Eleven Media Group

■ ဟိန္ဒူဘာသာဝင်များ၏ ဒီပါဝလီအထိမ်းအမှတ်အခမ်းအနား ရန်ကုန်မြို့ရှိ အမျိုးသားဇာတ်ရုံတွင် ကျင်းပ

■ ဟိန္ဒူဘာသာဝင်များ၏ ဒီပါဝလီအထိမ်းအမှတ်အခမ်းအနား ရန်ကုန်မြို့ရှိ အမျိုးသားဇာတ်ရုံတွင် ကျင်းပ
■ ကိုးကွယ်ယုံကြည်ရာ ဘာသာတရားအလျောက် ဘာသာရေးပွဲတော်များကို အနှစ်သာရရှိရှိ ကျင်းပဆောင်ရွက်ကြရန် လွန်စွာအရေးကြီးကြောင်းနှင့် နိုင်ငံတော်အနေဖြင့် အားပေးဂုဏ်ပြုကြောင်း နိုင်ငံ​တော်သမ္မတ​ပြောကြား


မြန်မာနိုင်ငံရှိ ဟိန္ဒူမျိုးနွယ်စုများ စုပေါင်းကျင်းပသည့် ဒီပါဝလီအထိမ်းအမှတ် အခမ်းအနားကို ယနေ့(နိုဝင်ဘာ ၆ ရက်)ညနေပိုင်းတွင် ရန်ကုန်မြို့၊ ဒဂုံမြို့နယ်၊ မြို့မကျောင်းလမ်းရှိ အမျိုးသားဇာတ်ရုံ၌ ကျင်းပခဲ့​ကြောင်း သိရသည်။
အဆိုပါအခမ်းအနားသို့ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှတို့နှင့်အတူ ပြည်ထောင်စု ဝန်ကြီးများဖြစ်သည့် ဦးခင်မောင်ရီ၊ ဗိုလ်ချုပ်ကြီး ကိုကိုဦး၊ ဒေါက်တာ ချောချောစိန်၊ ဒေါက်တာ မျိုးသိန်းကျော်၊ ဒေါက်တာ စိုးဝင်း၊ ဦးတင်ဦးလွင်၊ ဦးမျိုးသန့်၊ ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ်၊ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံတကာသံရုံးများမှ သံအမတ်ကြီး များနှင့် သံရုံးအကြီးအကဲများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ရန်ကုန်တိုင်းဒေသ ကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူများ၊ အသင်းအဖွဲ့များမှ တာဝန်ရှိသူများ၊ ဟိန္ဒူမျိုးနွယ်စု များ၊ ဟိန္ဒူရိုးရာ ယဉ်ကျေးမှုအဖွဲ့များနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်ကြီးများ တက်ရောက်ခဲ့​ကြောင်း သိရသည်။
ယင်းနောက် ဟိန္ဒူရိုးရာ ဒီပါဝလီ အထိမ်းအမှတ်အခမ်းအနား မင်္ဂလာမုခ်ဦးကို နိုင်ငံတော်သမ္မတရုံး ပြည်ထောင်စု ဝန်ကြီး ဦးခင်မောင်ရီ၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး ကိုကိုဦး၊ သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ အိန္ဒိယနိုင်ငံသံအမတ်ကြီး H.E. Shri Abhay Thakur နှင့်တာဝန်ရှိသူများ၊ ဟိန္ဒူ မျိုးနွယ်စုဝင်များက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး ဟိန္ဒူရိုးရာ ကဘူးများမှုတ်ခြင်း၊ မိုးပျံပူဖောင်းများ လွှတ်တင်ခြင်းကို ဆောင်ရွက်ခဲ့​ကြောင်း သိရသည်။

