
အာဆီယံနှင့် အရှေ့အာရှ စီးပွားရေးသုတေသနအဖွဲ့ (ERIA) ၏ ဒုတိယအကြိမ် အရှေ့အာရှမီဒီယာဆွေးနွေးပွဲ (2nd East Asia Media Caucus) ဆွေးနွေးပွဲကို နိုဝင်ဘာ ၆ ရက်က အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာမြို့တွင် ကျင်းပခဲ့ပြီး Eleven Media Group မှ အကြီးတန်းအယ်ဒီတာဖြစ်သူ ကိုအောင်မင်းသန့် တက်ရောက်သတင်းရယူခဲ့သည်။
အဆိုပါဆွေးနွေးပွဲကို “အာဆီယံ စွမ်းအင်လုံခြုံရေးမြှင့်တင်ခြင်းနှင့် စိမ်းလန်းသော စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ရှေ့ဆက်အကောင်အထည်ဖော်ခြင်း” အမည်ဖြင့် ဂျာကာတာမြို့ Sentral Senayn II တာဝါ ၁၅ လွှာရှိ ERIA ရုံးချုပ်တွင်ပြုလုပ်ခဲ့ပြီး ဖိတ်ကြားထားသည့် အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် ERIA အဖွဲ့ဝင်နိုင်ငံများမှ မီဒီယာကိုယ်စားပြု ၁၇ ဦးနှင့် ဂျာကာတာအခြေစိုက် ဒေသခံဂျာနယ်လစ် ၁၅ ဦး၊ စုစုပေါင်း ၃၂ ဦး တက်ရောက်သတင်းယူခွင့်ရရှိခဲ့သည်။
ဆွေးနွေးပွဲကို အပိုင်း ၃ ခုဖြင့် ပြုလုပ်ခဲ့ပြီး အပိုင်း ၁ အဖြစ် “မသေချာမရေရာသော ကမ္ဘာ့အခြေအနေများအတွင်း အာဆီယံ၏ စွမ်းအင်လုံခြုံရေးနှင့် ရင်ဆိုင်တုံ့ပြန်နိုင်စွမ်းကို ပိုမိုအားကောင်းစေခြင်း”၊ အပိုင်း ၂ အဖြစ် “စိမ်းလန်းသော စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းမှုနှင့် အာဆီယံဒေသတွင်း သာယာဝပြောရေး စင်္ကြံလမ်းကြောင်းများ”၊ အပိုင်း ၃ အဖြစ် “အာဆီယံ၏ စိန်ခေါ်မှုများနှင့် အခွင့်အလမ်းများကို ဆက်သွယ်တင်ပြခြင်းတွင် မီဒီယာ၏ အခန်းကဏ္ဍ” စသည့် ခေါင်းစဉ်များဖြင့် ဆွေးနွေးခဲ့ကြသည်။
ဦးစွာ ERIA ၏ လုပ်ငန်းလည်ပတ်မှုဆိုင်ရာ အမှုဆောင်အရာရှိချုပ် Mr. Takayuki Yamanaka က ဆွေးနွေးပွဲနှင့်ပတ်သက်ပြီး အဖွင့်စကားပြောကြားခဲ့ပြီး မကြာသေးမီက ဖြစ်ပွားခဲ့သော ကမ္ဘာ့စွမ်းအင်ထောက်ပံ့ရေး အနှောင့်အယှက်များမှာ ကြိုတင်ပြင်ဆင်ထားမှုနှင့် ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုတို့၏ အရေးပါမှုကို ပိုမိုထင်ရှားစေခဲ့ကြောင်း၊ စိမ်းလန်းသော စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းမှုတို့သည် အာဆီယံ၏ ယှဉ်ပြိုင်နိုင်စွမ်းနှင့် ဒေသတွင်း စီးပွားရေးပေါင်းစည်းမှုကို ပိုမိုအားကောင်းလာစေနိုင်သည့် အလားအလာများရှိကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
