
ထိုင်းနိုင်ငံတွင် မြန်မာရွှေ့ပြောင်းလုပ်သားများကို စစ်ဆေးမှုတင်းကျပ်နေပြီး စီးနင်းရှာဖွေမှုများ လုပ်ဆောင်နေကြောင်း သိရသည်။
နိဝင်ဘာ ၆ ရက်က ထိုင်းနိုင်ငံ၊ စမွတ်စခွန်ခရိုင်၊ ကထူးဘယ်မြို့၊ ဒွန်ကိုင်းဒီနယ်မြေရှိ မြန်မာရွှေ့ပြောင်းလုပ်သားအများစုနေထိုင်ရာ တိုက်ခန်းများကို လူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့နှင့် နယ်မြေအုပ်ချုပ်ရေးအဖွဲ့တို့ ပူးပေါင်းကာ ဝင်ရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။
စီးနင်းစစ်ဆေးမှုများပြုလုပ်စဉ် အထောက်အထားမဲ့ ရွှေ့ပြောင်းလုပ်သားငါးဦးကို တွေ့ရှိခဲ့ရကြောင်း၊ တစ်ဦးတွင် မူးယစ်ဆေးဝါး သုံးစွဲထားသည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း ထိုင်းမီဒီယာများတွင် ဖော်ပြခဲ့သည်။
"မြန်မာတွေ နေထိုင်များတဲ့ နေရာတွေကို အဓိကဝင်စစ်နေတာတွေ့ရတယ်။ work parmit နဲ့ အလုပ် မတူတာတွေ့ရင်လည်း ဖမ်းတယ်။ နယ်စပ်တွေမှာ စစ်ဆေးတာ ကြမ်းနေတယ်။ ဘတ်ကတ်ထုတ်ပေးတဲ့အချိန်ဖြစ်တော့ တရားမဝင်လမ်းကြောင်းကနေ ဝင်ရောက်လာမှာကို သတိထားစောင့်ကြည့်နေတယ်။ ထိုင်းမှာရှိနေတဲ့ မြန်မာတွေ အနေအထိုင် အသွားအလာ ဆင်ခြင်သင့်တယ်"ဟု ထိုင်းရောက် မြန်မာရွှေ့ပြောင်းလုပ်သားတစ်ဦးက ပြောကြားသည်။
ထိုင်းအစိုးရမှ ပန်းရောင်ကတ်များ ထုတ်ပေးမည်ဟု သတင်းထုတ်ပြန်ထားရာ မြန်မာရွှေ့ပြောင်းလုပ်သားအများအပြား ထိုင်းနိုင်ငံအတွင်း နည်းလမ်းပေါင်းစုံဖြင့် ဝင်ရောက်လာနိုင်ရာ နယ်စပ်ဒေသများတွင် စစ်ဆေးမှုတင်းကျပ်နေခြင်း၊ မြန်မာလုပ်သားအများစုနေထိုင်ရာ တိုက်ခန်း၊ ရပ်ကွက်များတွင် စီးနင်းစစ်ဆေးမှုများ ဆက်တိုက်လုပ်ဆောင်နေကြောင်း သိရသည်။