Eleven Media Group

■ အီရန်စစ်တပ်သည် စစ်ပွဲစတင်ခဲ့သည့်အချိန်ကထက် ပိုမိုအင်အားကောင်းလာပြီဖြစ်ကြောင်း အီရန်စစ်တပ်၏ ပြောရေးဆိုခွင့်ရှိသူ ပြောကြား

အီရန်စစ်တပ်သည် စစ်ပွဲစတင်ခဲ့သည့်အချိန်ကထက် ပိုမိုအင်အားကောင်းလာပြီဖြစ်ကြောင်း အီရန်စစ်တပ်၏ ပြောရေးဆိုခွင့်ရှိသူ မိုဟာမက် အာခရာမီနီယာက နိုဝင်ဘာ ၇ ရက်တွင် ပြောကြားသည်။

အမေရိကန်က အီရန်၏ နျူကလီးယားအစီအစဉ်နှင့်ပတ်သက်သည့် သတင်းအချက်အလက်များ ပေးနိုင်မည့်သူကို ဒေါ်လာ သန်း ၂၀ ဆုကြေးငွေချီးမြှင့်မည်ဟု ထုတ်ပြန်ထားချိန်တွင် အာခရာမီနီယာ၏ ပြောကြားချက်ထွက်ပေါ်လာခြင်းဖြစ်သည်။

ဖေဖော်ဝါရီ ၂၈ ရက်က အမေရိကန်နှင့် အစ္စရေးတို့က အီရန်ကို တိုက်ခိုက်ခဲ့ပြီးနောက် စတင်ခဲ့သည့် အရှေ့အလယ်ပိုင်းပဋိပက္ခသည် လပေါင်းများစွာကြာမြင့်ခဲ့ပြီးနောက် စစ်ပွဲအသစ်ပြန်လည်စတင်ခြင်း မရှိစေရန် ကြားဝင်စေ့စပ်သူများက ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

အီရန်သည် ကမ္ဘာ့ရေနံထောက်ပံ့မှု စုစုပေါင်း၏ ငါးပုံတစ်ပုံခန့်ကို ပုံမှန်သယ်ယူပို့ဆောင်ပေးနေသည့် ဟော်မုဇ် ရေလက်ကြားမှတစ်ဆင့် ကုန်သွယ်ရေကြောင်း သွားလာမှုများကို ကန့်သတ်ရန် ကြိုးပမ်းခဲ့သည်။

အီရန်သည် မဟာဗျူဟာမြောက် ဟော်မုဇ်ရေလက်ကြားကို ဆက်လက်ထိန်းချုပ်ထားဆဲဖြစ်ပြီး အမေရိကန်က အီရန်၏ တောင်းဆိုချက်များကို မလိုက်လျောမချင်း ရေလက်ကြားအား ဆက်လက်ပိတ်ထားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် အီရန်တပ်ဖွဲ့များသည် ပိုမိုအားကောင်းလာပြီး ယုံကြည်မှုပိုရှိလာခဲ့ကြောင်း အီရန်နိုင်ငံပိုင် IRNA သတင်းဌာနက နိုဝင်ဘာ ၇ ရက်တွင် ဖော်ပြခဲ့သည်။

"ဒီနေ့အချိန်မှာ အစ္စလာမ္မစ်သမ္မတနိုင်ငံရဲ့ စစ်တပ်ဟာ အမေရိကန်၊ အစ္စရေးတို့နဲ့ တိုက်ရိုက် ရင်ဆိုင်တိုက်ပွဲတွေကနေ အတွေ့အကြုံတွေ ရရှိခဲ့ပြီးဖြစ်တာကြောင့် စစ်ပွဲစတင်ချိန်ကထက်စာရင် ပိုမိုအဆင့်မြင့်တဲ့ အသင့်ပြင်ဆင်ထားမှုနဲ့အတူ ပိုမိုအားကောင်းလာခဲ့ပြီဖြစ်ပါတယ်" ဟု ၎င်းက ပြောကြားခဲ့သည်။

"တပ်ဖွဲ့ဝင်တွေဟာ အခုဆိုရင် ပိုမိုကြီးမားတဲ့ စိတ်ဓာတ်တက်ကြွမှု၊ ပေးဆပ်လိုစိတ်နဲ့ မိမိကိုယ်ကို ယုံကြည်မှုတွေ ပိုင်ဆိုင်ထားကြပြီဖြစ်ပါတယ်။ အမြင့်ဆုံးခေါင်းဆောင်ရဲ့ အမိန့်ပေးညွှန်ကြားချက်အတိုင်း စစ်တပ်ရဲ့ တုံ့ပြန်မှုဟာ ချက်ချင်းလက်ငင်းဖြစ်မယ့်အပြင် ထိရောက်မှုရှိပြီး ပထဝီဝင်နယ်နိမိတ်ဆိုင်ရာ ကန့်သတ်ချက်တွေလည်း ရှိမှာမဟုတ်ပါဘူး" ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