အပိုင်း ၁ “မသေချာမရေရာသော ကမ္ဘာ့အခြေအနေများအတွင်း အာဆီယံ၏ စွမ်းအင်လုံခြုံရေးနှင့် ရင်ဆိုင်တုံ့ပြန်နိုင်စွမ်းကို ပိုမိုအားကောင်းစေခြင်း” ခေါင်းစဉ်ဖြင့် ဆွေးနွေးမှုကို နံနက် ၉း၁၅ မှ ၁ဝး၃၀ နာရီအထိ ပြုလုပ်ခဲ့ပြီး ERIA ၏ စွမ်းအင်မူဝါဒဆိုင်ရာ ဒါရိုက်တာ၊ အာရှ Zero Emission Center ၏ အကြီးအကဲဖြစ်သူ Dr. Nuki Agya Utama က Moderator အဖြစ် ဆောင်ရွက်ကာ အာဆီယံစွမ်းအင်ဗဟိုဌာန၏ အကြီးတန်း စွမ်းအင်စနစ်ပုံစံလေ့လာသုံးသပ်သူ Mr Yudiandra Yuwono၊ ASCOPE (အာဆီယံနိုင်ငံများအကြား ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ပေးသည့် အဖွဲ့အစည်း) အတွင်းရေးမှူးရုံးတာဝန်ခံ အကြီးအကဲ Mr Sri Konsep Harum Wicaksono၊ ERIA ၏ အကြီးတန်း စွမ်းအင်စီးပွားရေးပညာရှင် Dr Han Phoumin တို့က ပါဝင်ဆွေးနွေးခဲ့ကြသည်။
ERIA ၏ အကြီးတန်း စွမ်းအင်စီးပွားရေးပညာရှင် Dr Han Phoumin က အရေးပေါ်ရေနံသိုလှောင်မှုများကို ထုတ်ယူအသုံးပြုခွင့်ရှိခြင်းသည် ပထမခြေလှမ်းသာဖြစ်ကြောင်း၊ နိုင်ငံများအနေဖြင့် ရေနံသိုလှောင်မှုများကို မည်သည့်အချိန်တွင် မည်သို့ထုတ်ယူမည်ဆိုသည့် ရှင်းလင်းသော လုပ်ထုံးလုပ်နည်းများ၊ သင့်လျော်သော လောင်စာဆီအမျိုးအစားများနှင့် လိုအပ်သည့်နေရာများသို့ ထောက်ပံ့ပို့ဆောင်နိုင်မည့် စွမ်းရည်များရှိရန် လိုအပ်ကြောင်း၊ အစိုးရများနှင့် လုပ်ငန်းဆောင်ရွက်သူများအနေဖြင့် စွမ်းအင်ပြတ်တောက်မှုမဖြစ်ပွားမီ အဆိုပါအစီအစဉ်များကို စမ်းသပ်နိုင်ရန် ဆန္ဒအလျောက် ရှေ့ပြေးစမ်းသပ်မှုများ (Voluntary Pilots) ကို ဆောင်ရွက်သင့်ကြောင်း အကြံပြုဆွေးနွေးခဲ့သည်။
ထို့နောက် တက်ရောက်လာသည့် သတင်းမီဒီယာများနှင့် စွမ်းအင်ထောက်ပံ့မှု ပြတ်တောက်သည့်အခါ သတင်းအချက်အလက်များကို အတည်ပြုခြင်း၊ သုတေသနတွေ့ရှိချက်များကို ပြည်သူများ နားလည်နိုင်သည့်ပုံစံဖြင့် တင်ပြခြင်း၊ ဒေသတွင်း မူဝါဒအဆိုပြုချက်များသည် ပြည်တွင်းရှိ ပြည်သူများအပေါ် မည်သို့သက်ရောက်နိုင်သည်ကို သုံးသပ်ခြင်း၊ အဆိုပါမူဝါဒများကို လက်တွေ့အကောင်အထည်ဖော်ရာတွင် စီးပွားရေးလုပ်ငန်းများနှင့် စားသုံးသူများအပေါ် သက်ရောက်မှုကို ဆက်လက်စောင့်ကြည့်သတင်းတင်ပြခြင်း စသည်ဖြင့် အပြန်အလှန်ဆွေးနွေးခဲ့ကြပြီး သတင်းထောက်များနှင့် အယ်ဒီတာများက မူဝါဒများကို ကြေညာသည့်အဆင့်သာမက လက်တွေ့အကောင်အထည်ဖော်သည့်အဆင့်အထိ ဆက်လက်စောင့်ကြည့်သတင်းတင်ပြရန် ဆွေးနွေးခဲ့ကြသည်။
