Eleven Media Group

■ (၇၁) နှစ်မြောက် ကရင်ပြည်နယ်နေ့အထိမ်းအမှတ် ကရင်ဒုံးယိမ်းအကပြိုင်ပွဲသို့ ဒုံးယိမ်းအဖွဲ့ ၂၄ ဖွဲ့ ဝင်ရောက်ယှဉ်ပြိုင်

(၇၁) နှစ်မြောက် ကရင်ပြည်နယ်နေ့အထိမ်းအမှတ်ပွဲတော်အား ကရင်ပြည်နယ်မြို့တော် ဘားအံမြို့ သီရိကွင်း၌ အစဉ်လာမပျက် ကျင်းပလျက်ရှိရာ ကရင်ဒုံးယိမ်းအကပြိုင်ပွဲသို့ ကရင်ရိုးရာ ဒုံးအဖွဲ့ ၂၄ ဖွဲ့ ဝင်ရောက်ယှဉ်ပြိုင်ကြောင်း သိရသည်။

ကရင်ရိုးရာ ဒုံးအဖွဲ့များအား နိုဝင်ဘာ ၅ ရက် မွန်းလွဲပိုင်းက ဘားအံမြို့ သီရိကွင်း ဒုံးစင်မြင့်ထက်၌ ဒုံးယိမ်းအဖွဲ့ ၁၂ ဖွဲ့ စတင်၍ ဝင်ရောက်ယှဉ်ပြိုင်စေပြီး ဖွင့်ပွဲကို စတင်ခဲ့ကြောင်း သိရသည်။

ဘားအံမြို့ သီရိကွင်းတွင် ဌာနပေါင်းစုံမှ ဖွင့်လှစ်ပြသလျက်ရှိသော ပြခန်း အများအပြားတွင် ဝင်ရောက်လေ့လာကြည့်ရှုသူများနှင့် စည်ကားလျှက်ရှိသကဲ့သို့ ကလေး လူကြီး ပျော်ရွှင်စေရာ ပင်လယ်ဓားပြလှေများ ပြင်ပဈေးအရောင်းဆိုင်များဖြင့် စည်ကားလျက်ရှိသည်။

ထို့အတူ နိုဝင်ဘာ ၆ ရက် ညပိုင်းတွင် မြဝတီမြို့နယ်ကိုယ်စားပြု နယ်စပ်ဒုံးယိမ်းအဖွဲ့ အပါအဝင် ပြိုင်ပွဲဝင်ဒုံးယိမ်းအဖွဲ့ပေါင်း ၁၂ ဖွဲ့ ယှဉ်ပြိုင်ဖျော်ဖြေခဲ့ကြသည်။

"ယခင်က ပြည်နယ်ပွဲဆိုရင် ဇာတ်ပွဲတွေလည်း ကြည့်ရတယ်။ ဒီနှစ် ရိုးရာဒုံးတစ်ခုသာ ကြည့်ရှုကြရပါတယ်။ စားစရာ၊ ဝယ်စရာ ဆိုင်ခန်းတွေတော့ အတော်တော်များပေမဲ့ အရောင်းအဝယ်ပါးတယ်လို့ သိရပါတယ်""ဟု ကရင်ရိုးရာဒုံးယိမ်း လာကြည့်သူတစ်ဦးက ပြောသည်။

ကရင်ရိုးရာ ဒုံးယိမ်းအကပြိုင်ပွဲများကို နိုဝင်ဘာ ၅ ရက်မှ နိုဝင်ဘာ ၈ ရက် ညပိုင်းအထိ ယှဉ်ပြိုင်စေမည်ဖြစ်ပြီး ဆုပေးပွဲအခမ်းအနားကို နိုဝင်ဘာ ၉ ရက် ညပိုင်းတွင် ပြုလုပ်သွားမည်ဟု သိရသည်။

မူရင်းသတင်း — Eleven Media Group