Eleven Media Group

■စည်းကမ်းမဲ့ ကျောက်စိမ်းတူးဖော်မှုများနှင့် မြေစာစွန့်ပစ်မှုများကို အချိန်မီ မတားဆီးနိုင်ပါက လာမည့်မိုးရာသီတွင် ဖားကန့်မြို့ မြေစာပုံအောက် ရောက်သွားနိုင်ပြီး စိုးရိမ်ရသည့်အခြေအနေထိဖြစ်နိုင်ဟု ဖားကန့်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ပြောကြား

စည်းကမ်းမဲ့ ကျောက်စိမ်းတူးဖော်မှုများနှင့် မြေစာစွန့်ပစ်မှုများကို အချိန်မီ မတားဆီးနိုင်ပါက လာမည့်မိုးရာသီတွင် ဖားကန့်မြို့ မြေစာပုံအောက် ရောက်သွားနိုင်ပြီး စိုးရိမ်ရသည့်အခြေအနေထိဖြစ်နိုင်ဟု ဖားကန့်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသက်ပိုင်ထူးက ပြောကြားသည်။

နိုဝင်ဘာ ၆ ရက်က ပြုလုပ်ခဲ့သည့် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ဖားကန့်ရှိ သယံဇာတများအား အကြီးစားနှင့် အလတ်စား တူးဖော်ခွင့်မပြုဘဲ အသေးစားနှင့် လက်လုပ်လက်စားတူးဖော်ခွင့်ကို စည်းကမ်းနှင့်အညီ ခွင့်ပြုပေးရန်အစီအစဉ် ရှိ မရှိ မေးခွန်းမေးမြန်းစဉ် ၎င်းက ထိုသို့ ထည့်သွင်းပြောကြားခြင်းဖြစ်သည်။

ဖားကန့်ဒေသ၌ လက်ရှိအခြေအနေတွင် တရားဝင်လုပ်ကိုင်လိုသည့် ပြည်သူများသည် တူးဖော်လုပ်ကိုင်ခွင့် မရရှိကြသော်လည်း တရားမဝင် တူးဖော်မှုများမှာ ရပ်တန့်သွားခြင်း လုံးဝမရှိဘဲ နယ်မြေတည်ငြိမ်မှုမရှိခြင်းနှင့် စောင့်ကြည့်ကြပ်မတ်မှုအားနည်းခြင်းတို့ကို အခွင့်ကောင်းယူ၍ စက်ယန္တရားကြီးများစွာကို အသုံးပြုကာ ယနေ့အထိ အလွန်အကျွံ ပေါ်တင် တူးဖော်ထုတ်လုပ်လျက်ရှိကြောင်း ဖားကန့်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသက်ပိုင်ထူးက ပြောကြားသည်။

ကျောက်စိမ်းတူးဖော်မှုများကို နိုင်ငံတော်မှ ပိတ်ထားသော်လည်း တရားမဝင်တူးဖော်မှုများကို ထိရောက်စွာ မတားဆီးနိုင်ပါက သယံဇာတများကိုလည်း မထိန်းသိမ်းနိုင်၊ ပြည်သူများ၏ ခက်ခဲဆင်းရဲမှုများစွာကိုလည်း မဖြေရှင်းနိုင်၊ နိုင်ငံတော်အတွက်လည်း ရသင့်ရထိုက်သည့် အခွန်များစွာကို မရရှိသည့်အခြေအနေ ဖြစ်နေရပြီး နိုင်ငံတော်က ၁၀ နှစ်ခန့်နေမှ ရရှိမယ့် ဝင်ငွေများကို တရားမဝင်တူးဖော်သူများက ၁ နှစ်၊ ၂ နှစ်အတွင်း ရရှိနေကြသည်ဟုလည်း ၎င်းက ဆိုသည်။

ထို့ပြင် စည်းကမ်းမဲ့တူးဖော်မှုများနှင့် မြေစာစွန့်ပစ်မှုများကြောင့် ဖားကန့်မြို့၏ အရေးပါသော အဓိချောင်းများ တိမ်ကောလာပြီး ရေစီးရေလာပိတ်ဆုံမှု၊ ရေကြီးရေလျှံမှုများနှင့် လူနေရပ်ကွက်များ မြေစာဖုံးလွှမ်းခံရမှုများ ဆိုးရွာစွာဖြစ်ပေါ်လျက်ရှိကြောင်း ၎င်းက ဆိုသည်။

“ဒီအခြေအနေကို အချိန်မီမတားဆီးနိုင်ပါက လာမည့် မိုးရာသီတွင် ဖားကန့်မြို့သည် မြေစာပုံများအောက်တွင် ရောက်ရှိသွားနိုင်ပြီး စိုးရိမ်ရသည့်အခြေအနေအထိ ဖြစ်ပေါ်လာနိုင်ပါတယ်”ဟု ဖားကန့်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်က ပြောကြားသည်။

တရားမဝင်တူးဖော်မှုများကို ထိရောက်စွာ တားဆီးနိုင်ရန်နှင့် ဖားကန့်မြို့ကြီး စွန့်ပစ်မြေစာပုံအောက် မရောက်ရှိရေး မိဘပြည်သူများ လူမှုစီးပွားဘဝ လုံခြုံရေးတို့အတွက် နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးသည် အခြေခံအကျဆုံး အရေးပေါ်လိုအပ်ချက်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ဖားကန့်မြို့နယ်ရှိ ဒေသခံပြည်သူများစွာသည် ကျီးလန့်စာစားပြီး နီးရာဓား ကြောက်နေရသည့် အခက်ခဲဆုံးအခြေအနေများကို နိုင်ငံတော်အကြီးအကဲများမှ အလေးအနက်ထားစဉ်းစား၍ အမြန်ဆုံးတည်ငြိမ်အေးချမ်းလာစေရန် အရေးပေါ်စီမံချက်များ မဖြစ်မနေ ချမှတ်ဆောင်ရွက်ပေးရန် ပြည်သူများအားလုံးကိုယ်စား ကြားခံတင်ပြအပ်ပါသည်ဟု ဖားကန့်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်က ပြောကြားခဲ့သည်။

မူရင်းသတင်း — Eleven Media Group