သော လုပ်ငန်းရှင်များကတော့ ထိန်းချုပ်ထားနဲ့ ဈေးနဲ့ အများပြည်သူကို မရောင်းပေးနိုင်ပါဘူး။ ခွဲတမ်းရဆီကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ ထုတ်ပြီး အပြင်ပေါက်ဈေးနဲ့ ရောင်းတဲ့ လုပ်ငန်းရှင်တွေလည်း ဒီကာလမှာ တရှိန်ထိုး တက်သွားတဲ့ သတင်းမျိုးတွေ ကြားသိရပါတယ်။
ကား၊ ဆိုင်ကယ်တွေကို QR နဲ့ ရောင်းချပေးနေတဲ့ စနစ်မှာလည်း ကားပိုင်ရှင်က ဆီထုတ်မရဘဲ ပွားထားတဲ့သူက ဆီထုတ်သွားလို့ ပြဿနာတက်ရတာမျိုးတွေလည်း တွေ့ရပါတယ်။ ဒီလို ပြဿနာမျိုးရင်ဆိုင်နေရတဲ့ ယာဉ်ပိုင်ရှင်တွေ စာရွက်စာတမ်းအထောက်အထားများနဲ့ QR အသစ်လာရောက်ထုတ်ယူဖို့ ထုတ်ပြန်တာကိုလည်း တွေ့လိုက်ရပါတယ်။ ဒီအစီအစဉ်တွေက လိုင်စင်ကားတွေကိုသာ ကြပ်မက်လို့ ရတဲ့ လုပ်ငန်းစဉ်တွေ ဖြစ်ပါတယ်။ မြန်မာပြည်မှာက လိုင်စင်ကားနဲ့ လိုင်စင်မဲ့ကားဆိုရင် လိုင်စင်မဲ့ကားအရေအတွက်ကတောင်များနေမလားပဲ။ ဆရာတော်တွေ သာသနာလိုင်စင်ကပ်ပြီးစီးနေတာက အရေအတွက်တစ်ခုပါ။ နယ်ဘက်တွေမှာ လိုင်စင်မဲ့ကားစီးနေတာက များပြားလွန်းလှပါတယ်။ ဒီကားတွေကလည်း ကားရှိနေတော့ စက်သုံးစီရတဲ့နည်းနဲ့ ရှာပြီး စီးကြမှာပဲ ဖြစ်ပါတယ်။
စက်သုံးဆီများတင်သွင်းရာမှာ အခွန်ကင်းလွတ်ခွင့် ဆက်လက်ခွင့်ပြုပေးဖို့ ပြည်ထောင်စုလွှတ်တော်မှာ ဆွေးနွေးကြတဲ့အခါ လွှတ်တော်ကိုယ်စားလှယ်ကြီးတချို့က အခွန်ကင်းလွတ်ခွင့်ပေးခဲ့တဲ့ ကာလ၊ နိုင်ငံတော်က ရသင့်ရထိုက်တဲ့ အခွန်အခများစွာ ဆုံးရှုံးခံပြီး လုပ်နေတဲ့ လုပ်ငန်းစဉ်မှာ ပြည်သူလူထုကို အကျိုးသက်ရောက်မှုက ဘယ်လောက်အထိ ကောင်းမွန်တဲ့ ရလဒ်ရှိသလဲ။ ဒါနဲ့ ပတ်သက်လို့ စစ်တမ်းယူတာမျိုး ရှိသလား။ နိုင်ငံတော်က ဒေါ်လာတွေလည်း ရောင်းပေးနေသေးတယ်။ ဆိုတော့ အခွန်ကင်းလွတ်ခွင့် မပေးဘဲ ပြည်သူအတွက် လိုအပ်တဲ့နေရာမှာ ထိထိရောက်ရောက် အကူအညီပေးသင့်တဲ့အကြောင်း ထောက်ပြဆွေးနွေးသံတွေလည်း ကြားခဲ့ရပါတယ်။