ထို့နောက် နိုင်ငံတော်သမ္မတနှင့် ဇနီးတို့အား ဟိန္ဒူရိုးရာ ဆီမီးနံ့သာဖြင့် ကြိုဆိုကာ ဟိန္ဒူရိုးရာတစ်ခုဖြစ်သည့် မွန်မြတ်ပြီးမင်္ဂလာရှိသော ဟိန္ဒူရိုးရာ Pur Kumbham (ပုရ်ဏကုမ္ဘမ်)ဖြင့် ဆုတောင်းကြိုဆို ဂါရဝပြုပြီးနောက် နိုင်ငံတော်သမ္မတက ဒီပါဝလီအထိမ်းအမှတ်အခမ်းအနားကို စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးခဲ့​ကြောင်း သိရသည်။
ထို့တူ ပြဇာတ်ခန်းမ၌ နိုင်ငံတော်သမ္မတနှင့်ဇနီး၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီး နှင့်ဇနီး၊ ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများက ဒီပါဝလီအထိမ်းအမှတ် ဆီမီးထွန်းညှိခြင်း၊ နိုင်ငံတော်သမ္မတနှင့်ဇနီးတို့အား မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီးနှင့် ဇနီးတို့က မင်္ဂလာဂုဏ်ပြုပုဝါနှင့် မင်္ဂလာဂုဏ်ပြုပန်းကုံးကို ဂါရဝပြုဆင်မြန်းပေးခြင်း၊ နိုင်ငံတော်သမ္မတနှင့်ဇနီးတို့ထံ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီးနှင့်ဇနီးတို့က အမှတ်တရလက်ဆောင်ပစ္စည်းကို နေရာအရောက် ဂါရဝပြု ပေးအပ်ခြင်း၊ နိုင်ငံတော်သမ္မတနှင့်ဇနီးတို့က အမှတ်တရလက်ဆောင်ပစ္စည်း ပြန်လည် ပေးအပ်ခြင်းတို့​ဆောင်ရွက်ခဲ့​ကြောင်း သိရသည်။
နိုင်ငံတော်သမ္မတက ဟိန္ဒူရိုးရာ ဒီပါဝလီအထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်ချီးမြှင့်ခြင်းနှင့် ပတ်သက်၍ပြောကြားရာတွင် ယနေ့ ကျင်းပသည့် ဒီပါဝလီပွဲတော် အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်လာပြီး ဒီပါဝလီပွဲတော်ကိုဆင်နွှဲကြသည့် မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင် ကြသော ဟိန္ဒူဘာသာဝင်များနှင့် ကမ္ဘာတစ်ဝန်းရှိ ဒီပါဝလီနေ့ကို ဆင်နွှဲကြသည့် မိတ်ဆွေများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေဟု ဆုမွန်ကောင်း တောင်းအပ်ကြောင်း၊ ယနေ့ကျင်းပသည့် ဒီပါဝလီပွဲတော်သည် ဟိန္ဒူဘာသာဝင်များ အထွတ်အမြတ် ထားသည့် ဘာသာရေးပွဲတော်တစ်ခုဖြစ်သကဲ့သို့ အလင်းရောင်က အမှောင်ကို အောင်နိုင်ခြင်း၊ ကောင်းမြတ်သည့်အရာက မကောင်းမှုကိုအနိုင်ယူခြင်းနှင့် အသိပညာကမသိနားမလည်မှုကို ဖယ်ရှားပေးခြင်းတို့ကို ကိုယ်စားပြုသည့် အဓိပ္ပာယ်ပြည့်ဝသည့် ပွဲတော်တစ်ခုလည်း ဖြစ်ပါကြောင်း ​ပြောကြားသည်။