အပိုင်း ၂ “စိမ်းလန်းသော စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းမှုနှင့် အာဆီယံဒေသတွင်း သာယာဝပြောရေး စင်္ကြံလမ်းကြောင်းများ” ခေါင်းစဉ်ဖြင့် ဆွေးနွေးမှုကို နံနက် ၁ဝး၃၀ မှ ၁၁း၃၀ နာရီအထိ ပြုလုပ်ခဲ့ပြီး ERIA ၏ အကြီးတန်း မူဝါဒဆိုင်ရာ သုတေသနပညာရှင် Dr. Intan Murnira Ramli နှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံး၊ အာဆီယံပေါင်းစည်းမှု စောင့်ကြည့်လေ့လာရေးဌာန၏ ညွှန်ကြားရေးမှူး Dr. Ahmad Zafarullah Abd Jalil တို့က ပါဝင်ဆွေးနွေးခဲ့ကြသည်။
အပိုင်း ၃ “အာဆီယံ၏ စိန်ခေါ်မှုများနှင့် အခွင့်အလမ်းများကို ဆက်သွယ်တင်ပြခြင်းတွင် မီဒီယာ၏ အခန်းကဏ္ဍ” ခေါင်းစဉ်ဖြင့် ဆွေးနွေးမှုကို မွန်းလွဲ ၁း၃၀ မှ ၃း၃၀ နာရီအထိ ပြုလုပ်ခဲ့ပြီး ERIA ၏ အကြီးတန်း ဆက်သွယ်ရေးအကြံပေးဖြစ်သူ Kavi Chongkittavorn က Moderator အဖြစ် ဆောင်ရွက်ကာ ထိုင်းနိုင်ငံအခြေစိုက် The Nation သတင်းဌာနမှ Franc Han Shih၊ ဂျပန်နိုင်ငံအခြေစိုက် Kyodo News သတင်းဌာနမှ Ko Hirano၊ ရုရှားနိုင်ငံအခြေစိုက်Rossiya Segodnya Media Group ၏ သတင်းထောက်ချုပ် Evgeny Belenkiy၊ မလေးရှားနိုင်ငံအခြေစိုက် Berita Harian သတင်းဌာနမှ Ismira Lutfia တို့က ပါဝင်ဆွေးနွေးခဲ့ကြသည်။
အဆိုပါဆွေးနွေးမှုတွင် တရားဝင်သတင်းဌာနများ၏ သတင်းဖော်ပြတင်ဆက်မှုများထက် TikTok၊ Instagram ကဲ့သို့ Social Media များပေါ်ရှိ အများကြိုက်သတင်းများကဲ့သို့ ပျံ့နှံ့မှုအားမကောင်းသော်လည်း မီဒီယာကျင့်ဝတ်နှင့်အညီ မှန်ကန်တိကျသည့် အချက်အလက်များအပေါ်အခြေခံကာ ဆက်လက်ကြိုးပမ်းတင်ဆက်နိုင်ရေး၊ AI နည်းပညာအပေါ်မှီခိုမှု အလွန်အကျွံဖြစ်လာသော်လည်း ၎င်းတို့မလုပ်နိုင်သည့် မြေပြင်အခြေအနေမှ သတင်းရယူရေး၊ ဒေသခံများ၏ သဘောထားမှတ်ချက်များရယူကာ တိကျခိုင်မာသည့် သတင်းအဖြစ် ဖော်ပြနိုင်ရေးတို့ကို ဖိလစ်ပိုင်၊ ဘရူနိုင်း၊ မြန်မာ၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ သြစတြေးလျနှင့် တီမောနိုင်ငံတို့မှ သတင်းထောက်များက အပြန်အလှန်ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။