လွှတ်တော်ကိုယ်စားလှယ်ကြီးများရဲ့ ဆွေးနွေးတင်ပြမှုကလည်း မမှားဘူးလို့ ပြောရမှာ ဖြစ်ပါတယ်။ ဆီလုပ်ငန်းရှင်တွေက ဒေါ်လာလည်း နိုင်ငံတော်သတ်မှတ်ဈေးနဲ့ သက်သက်သာသာ ရတယ်။ အဲဒီကနေလည်း အမြတ်ထွက်တယ်။ စက်သုံးဆီတင်သွင်းလာပြန်တော့လည်း အခွန်ကင်းလွတ်ခွင့်ရတယ်။ တရားဝင် လမ်းကြောင်းက မရောင်းဘဲ အပြင်ပေါက်ဈေးနဲ့ ထုတ်ရောင်းပြန်တော့လည်း အမြတ်များစွာရနေပြန်တယ်။ အများပြည်သူ အခက်အခဲအကြပ်အတည်း ဖြစ်နေသော်လည်း ဆီတင်သွင်းတဲ့ လုပ်ငန်းရှင်တွေပဲ ဘက်ပေါင်းစုံက အမြတ်ရနေတဲ့ သဘောမျိုး သက်ရောက်နေလား စဉ်းစားစရာပါ။
စက်သုံးဆီတွေက အများပြည်သူကြားမှာ အခက်အခဲဖြစ်နေသည့်တိုင်အောင်လည်း တရားမဝင် သယံဇာတခိုးတူးတဲ့ နေရာတွေကိုတော့ တောလမ်းတွေ၊ ရှောင်ကွင်းလမ်းတွေကနေ ဆီဘောက်ဆာတွေနဲ့ တမျိုး၊ ပီပါတွေတင်ပြီးသွားတာက တမျိုး တရားမဝင်လုပ်ငန်းများ လုပ်ကိုင်ရာ နေရာတွေကို အရောက်သွားနေကြတာကလည်း ထည့်သွင်းစဉ်းစားရမယ့် ကိစ္စဖြစ်နေပါတယ်။ လုပ်ငန်းရှင်တွေက အများပြည်သူကြား ရောင်းတဲ့ဈေးနဲ့ တရားမဝင် လုပ်ငန်းတွေဆီ အရောက်ပို့ပြီး ရောင်းတဲ့ဈေးက သုံးဆလောက် မြတ်နေတာလည်း ဖြစ်နိုင်ပါတယ်။ စစ်ဆေးရေးတာဝန်ရှိသူတွေက ဒီလို တရားမဝင်သွားနေတာတွေကို တားဆီးနိုင်ခြင်းမရှိဘူးဆိုတာကလည်း ရိုးသားပါရဲ့လားလို့ မေးခွန်းထုတ်စရာဖြစ်နေပါတယ်။
ဆိုတော့ ဒီပြဿနာကို အစိုးရအနေနဲ့ ကိုင်တွယ်ရတာလည်း ခေါင်းခဲရတဲ့ ပြဿနာတစ်ခုလိုဖြစ်နေမှာပါ။ အစိုးရယန္တရား (ဝန်ထမ်းများ) ကြားမှာကလည်း အဂတိရှိတယ်။ ဝိသမလောဘသားတွေကလည်း ပါးစပ်ပါရင် စားတယ်ဆိုတာ သိနေတော့ တရားမဝင် လမ်းကြောင်းကို ရဲရဲဝံ့ဝံ့သွားနေကြတယ်။
ဆိုရင် ဒေါ်လာတွေ ရောင်းချပေးတာ၊ အခွန်လျှော့ပေါ့ပေးနေတာတွေဟာ အများပြည်သူအဆင်ပြေစေဖို့ထက် ဝိသမလောဘသားများကိုသာ အမြတ်ထွက်စေတဲ့ လုပ်ငန်းစဉ်လို ဖြစ်နေပါတယ်။ အစိုးရအနေနဲ့က စက်သုံးဆီတင်သွင်းတာကို အစိုးရအနေနဲ့ တင်သွင်းနိုင်သလောက် တင်သွင်းဖြန့်ချိ၊ ပုဂ္ဂလိက ကုမ္ပဏီတွေလည်း သွင်းနိုင်သလောက်သွင်း၊ ရောင်းနိုင်တဲ့ဈေးနဲ့ရောင်း၊ ဈေးကွက်ထဲ ပေါက်ဈေးနဲ့သာရောင်း၊ သုံးနိုင်တဲ့ ပြည်သူတွေ သုံးကြလိမ့်မယ်။