ဒီပါဝလီဟူသည့် အမည်သည် ပါဠိဘာသာစကားဖြစ်သည့် “ဒီပ” နှင့် “အာဝလီ” ဟူသည့် စကားလုံးနှစ်ခုကို ပေါင်းစပ်ထားခြင်းဖြစ်ပြီး ဆီမီးအလင်းရောင်များ တန်းစီ လျက် အဆန်းတကြယ်အသွယ်သွယ် စီခြယ်ထွန်းညှိပူဇော်ခြင်းဟု အဓိပ္ပာယ်ရ ကြောင်း၊ ထို့ကြောင့် ဒီပါဝလီပွဲတော်ကို အလင်းရောင်ပွဲတော် (Festival of Lights) ဟုလည်း ခေါ် ဆိုကြသည်ဟု မှတ်သားမိကြောင်း၊ ဟိန္ဒူဘာသာဝင်များ၏ ဒီပါဝလီပွဲတော် ကျင်းပသည့်ကာလသည် မိမိတို့ ဗုဒ္ဓဘာသာဝင်များ၏ သီတင်းကျွတ်၊ တန်ဆောင်တိုင် မီးထွန်းပွဲတော်များကျင်းပသည့် ကာလလည်းဖြစ်သကဲ့သို့ အသွင်သဏ္ဌာန်ချင်းလည်း တူညီကြောင်း၊ ဗုဒ္ဓဘာသာဝင်များ သည် သီတင်းကျွတ်ပွဲတော်တွင် အသက်အရွယ်ကြီးရင့်သူများကို ကန်တော့ခြင်း၊ ဆီမီး များထွန်းညှိခြင်းဖြင့် ပျော်ရွှင်စွာဆင်နွှဲကြသကဲ့သို့ ဟိန္ဒူဘာသာဝင်များကလည်း တစ်ဦးနှင့် တစ်ဦးချစ်ခင်ရင်းနှီးမှုဖြင့် မုန့်ချိုများကို ပျော်ရွှင်စွာ ဝေငှလှူဒါန်းကြသည့် ချစ်စရာဓလေ့ကို တွေ့မြင်နိုင်ကြောင်း၊ ပွဲတော်တစ်ခုချင်းစီ၏ ဘာသာရေးဆိုင်ရာအနှစ်သာရနှင့် ထုံးတမ်းအစဉ်အလာများ မတူညီကြသော်လည်း အလင်းရောင်၊ မေတ္တာတရား၊ ကောင်းမြတ်သည့် စိတ်ထား နှင့် အချင်းချင်းချစ်ခင်ရင်းနှီးစွာ နေထိုင်ရေးဟူသည့် လူမှုဘဝအတွက် အကျိုးရှိသည့် တန်ဖိုးများကို တွေ့မြင်နိုင်ကြောင်း နိုင်ငံ​တော်သမ္မတက ​ပြောကြားသည်။

နိုင်ငံ​တော်သမ္မတက မြန်မာနိုင်ငံသည် တိုင်းရင်းသားလူမျိုးပေါင်းစုံ၊ ဘာသာသာသနာပေါင်းစုံ၊ ယဉ်ကျေးမှုဓလေ့ထုံးတမ်းပေါင်းစုံတို့ အတူတကွမှီတင်းနေထိုင်သည့် နိုင်ငံတစ်နိုင်ငံ ဖြစ်ကြောင်း၊ မတူကွဲပြားသည့် လူမျိုး၊ ဘာသာ၊ ယဉ်ကျေးမှုအစဉ်အလာများကို အပြန် အလှန် နားလည်လေးစားပြီး ချစ်ကြည်ရင်းနှီးစွာ အတူယှဉ်တွဲနေထိုင်ခြင်းသည် နိုင်ငံတော်၏ လူမှုအသိုက်အဝန်း စည်းလုံးညီညွတ်ရေးနှင့် ရေရှည်တည်ငြိမ်အေးချမ်းရေးအတွက် အလွန်အရေးကြီးသည့် အခြေခံအုတ်မြစ်တစ်ရပ်ဖြစ်ကြောင်း၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) တွင်လည်း နိုင်ငံတော်အတွင်းရှိ ဘာသာရေးဆိုင်ရာ ယုံကြည်ကိုးကွယ်မှုများနှင့် စပ်လျဉ်းပြီး အသိအမှတ်ပြုမှု၊ ကာကွယ်စောင့်ရှောက်မှုဆိုင်ရာ ပြဋ္ဌာန်းချက်များ ပါဝင်ကြောင်း၊ အထူးသဖြင့် အခန်း (၈)၊ ပုဒ်မ ၃၆၂ မှာ “နိုင်ငံတော်သည် ခရစ်ယာန်ဘာသာ သာသနာ၊ အစ္စလာမ်ဘာသာ သာသနာ၊ ဟိန္ဒူဘာသာ သာသနာနှင့် နတ်ကိုးကွယ်သော ဘာသာတို့ကို ကိုးကွယ်ရာဘာသာ သာသနာများဟူ၍ အသိအမှတ်ပြု သည်”ဟု ပြဋ္ဌာန်းထားကြောင်း၊ ထို့အပြင် ပုဒ်မ ၃၆၃ တွင်လည်း နိုင်ငံတော်သည် အသိအမှတ်ပြုထားသော ဘာသာသာသနာများကို တတ်နိုင်သမျှ ကူညီစောင့်ရှောက် မည်” ဟုလည်း ထပ်မံပြဋ္ဌာန်းထားကြောင်း၊ ပုဒ်မ ၃၄ နှင့် ပုဒ်မ ၃၅၄ တို့တွင်လည်း ဘာသာရေးဆိုင်ရာ လွတ်လပ်ခွင့်နှင့် မိမိတို့ ယုံကြည်ကိုးကွယ်ရာ ဘာသာသာသနာနှင့် ဓလေ့ထုံးတမ်းများကို လွတ်လပ် စွာဆောင်ရွက်ပိုင်ခွင့်တို့နှင့် သက်ဆိုင်သည့်ပြဋ္ဌာန်းချက်များပါဝင်ကြောင်း ​ပြောကြားသည်။

