Eleven Media Group

■ အရက်ချက်စက်ရုံပိုင်ဆိုင်ခွင့်နှင့် ချက်လုပ်ခွင့်လိုင်စင်အတွက် ၇၅ သိန်းမှ သိန်း ၂၅၀ အထိ အခွန်ဆောင်ရမည့်အချက်ပါဝင်သော ယစ်မျိုးခွန်ဥပဒေကြမ်းကို ရန်ကုန်တိုင်းလွှတ်တော်သို့ တင်သွင်း

အရက်ချက်စက်ရုံပိုင်ဆိုင်ခွင့်နှင့် ချက်လုပ်ခွင့်လိုင်စင်အတွက် ၇၅ သိန်းမှ သိန်း ၂၅၀ အထိ အခွန်ဆောင်ရမည့်အချက်ပါဝင်သော ယစ်မျိုးခွန်ဥပဒေကြမ်းကို ရန်ကုန်တိုင်းလွှတ်တော်သို့ တင်သွင်းကြောင်း သိရသည်။

နိုဝင်ဘာ ၆ ရက်က ပြုလုပ်သော တတိယအကြိမ်၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်၊ အရေးပေါ်အစည်းအဝေး(၁/၂၀၂၆) ပထမနေ့အစီအစဉ်တွင် ဥပဒေကြမ်းကော်မတီက ရန်ကုန်တိုင်းဒေသကြီး ယစ်မျိုးခွန်ဥပဒေကို တတိယအကြိမ် ပြင်ဆင်သည့်ဥပဒေကြမ်းကို လွှတ်တော်သို့တင်သွင်းခြင်းခဲ့ခြင်းဖြစ်သည်။

အဆိုပါ ဥပဒေကြမ်းတွင် အရက်ချက်စက်ရုံပိုင်ဆိုင်ခွင့်နှင့် ချက်လုပ်ခွင့်လိုင်စင်အတွက် အခွန်ကောက်ခံရာတွင် ထုတ်လုပ်မှုဂါလန် တစ်ရက်လျင် ဂါလန် ၅၀ မှ ဂါလန် ၅၀၀ အတွက် ငွေကျပ် ၇၅ သိန်း၊ ဂါလန် ၅၀၀ မှ ဂါလန် ၁၀၀၀ အတွက် ငွေကျပ် သိန်း ၁၅၀ နှင့် ဂါလန်တစ်ထောင်နှင့်အထက်ကို ငွေကျပ် သိန်း ၂၅၀ ကောက်ခံရန် ဖော်ပြထားသည်။

ထို့ပြင် အရက်ချက်စက်ရုံပိုင်ဆိုင်ခွင့်သာရှိပြီး ချက်လုပ်ခွင့်မရှိသည့်လိုင်စင်အတွက် ငွေကျပ်သိန်း ၂၀၊ ဝိုင်အရက်များထုတ်လုပ်ခွင့်လိုင်စင်အတွက် ငွေကျပ်ငါးသိန်း၊ ပြည်ပမှ တင်သွင်းလာသော နိုင်ငံခြားအရက်ပြင်းကို ပေါင်းစပ်ခွင့်၊ ရောနှောခွင့်၊ အနံ့ထည့်ခွင့်နှင့် အရောင်ဆိုးခွင့်လိုင်စင်အတွက် ငွေကျပ် သိန်း ၂၀ အခွန်ကောက်ရန် ဥပဒေကြမ်းတွင် ပါရှိသည်။

ဆက်လက်ပြီး အရက်ပြန်ပါဝင်သည့် ဆေးဝါးများကို မြန်မာ့ဆေးဆရာများက ထုတ်လုပ်ခွင့်၊ ပိုင်ဆိုင်ခွင့်နှင့်ရောင်းချခွင့်လိုင်စင်အတွက် ငွေကျပ် တစ်သိန်းနှင့် နိုင်ငံခြားအရက်ပြင်းထုတ်လုက်ရန်၊ ပေါင်းစပ်ရန်၊ ရောနှောရန်၊ အရောင်ဆိုးရန်၊ အနံ့ထည့်ရန်နှင့် ပုလင်းသွပ်ရန်၊ အရက်ချက်စက်ရုံပိုင်ဆိုင်ခွင့်၊ ချက်လုပ်ခွင့်နှင့် လိုင်စင်ရရောင်းချသူများကိုသာ လက်ကားရောင်းချခွင့်လိုင်စင်အတွက် အခွန်ကို ငွေကျပ်သိန်းတစ်ရာ ကောက်ခံရန် ဥပဒေကြမ်းတွင်ပါရှိသည်။

မူရင်းသတင်း — Eleven Media Group