နိုဝင်ဘာ ၇ ရက်တွင် အမေရိကန်စစ်တပ်က အီရန်၏ နျူကလီးယားအစီအစဉ်နှင့် ပတ်သက်သည့် သတင်းအချက်အလက်များအတွက် အမေရိကန်ဒေါ်လာ သန်း ၂၀ ဆုကြေးငွေနှင့် ရွှေ့ပြောင်းနေထိုင်ခွင့်တို့ကို ပေးအပ်မည်ဟု ထုတ်ပြန်ကြေညာခဲ့သည်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန၏ တရားမျှတမှုအတွက် ဆုကြေးငွေပေးရေး အစီအစဉ်၏ အောက်တွင် သိပ္ပံပညာရှင်များအသိုင်းအဝိုင်းမှ ပုဂ္ဂိုလ်များကဲ့သို့သော ဆက်စပ်ဝန်ထမ်းများ၊ စက်ပစ္စည်းကိရိယာများနှင့် စက်ရုံ/အဆောက်အအုံများ အပါအဝင် အီရန်နျူကလီးယားစီမံကိန်းနှင့်ပတ်သက်သည့် သတင်းအချက်အလက်များကို ရှာဖွေလျက်ရှိကြောင်း အမေရိကန် ဗဟိုစစ်ဌာနချုပ် (CENTCOM) က X တွင် ရေးသားဖော်ပြခဲ့သည်။

အဆိုပါ အစီအစဉ်ကို အမေရိကန်နိုင်ငံသားများ၏ အသက်အန္တရာယ်နှင့် အကျိုးစီးပွားများကို ကာကွယ်ပေးသည့် သတင်းအချက်အလက်များအတွက် ငွေကြေးပေးအပ်ရန် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ အမျိုးသားလုံခြုံရေးဆိုင်ရာ ဆုကြေးပေးရေး အစီအစဉ်အောက်တွင် ၁၉၈၄ ခုနှစ်က စတင်တည်ထောင်ခဲ့ခြင်းဖြစ်သည်။

မည်သည့် သတင်းအချက်အလက် အမျိုးအစားက ဒေါ်လာ သန်း ၂၀ ဆုကြေးငွေ ရရှိရန် ထိုက်တန်စေမည်ဆိုခြင်းကိုမူ အတိအကျ သတ်မှတ်ဖော်ပြထားခြင်းမရှိပေ။

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က အမေရိကန်တပ်ဖွဲ့များသည် အီရန်၏ နျူကလီးယားအစီအစဉ်ကို ထိရောက်စွာ ချေမှုန်းနိုင်ခဲ့ပြီးဖြစ်ကြောင်း ထပ်တလဲလဲ ပြောကြားထားသည်။

"ကျနော်တို့သာ အီရန်ကို မတိုက်ခိုက်ခဲ့ရင် ဒီနေ့ အစ္စရေးနိုင်ငံဆိုတာ ရှိတော့မှာမဟုတ်ဘူး။ သူတို့မှာသာ နျူကလီးယားရှိခဲ့ရင် နျူကလီးယားကို သုံးခဲ့ကြမှာ။ အရှေ့အလယ်ပိုင်း ဒေသတစ်ခုလုံးကို ပြာကျသွားအောင် ချေမှုန်းပါလိမ့်မယ်" ဟု ထရန့်က နိုဝင်ဘာ ၆ ရက်တွင် ပြောကြားခဲ့သည်။

ရှစ်လကြာ စစ်ပွဲအတွင်း အီရန်နိုင်ငံ၏ စီးပွားရေးနှင့် စစ်တပ်မှာ ဆိုးရွားစွာ ပျက်စီးဆုံရှုံးခဲ့ရပြီး အီရန်သည် စစ်ပွဲကို အဆုံးသတ်ရန် ဆန္ဒပြင်းပြလျက်ရှိကြောင်း ထရန့်က ပြောကြားခဲ့သည်။

"ကျွန်တော်တို့ အခု သူတို့နဲ့ ဆွေးနွေးညှိနှိုင်းနေပါတယ်။ သူတို့ သဘောတူညီချက်တစ်ခုရဖို့ အရမ်းကို လိုလားနေကြပါတယ်" ဟု ၎င်းက ဆိုသည်။

ထရန့်သည် စစ်ပွဲအဆုံးသတ်ရေး ကြိုးပမ်းမှုများကို ဆွေးနွေးရန် ကာတာစော်ဘွား ရှိတ်ခ် တာမင် ဘင် ဟာမဒ် အယ်လ်သာနီထံသို့ နိုဝင်ဘာ ၆ ရက်က ဖုန်းဆက်သွယ်ခဲ့သည်။

အီရန်သမ္မတ မာဆွတ် ပီဇက်ရှ်ကီယန်ကလည်း ၎င်း၏ အစိုးရအနေဖြင့် အကျပ်အတည်းကို တွေ့ဆုံဆွေးနွေးမှုများမှတစ်ဆင့် ဖြေရှင်းရန် ဆက်လက်ကြိုးပမ်းလျက်ရှိကြောင်း ယခုသီတင်းပတ်အတွင်း ပြောကြားခဲ့သည်။

Ref: AFP

မူရင်းသတင်း — Eleven Media Group