Eleven Media Group

■ မြဝတီမြို့ တောင်ဘက်တွင် ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် တစ်ပတ်ကြာပိတ်ခဲ့သော သဘာဝဂိတ်များ ပြန်လည်ဖွင့်လှစ်

မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့ တောင်ဘက်တွင် ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် ထိုင်းနိုင်ငံဘက်သို့ လက်နက်ကြီကျဉ် ကျရောက်ပေါက်ကွဲခဲ့သည်ဟုဆိုကာ ထိုင်းအာဏာပိုင်များက သောင်ရင်းမြစ်ဖြတ်ကျော် သဘာဝဂိတ်များအား အောက်တိုဘာ ၃၀ ရက်က ဖြတ်သန်းခွင့်ရပ်ဆိုင်းထားရာမှ နိုဝင်ဘာ ၆ ရက်တွင် ပြန်လည်ဖြတ်သန်းခွင့်ပြုခဲ့ကြောင်း သိရသည်။

မြဝတီမြို့တောင်ဘက်၌ တိုက်ပွဲများ ဖြ စ်ပေါ်ခဲ့ပြီးနောက် ထိုင်းအာဏာပိုင်များသည် မင်းလက်ပံ၊ အင်ကြင်းမြိုင်၊ မယ်ထော်သလေး၊ မော်လီချိုင်း စသည့် သောင်ရင်းမြစ်ကူးဂိတ်များကို အောက်တိုဘာ ၃၀ ရက်မှ နိုဝင်ဘာ ၅ ရက်အထိ ပိတ်ထားခဲ့ခြင်းဖြစ်သည်။

ဒေသတွင်း ကုန်စည်ကူးသန်းရောင်းဝယ်မှုနှင့် ခရီးသွားများ၊ ကျောင်းသူ ကျောင်းသားများသည် ထိုင်းနိုင်ငံဘက်သို့ ကူးလူးသွားလာရာတွင် သဘာဝဂိတ်များကိုသာ အားထားနေကြရခြင်းဖြစ်ပြီး ဖြတ်သမ်းသွားလာခွင့်ပြုလိုက်သည့်အတွက် အဆင်ပြေသည်ဟု ဒေသခံများက ဆိုသည်။

မြဝတီမြို့ တောင်ဘက် အင်ကြင်းမြိုင်ထိသာ သွားလာခွင့်ပြုပြီး မင်းလက်ပံ၊ ဖလူး၊ သေ့ဘောပိုး၊ ဆုံစည်းမြိုင်၊ ဝေါလေမြိုင်မြို့သို့ သွားလာခွင်အား စစ်ရေးပဋိပက္ခကြောင့် ယနေ့တိုင် သွားလာခွင့်ရပ်ဆိုင်းထားဆဲဖြစ်ကာ စားသောက်နေထိုင်ရေးအတွက် ထိုင်းနိုင်ငံဘက်ကိုသာ အားထားနေရကြောင်း သိရသည်။

မြဝတီမြို့ တောင်ဘက်တွင် ဖြစ်ပွားနေသော စစ်ရေးပဋိပက္ခကြောင့် မင်းလက်ပံ၊ ဖလူး၊ ရသေ့ဂူ၊ ထီးမယ်ဝေါခီး၊ လေးကေ့ကော် ဒေသခံပြည်သူများမှာ ယနေ့တိုင် တိုက်ပွဲရှောင်နေရဆဲဖြစ်ပြီး နေထိုင်စားသောက်ရေးအတွက် အလှူရှင်များကိုသာ မျှော်နေရဆဲဖြစ်သည်ဟု သိရသည်။

Photo: CJ

မူရင်းသတင်း — Eleven Media Group