ထို့ကြောင့် မိမိတို့ ကိုးကွယ်ယုံကြည်ရာ ဘာသာတရားအလျောက် ဘာသာရေးပွဲတော်များကို လည်း အနှစ်သာရရှိရှိ ကျင်းပဆောင်ရွက်သွားကြရန် လွန်စွာအရေးကြီးကြောင်းနှင့် နိုင်ငံတော်အနေဖြင့် အားပေးဂုဏ်ပြုပါကြောင်းကို ပြောကြားလိုကြောင်း၊ ထိုကဲ့သို့ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ဘာသာတရား အသီးသီး၏ ယုံကြည်ကိုးကွယ်မှု၊ ဘာသာရေးထုံးတမ်း အစဉ်အလာနှင့် ပွဲတော်များကို အပြန်အလှန် နားလည်လေးစားခြင်းသည် လူမှုအသိုက်အဝန်းအတွင်း ယုံကြည်မှုနှင့် ချစ်ကြည်ရင်းနှီးမှု တည်ဆောက်ရာတွင် အရေးပါသည့် အခြေခံတန်ဖိုးတစ်ခုဖြစ်ကြောင်း၊ မိမိတို့အားလုံးအနေဖြင့် မိမိတို့ကိုးကွယ်ရာ ဘာသာတရား အသီးသီး၏ ကောင်းမြတ်သည့် သွန်သင်ဆုံးမမှုများကို လက်တွေ့ဘဝတွင် ကျင့်သုံးကြရန်လိုအပ်ကြောင်း၊ ဒီပါဝလီပွဲတော်၏ အနှစ်သာရကိုလည်း အလေးထား စဉ်းစားစေလိုကြောင်း၊ ဆီမီး တစ်ခွက်ထွန်းညှိလိုက်ခြင်းသည် ပတ်ဝန်းကျင်တစ်ခုကို အလင်းရောင်ပေးနိုင်သကဲ့သို့ လူတစ်ဦးချင်းစီ၏ စိတ်နှလုံးထဲတွင် မေတ္တာ၊ စေတနာ၊ သနားကြင်နာမှုနှင့် အမှန် တရားကို လက်ကိုင်ထားနိုင်ခြင်းသည်လည်း မိမိတို့၏မိသားစု၊ လူမှုအသိုက်အဝန်းနှင့် နိုင်ငံတော်အတွက် အလင်းရောင်တစ်ခု ဖြစ်လာစေမည်ဖြစ်ကြောင်း၊ ဒီပါဝလီပွဲတော်၏ အလင်းရောင်နှင့်အတူ မိမိတို့အားလုံး၏ စိတ်နှလုံးထဲတွင် ကောင်းမြတ်သည့် အတွေးအခေါ်များ၊ မေတ္တာတရားနှင့် ငြိမ်းချမ်းရေး စိတ်ဓာတ်များ ပိုမိုထွန်းလင်းတောက်ပလာကြပါစေ၊ ဘာသာတရားအသီးသီးကို ကိုးကွယ်ယုံကြည်ကြ သူများအကြား ချစ်ကြည်ရင်းနှီးမှုနှင့် အပြန်အလှန်နားလည် လေးစားမှုများ ပိုမိုခိုင်မာ လာပြီး တိုင်းရင်းသားပြည်သူအားလုံး ငြိမ်းချမ်းသာယာဝပြောသည့် လူမှုအသိုက်အဝန်းတစ်ရပ်ကို အတူတကွတည်ဆောက်နိုင်ကြပါစေ၊ မိမိတို့ မှီတင်းနေထိုင်ရာ မြန်မာနိုင်ငံနှင့် ပြည်သူများ၏ ကောင်းရာကောင်းကျိုး၊ ကြီးပွားရာ ကြီးပွားကြောင်းနှင့် တိုးတက်ရာ တိုးတက်ကြောင်းတို့ကို သစ္စာရှိရှိ တာဝန်သိသိဖြင့် စိတ်တူ ကိုယ်တူ ပူးပေါင်းဆောင်ရွက်နိုင်ကြပါစေရန် ဆန္ဒပြုဆုမွန်ကောင်းတောင်းလိုက်ကြောင်းဖြင့် နိုင်ငံ​တော်သမ္မတက ​ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီးနှင့် ဒီပါဝလီအထိမ်း အမှတ်ပွဲတော်ကျင်းပရေးဦးစီးကော်မတီနှင့် မြန်မာနိုင်ငံလုံး ဆိုင်ရာ ဟိန္ဒူဘာသာရေး ဗဟိုအဖွဲ့ချုပ်ဥက္ကဋ္ဌ တို့က အမှတ်တရစကားနှင့် ဆုတောင်းမေတ္တာပို့ ကျေးဇူးတင် စကားများ အသီးသီးပြောကြားခဲ့​ကြောင်း သိရသည်။

