
အကျဉ်းသားများကို မိသားစုနှင့်ဖုန်းပြောခွင့်ပေးရန် အကျဉ်းဦးစီးဌာနကို မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်က ထောက်ပြသင့်ဟု ပုဗ္ဗသီရိမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေက ပြောကြားသည်။
နိုဝင်ဘာ ၅ ရက်ကကျင်းပသည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင်
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်၏ ၂၀၂၅ ခုနှစ် နှစ်ပတ်လည် အစီရင်ခံစာတွင်ပါရှိသည့် အကျဉ်းဦးစီးဌာန၏ အကြံပြုချက်များအပေါ် ဆွေးနွေးရာတွင် ပုဗ္ဗသီရိမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေက ထိုသို့ဆွေးနွေးခြင်းဖြစ်သည်။
အဆိုပါအစီရင်ခံစာအရ မြန်မာနိုင်ငံတွင်အကျဉ်းထောင်ပေါင်း ၄၆ ခု၊ အချုပ်ထောင် ၂၀၊ ရဲဘက်စခန်း ၄၈ ခု၊ သက်မွေးပညာအတက်သင်စခန်း ၃၀၊ ကုန်ထုတ်စခန်း ၁၈ ခုနှင့် အကျဉ်းသားပေါင်း ၈၇၃၅၄ ဦးရှိသည်ဟုသိရကြောင်း၊ ကော်မရှင်၏ အကြံပြုချက်ထဲတွင် အကျဉ်းထောင်လက်စွဲကို ပြုပြင်သင့်သည်ဟု မပါဝင်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေက ပြောကြားသည်။
မြန်မာနိုင်ငံသည် ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံဖြစ်ကြောင်း၊ ကုလသမဂ္ဂ၏ ၂၀၁၅ ခုနှစ်တွင် ပြဋ္ဌာန်းထားသည့် နယ်ဆင်မင်ဒဲလား Rule ရှိကြောင်း၊ ကုလသမဂ္ဂ၏ နယ်ဆင်မင်ဒဲလား Rule အရ အကျဉ်းသားများသည် မိသားစုနှင့်တွေ့ဆုံခွင့်၊ ဖုန်းဆက်ခွင့်၊ ဆက်သွယ်ခွင့်ရှိရမည်ဟုပါရှိကြောင်း၊ မြန်မာနိုင်ငံသည်ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံဖြစ်သဖြင့် ကုလသမဂ္ဂကထုတ်ပြန်ထားသည့် Rule များကို လိုက်နာသင့်သည်ဟုမြင်ကြောင်း၊ မြန်မာနိုင်ငံ၏ အကျဉ်းထောင်လက်စွဲမှာတောအကျဉ်းသားသည် ဖုန်းဆက်ခွင့်မရှိကြောင်း၊ ကမ္ဘာပေါ်တွင် ၁၉၃ နိုင်ငံအနက် ၁၈၃ နိုင်ငံတွင် ဖုန်းဆက်ခွင့်ရှိပြီး ၁၀ နိုင်ငံသာဖုန်းဆက်ခွင့်မရှိကြောင်း၊ ဥပမာအားဖြင့် တရုတ်နှင့် ရုရှားနိုင်ငံတို့၌ပင် အကျဉ်းသားသည် ဖုန်းဆက်ခွင့်ရှိကြောင်း၊ ရုရှားနိုင်ငံတွင် နှစ် ၂၀ ထောင်ကျနေသူသည် ၁၀ နှစ်ပြည့်သည့်အခါ စည်းကမ်းလိုက်နာသည်ဆိုပါက ဖုန်းဆက်ခွင့်ရှိကြောင်း၊ တရုတ်နိုင်ငံတွင်လည်း နိုင်ငံတော်တို့ပုန်ကန်မှု၊ ခွဲထွက်ရေးကိစ္စမျိုးမှလွဲပြီး ဖုန်းဆက်ခွင့်ရှိကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေက ဆွေးနွေးပြောကြားသည်။
"နောက်တစ်ခါ ကနေဒါလို နိုင်ငံမျိုးမှာဆိုရင် ပထမဦးဆုံးသူပြစ်မှုတစ်ခုခုကြောင့် ထောင်ကျသွားတယ်ဆိုရင် ထောင်ကိုရောက်ရောက်ချင်း ၁၅ မိနစ်သူ့မိသားစုကို ဖုန်းပြောခွင့်ရှိတယ်။ သူပြောမှာပေါ့။ ငါတော့ဘယ်ထောင်ရောက်နေပြီ။ ငါ့ကိုခြင်ထောင်လေး၊ စောင်လေးလာပို့ပါ။ ငါးပိကြော်လေးလာပို့ပါ စသည်ဖြင့် ဒီလိုလေးဖုန်းဆက်ခွင့်ရှိတယ်။ အဲဒါဟာ အတုယူသင့်တဲ့အချက်လို့ ကျွန်တော်မြင်တယ်။ ဒါတွေကိုလူ့အခွင့်အရေးကော်မရှင်က ထောက်ပြသင့်တယ်လို့မြင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်က