စွမ်းအင်အကျပ်အတည်းဖြစ်ပေါ်သည့်ကာလတွင် မြန်မာနိုင်ငံ၏ တုံ့ပြန်ဖြေရှင်းမှုနှင့်ပတ်သက်ရျ် ကိုအောင်မင်းသန့်က "မြန်မာနိုင်ငံရဲ့အတွေ့အကြုံအရ လောင်စာဆီပြတ်လပ်မှုကို သုံးစွဲမှုကန့်သတ်ခြင်းတစ်ခုတည်းနဲ့ မဖြေရှင်းနိုင်ဘူးဆိုတာ တွေ့ရှိခဲ့ရပါတယ်။ ဆီရှားပါးတဲ့ကာလမှာ အစိုးရတာဝန်ရှိသူတွေက ဆီခွဲတမ်းစနစ်၊ QR Code စနစ်အရ ဆီဖြန့်ဖြူးမှုစနစ်၊ ကားတွေကို စုံ/မ ခွဲခြားပြီး မောင်းနှင်ခွင့်ပြုတဲ့စနစ်တွေကို မိတ်ဆက်အသုံးပြုခဲ့ပါတယ်။ ဒါပေမဲ့ နိုင်ငံတစ်နိုင်ငံဟာ ပြည်ပကတင်သွင်းတဲ့ လောင်စာအပေါ် အလွန်အမင်းမှီခိုနေရပြီး လုံလောက်တဲ့ သိုလှောင်မှုမရှိဘူးဆိုရင် အရင်းခံပြဿနာကို အပြီးသတ်ဖြေရှင်းဖို့ မဖြစ်နိုင်ပါဘူး။ မြန်မာနိုင်ငံရဲ့အတွေ့အကြုံအရ အကျပ်အတည်းကို ချက်ချင်းရင်ဆိုင်ဖြေရှင်းခြင်းနဲ့ ရေရှည်စွမ်းအင်လုံခြုံရေးစီမံကိန်းရေးဆွဲခြင်းတို့ကို ပေါင်းစပ်လုပ်ဆောင်ဖို့အရေးကြီးကြောင်း ဖော်ပြနေပါတယ်" ဟု ပါဝင်ဆွေးနွေးခဲ့သည်။
ERIA ဆိုသည်မှာ အရှေ့တောင်အာရှနှင့် အရှေ့အာရှဒေသတွင် အရေးပါသည့် နိုင်ငံတကာသုတေသနအဖွဲ့အစည်းတစ်ခုဖြစ်ပြီး ၂၀၀၇ ခုနှစ် နိုဝင်ဘာ ၂၁ ရက်က စင်ကာပူတွင်ကျင်းပသည့် တတိယအကြိမ် East Asia Summit တွင် နိုင်ငံ့ခေါင်းဆောင် ၁၆ ဦးက တည်ထောင်ရန် သဘောတူညီမှုရရှိကာ ၂၀၀၈ ခုနှစ်တွင် လုပ်ငန်းများ စတင်ဆောင်ရွက်ခဲ့သည်။
ERIA တွင် အဖွဲ့ဝင်နိုင်ငံများအဖြစ် သြစတြေးလျ၊ ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ တရုတ်၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ ဂျပန်၊ လာအို၊ မလေးရှား၊ မြန်မာ၊ နယူးဇီလန်၊ တောင်ကိုရီးယား၊ စင်ကာပူ၊ ထိုင်း၊ တီမော၊ ဖိလစ်ပိုင်၊ ဗီယက်နမ်တို့ပါဝင်ပြီး အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာမြို့တွင် ရုံးချုပ်တည်ရှိသည်။
ERIA ၏ အဓိကရည်ရွယ်ချက် ၃ ခုမှာ အာဆီယံနှင့် အရှေ့အာရှနိုင်ငံများအကြား ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး၊ ဖွံ့ဖြိုးပြီးနိုင်ငံများနှင့် ဖွံ့ဖြိုးဆဲနိုင်ငံတွေအကြား ကွာဟချက် လျှော့ချရေး၊ စွမ်းအင်လုံခြုံရေး၊ ရာသီဥတုပြောင်းလဲမှု၊ သဘာဝပတ်ဝန်းကျင်နှင့် ရေရှည်စီးပွားရေးဖွံ့ဖြိုးမှုတို့ဖြစ်ပြီး စွမ်းအင်လုံခြုံရေး၊ ရေနံ၊ သဘာဝဓာတ်ငွေ့၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ ရာသီဥတုပြောင်းလဲမှု၊ ဒစ်ဂျစ်တယ်စီးပွားရေး၊ စားနပ်ရိက္ခာလုံခြုံရေး၊ ကျန်းမာရေးကဏ္ဍတို့ကို သုတေသနပြုလေ့လာမှုများ ပြုလုပ်လျက်ရှိသည်။