Eleven Media Group

■ တရားသူကြီးများ၏ တရားစီရင်ရေးမှားယွင်းမှုအပြင် ကျင့်ဝတ်၊ စီမံခန့်ခွဲမှုနှင့် လုပ်ထုံးလုပ်နည်း မလိုက်နာခြင်း၊ အားနည်းခြင်းတို့ကို အရေးယူဆောင်ရွက်လျက်ရှိကြောင်း ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး ပြောကြား

■ ၂၀၂၅ ခုနှစ်တွင် ဝန်ထမ်းစည်းကမ်းဖောက်ဖျက်ခြင်း အပါအဝင် တရားစီရင်ရေးမှားယွင်းမှုများအတွက် တရားရေးအရာရှိ/တရားသူကြီး ၃၀ ဦးနှင့် ရုံးဝန်ထမ်း ၁၃၄ ဦး စုစုပေါင်း ၁၆၄ ဦးတို့အား အရေးယူခဲ့

တရားသူကြီးများ၏ တရားစီရင်ရေးမှားယွင်းမှုအပြင် ကျင့်ဝတ်၊ စီမံခန့်ခွဲမှုနှင့် လုပ်ထုံးလုပ်နည်း မလိုက်နာခြင်း၊ အားနည်းခြင်းတို့ကို အရေးယူဆောင်ရွက်လျက်ရှိကြောင်း ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး ဒေါ်သင်းသင်းချိုက ပြောကြားသည်။

နိုဝင်ဘာ ၆ ရက်က ပြုလုပ်ခဲ့သည့် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် တာချီလိတ်မဲဆန္ဒနယ်မှ ဦးကျော်ငြိမ်းအောင်၏ ပြည်ထောင်စုတရားရုံးချုပ်၏ ၁၈-၁၂-၁၉၉ဝ ရက်စွဲပါ ညွှန်ကြားချက်အား ကျင့်သုံးဆောင်ရွက်လျက် ရှိ မရှိနှင့် မရှိပါက အဘယ့်ကြောင့်ဆိုသည်ကို သိရှိလိုခြင်းမေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး ဒေါ်သင်းသင်းချိုက ပြန်လည်ဖြေကြားရာတွင် ထိုသို့ ထည့်သွင်းပြောကြားခြင်းဖြစ်သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပြည်ထောင်စုတရားစီရင်ရေးဥပဒေတို့အရ ပြည်ထောင်စုတရားလွှတ်တော်ချုပ်သည် စစ်ဘက်ဆိုင်ရာတရားရုံးများနှင့် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံး၏ စီရင်ပိုင်ခွင့်အာဏာများကို မထိခိုက်စေဘဲ နိုင်ငံတော်၏ အမြင့်ဆုံးတရားရုံးဖြစ်ပြီး နိုင်ငံတော်အတွင်းရှိ တရားရုံးအားလုံးကို ကြီးကြပ်ကွပ်ကဲပါကြောင်း ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး ဒေါ်သင်းသင်းချိုက ပြောကြားသည်။
တရားစီရင်ရေးဆိုင်ရာကိစ္စနှင့်စပ်လျဉ်း၍ တိုင်းဒေသကြီး/ပြည်နယ် တရားလွှတ်တော်များသည် ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ လမ်းညွှန်ချက်နှင့်အညီ မိမိစီရင်ပိုင်ခွင့်အတွင်းရှိ တရားရုံးများကိုလည်းကောင်း၊ ခရိုင်တရားရုံးများသည် ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ် တရားလွှတ်တော်၏ လမ်းညွှန်ချက်နှင့်အညီ မိမိစီရင်ပိုင်ခွင့်အတွင်းရှိ မြို့နယ်တရားရုံးများကိုလည်းကောင်း အဆင့်ဆင့်ကြီးကြပ်ကွပ်ကဲကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ထိုသို့ တရားစီရင်ရေးလုပ်ငန်းများ ကြီးကြပ်ကွပ်ကဲရာတွင် လက်ရှိအခြေအနေနှင့် ကိုက်ညီမှုရှိသည့် ယခင်တရားရုံးချုပ်က ထုတ်ပြန်ခဲ့သောညွှန်ကြားချက်များကို လိုက်နာသည့်အပြင် လိုအပ်သည့်ညွှန်ကြားချက်များကိုလည်း ထုတ်ပြန်ဆောင်ရွက်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“ပြည်ထောင်စုတရားလွှတ်တော်ချုပ်သည် တရားသူကြီးများ၏ တရားစီရင်ရေးမှားယွင်းမှုအပြင် ကျင့်ဝတ်၊ စီမံခန့်ခွဲမှုနှင့် လုပ်ထုံးလုပ်နည်း မလိုက်နာခြင်း၊ အားနည်းခြင်းတို့ကိုလည်း သက်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိပါတယ်”ဟု ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး ဒေါ်သင်းသင်းချိုက ပြောကြားသည်။

ထို့ပြင် ၂ဝ၂၅ ခုနှစ်အတွင်း ဝန်ထမ်းစည်းကမ်း ဖောက်ဖျက်ခြင်း၊ လုပ်ထုံးလုပ်နည်း မလိုက်နာခြင်း၊ စီမံခန့်ခွဲမှုအားနည်းခြင်း၊ တရားစီရင်ရေးမှားယွင်းခြင်းတို့အတွက် တရားရေးအရာရှိ/ တရားသူကြီး ၃၀ ဦးနှင့် ရုံးဝန်ထမ်း ၁၃၄ ဦး စုစုပေါင်း ၁၆၄ ဦးတို့အား သတိပေးခြင်း၊ နှစ်တိုးလစာရပ်ဆိုင်းခြင်း၊ ရာထူးတိုးမြှင့်ခြင်းကို ရပ်ဆိုင်းခြင်း၊ ရာထူးအဆင့်လျှော့ချခြင်း၊ ရာထူးမှထုတ်ပယ်ခြင်း၊ ဝန်ထမ်းအဖြစ်မှထုတ်ပစ်ခြင်းဖြင့် အသီးသီးအရေးယူခဲ့ကြောင်းလည်း ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး ဒေါ်သင်းသင်းချိုက ပြောကြားသည်။

ပြည်ထောင်စုတရားရုံးချုပ်အနေဖြင့် ယခင်တရားရုံးချုပ်၏ ညွှန်ကြားစာအပြင် အခြားတည်ဆဲညွှန်ကြားချက်များကိုလည်း လိုက်နာဆောင်ရွက်လျက်ရှိကြောင်း ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး ဒေါ်သင်းသင်းချိုက ပြန်လည်ဖြေကြားခဲ့သည်။

မူရင်းသတင်း — Eleven Media Group