ယင်းနောက် နိုင်ငံတော်သမ္မတနှင့် ဇနီး၊ အခမ်းအနားတက်ရောက်လာကြသူများ အား ဟိန္ဒူရိုးရာယဉ်ကျေးမှုအကအဖွဲ့၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်)မှယဉ်ကျေးမှုအဖွဲ့၊ အိန္ဒိယရိုးရာယဉ်ကျေးမှုအကအဖွဲ့တို့က ဟိန္ဒူလူမျိုးစုများ၏ ရိုးရာအကများ၊ တေးသီချင်းများ၊ တေးသရုပ်ဖော်အကအလှများ၊ ဟိန္ဒူရိုးရာယဉ် ကျေးမှု အကပဒေသာများဖြင့် သီဆိုကပြဖျော်ဖြေခဲ့​ကြောင်း သိရသည်။ထိုသို့ ဖျော်ဖြေမှုများအပြီးတွင် နိုင်ငံတော်သမ္မတနှင့် ဇနီး၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီးနှင့် ဇနီး တို့သည် ယဉ်ကျေးမှုအဖွဲ့များအား အမှတ်တရဂုဏ်ပြုပန်းခြင်း ပေးအပ်ချီးမြှင့်ခဲ့ကာ အခမ်းအနားအပြီးတွင် နိုင်ငံတော်သမ္မတနှင့် ဇနီး၊အဖွဲ့ဝင်နိုင်ငံတော်သမ္မတနှင့် ဇနီး၊ အခမ်းအနား တက်ရောက်လာသူ များသည် ဒီပါဝလီ အထိမ်းအမှတ်အခမ်းအနားအထိမ်းအမှတ် ဂုဏ်ပြုညစာကို အတူတကွ သုံးဆောင်ခဲ့ကြောင်း သိရသည်။

မူရင်းသတင်း — Eleven Media Group