နိုင်ငံသားများ၏ မူလအခွင့်အရေး၊ ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေးကော်မတီဆိုသော်လည်း ကျွန်တော်တို့ကော်မတီသည် ပြည်သူ့လွှတ်တော်က ဖွဲ့စည်းထားတဲ့အတွက်ကြောင့်မို့ ပြည်သူ့လွှတ်တော်ရဲ့ ထိန်းချုပ်မှုအောက်မှာရှိတယ်။ ကော်မရှင်ကြီးကတော့ လွတ်လပ်တဲ့အတွက်ကြောင့် လွတ်လွတ်လပ်လပ်ဒါတွေကို ထောက်ပြသင့်တယ်လို့မြင်တယ်။ ထိုင်းမှာဆိုရင် ကိုဗစ် ၁၉ ပြီးတဲ့အချိန်ကစပြီးတော့ အကျဉ်းသားနဲ့ မိသားစုကို video call ခေါ်ခွင့်ပေးတယ်။ ဒါဟာအင်မတန်ကောင်းတယ်။ မြစ်ကြီးနားကထောင်ကျနေတဲ့သူက အင်းစိန်ကိုလာဖို့ကတော်တော်ခက်တယ်။ တော်တော်ခက်တဲ့အခါကြတော့ သူ video call လေးနဲ့ခေါ်ခွင့်ရမယ်ဆိုရင် အင်မတန်ကောင်းတယ်။ ဒါဟာ ကုလသမဂ္ဂကလည်း ပြဋ္ဌာန်းထားတယ်။ ၁၉၃ မှာ ၁၀ နိုင်ငံပဲ ဖုန်းပြောလို့မရတာ။ အဲဒီ ၁၀ နိုင်ငံထဲမှာ ကျွန်တော်တို့မြန်မာနိုင်ငံပါတယ်။ ကျွန်တော်တို့က ဒါတွေကိုဖြေလျော့ပေးလိုက်လို့ရှိရင် နိုင်ငံတကာကလည်းဟာမြန်မာပြည်မှာတော့ လူ့အခွင့်အရေးနဲ့ပြည့်ဝတဲ့ လုပ်ငန်းတွေလုပ်နေပြီလို့ ကျွန်တော်တို့ပြောလို့ရတယ်'' ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေက ပြောကြားသည်။
ထို့ပြင် ပြီးခဲ့သည့် ရက်သတ္တနှစ်ပတ်ခန့်က ဒေါ်အောင်ဆန်းစုကြည်သည် ၎င်း၏သားဖြစ်သူနှင့်ဖုန်းပြောခွင့်ရကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်သည် ထောင်နှစ်ရှည်ကြနေသော်လည်း ယခုကဲ့သို့ဖုန်းပြောခွင့်ရခြင်းသည် ကောင်းသည့်လက္ခဏာဖြစ်ကြောင်း၊ သို့သော်အကျဉ်းထောင်လက်စွဲတွင် အကျဉ်းသားသည် ဖုန်းဆက်ခွင့်မရှိကြောင်း၊ သို့သော်လည်း ဖုန်းဆက်ခွင့်ရကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် အခန်း(၈)တွင် အားလုံးသည်တန်းတူညီမျှရှိရမည်ဟု ပြဋ္ဌာန်းထားကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်သည် ဖုန်းဆက်ခွင့်ရပြီး ကျန်သည့်အကျဉ်းသားများ ဖုန်းဆက်ခွင့်မရပါက လူ့အခွင့်အရေးကော်မရှင်အနေဖြင့် ထောက်ပြသင့်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေက ပြောကြားသည်။
ဒေါ်အောင်ဆန်းစုကြည်အား ၎င်း၏သားဖြစ်သူနှင့်ပတ်သက်၍ နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားရာတွင် နိုင်ငံတော်သည် ဒေါ်အောင်ဆန်းစုကြည်အား လူသားချင်းစာနာထောက်ထားမှုကို အလေး ထားသောအားဖြင့်လည်းကောင်း၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) လုပ်ငန်းစဉ် များအရလည်းကောင်း၊ နိုင်ငံတော်သမ္မတ၏ အခွင့်အာဏာအတွင်းက ဆောင်ရွက်ပိုင်ခွင့်ရှိသော အထူးကိစ္စရပ်အနေဖြင့်လည်းကောင်း အကျဉ်းသူ ဒေါ်အောင်ဆန်းစုကြည်ကို ၎င်း၏သားဖြစ်သူ ကင်မ်အဲရစ် (ခ) ကိုထိန်လင်းနှင့် ၂၀၂၆ ခုနှစ် အောက်တိုဘာ ၂၂ ရက် မွန်းလွဲ ၂ နာရီခွဲမှ ၂ နာရီ ၅၀ မိနစ်အထိ လန်ဒန်မြို့ရှိ မြန်မာသံရုံးမှတစ်ဆင့် စကားပြောကြေးနန်းဖြင့် ကောင်စစ်ဆိုင်ရာ ဆက်သွယ်ပြောဆိုခွင့်ပေးခဲ့ကြောင်း ဖော်ပြထားသည်။