အစိုးရအနေနဲ့က စိုက်ပျိုးရေးလုပ်ငန်းတွေအတွက် အဓိကလိုအပ်ချက်ကို ဖြည့်ဆည်းပေးပြီး အများပြည်သူသုံး သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေကို အဓိက ဖြည့်ဆည်းပေးပြီး အများပြည်သူကြား ရောင်းပေးနိုင်သလောက် ဈေးကွက်ပေါက်ဈေးအတိုင်းသာ ရောင်းချပေးလိုက်ပါ။ အစိုးရအနေနဲ့ ထိန်းချုပ်တ၊ ကွပ်ကဲတာက ဖြစ်သင့်ဖြစ်ထိုက်တဲ့ အခြေအနေဖြစ်စေဖို့ ရည်ရွယ်တာဖြစ်ပေမယ့် နောက်ဆက်တွဲ ပြဿနာတွေ များလွန်းသလို အစိုးရယန္တရားကိုပါ အဂတိမှုတွေဖြစ်လာအောင် ဖန်တီးသလိုဖြစ်စေပါတယ်။ စီးပွားရေးသမားများ ဆိုသည်မှာလည်း ထိန်းချုပ်ကန့်သတ်ထားရင် ဖောက်ထွက်ချင်ကြတာမျိုးဖြစ်ပါတယ်။ လူထုကြားမှာ မတတ်နိုင်တဲ့သူကလည်းမတတ်နိုင်သည့်အလျှောက် တတ်နိုင်တဲ့သူကလည်း သူတို့လိုအပ်ရင် ဈေးကို ဂရုမစိုက်ပါဘူး။ လိုသလောက်ရဖို့သာ အဓိကပါ။ ဆိုတော့ ဆီဈေးကြီးလို့ မတတ်နိုင်တဲ့သူများက သွားလာမှုတွေ လျှော့ချသွားပါလိမ့်မယ်။
NLD အစိုးရလက်ထက်ကလည်း ဆီဈေးလျှော့ရောင်းပေးဖို့ ရည်ရွယ်ပြီး လုပ်ငန်းရှင်တစ်စုကို မြေတွေချပေးလို့ မလိုလားအပ်တဲ့ နောက်ဆက်တွဲပြဿနာတွေ ပေါ်ပေါက်ခဲ့ဖူးပါတယ်။ အခုလည်း စက်သုံးဆီဈေး အလွန်အမင်းတက်မလာဖို့ ထိန်းချုပ်ထားတဲ့ အခြေအနေမှာ အရှိတရားက အပြည့်အဝထိန်းချုပ်နိုင်ဖို့ မလွယ်ဘူးဆိုတာကို ပြသနေပါတယ်။ ဒါကြောင့် ဈေးကွက် ဝယ်လိုအား၊ ရောင်းလိုအားနဲ့ လွတ်လွတ်လပ်လပ် ခွင့်ပြုပေးလိုက်ခြင်းကသာ အပြန်အလှန်ထိန်းကျောင်းသွားပါလိမ့်မယ်။
ဈေးကွက်မှာ ဈေးကွက်ပေါက်ဈေးအတိုင်း ရောင်းကြ၊ ဝယ်ကြ ပါစေ။ အရည်အသွေးမမှန်ကန်မှသာ အရေးယူလိုက်ပါ။ အစိုးရကတော့ ထားရှိသင့်တဲ့ အရန်ဆီပမာဏကို ထားရှိပြီး အဂတိကင်းကင်းနဲ့ အဓိကလိုအပ်တဲ့နေရာတွေကို ဖြန့်ဖြူးရောင်းချပေးနိုင်စေဖို့သာ အဓိကအလေးထား လုပ်ဆောင်ခြင်းအားဖြင့် ဈေးကွက်စီးပွားရေးလမ်းကြောင်းကို ဖွင့်ပေးထားလိုက်ဖို့သာ ဖြစ်ပါတယ်။ စက်သုံးဆီနဲ့ ပတ်သက်လို့ ထိန်းချုပ်ခဲ့တဲ့ကာလ၊ အစိုးရက အရှုံးခံပြီးရောင်းပေးတဲ့ကာလ ပြန်လည်ဆန်းစစ်ကြည့်ရင် ပြဿနာတွေများလွန်းပြီး မှောင်ခိုဈေးကွက် သီးခြားပေါ်ပေါက်လာတာကို သတိပြုသင့်ပါတယ်။
MNP
#Myanmar #News