Eleven Media Group

■  ဝန်ကြီးချုပ်ဟောင်း ဟာစီနာ ဒီဇင်ဘာလတွင် ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ပြန်လာမည်ဟု ဆို

၂၀၂၄ ခုနှစ် လူထုအုံကြွမှုအတွင်း ရာထူးမှဖြုတ်ချခံခဲ့ရပြီး အိန္ဒိယနိုင်ငံတွင် တိမ်းရှောင်နေရသည့် ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာစီနာက မည်သို့ပင်ဖြစ်စေ ဒီဇင်ဘာတွင် မိခင်နိုင်ငံသို့ ပြန်လာမည်ဟု ပြောကြားလိုက်သည်။

ဟာစီနာသည် ဆန္ဒပြသူများအပေါ် အကြမ်းဖက်နှိမ်နင်းမှု၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများဖြင့် သေဒဏ်ချမှတ်ခံထားရသော်လည်း တိုင်းပြည်သို့ပြန်လာမည့် ဆုံးဖြတ်ချက်က ပြောင်းလဲခြင်းမရှိကြောင်း အေပီသတင်းဌာနကို အီးမေးလ်မှတစ်ဆင့် ဖြေကြားခဲ့သည်။

ကျောင်းသားများဦးဆောင်သည့် ဆန္ဒပြမှုများကြောင့် အာဏာမှ ဖယ်ရှားခံရပြီးနောက် ဟာစီနာသည် အိန္ဒိယသို့ထွက်ပြေးကာ ခိုလှုံနေထိုင်နေခြင်းဖြစ်သည်။ ၂၀၂၅ ခုနှစ်တွင် ဘင်္ဂလားဒေ့ရှ်အထူးခုံရုံးက ဆန္ဒပြမှုများကို အကြမ်းဖက်နှိမ်နင်းရန် အမိန့်ပေးခဲ့သည်ဟု ဆုံးဖြတ်ပြီး လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများဖြင့် ဟာစီနာကို သေဒဏ်ချမှတ်ခဲ့သည်။

ထိုနှိမ်နင်းမှုများအတွင်း လူအများအပြား သေဆုံးခဲ့ပြီး ထောင်နှင့်ချီ ဒဏ်ရာရခဲ့သည်။ ကုလသမဂ္ဂ၏ အစီရင်ခံစာအရ လူပေါင်း ၁,၄၀၀ နီးပါး သေဆုံးခဲ့သည်။ ဟာစီနာက မိမိတွင် အပြစ်မရှိကြောင်း ငြင်းဆိုခဲ့သည့်အပြင် ခုံရုံး၏ စီရင်ချက်ကိုလည်း လက်မခံပေ။

ဘင်္ဂလားဒေ့ရှ်အစိုးရက ဟာစီနာကို လွှဲပြောင်းပေးရန် အိန္ဒိယထံ အကြိမ်ကြိမ် တောင်းဆိုခဲ့သော်လည်း အိန္ဒိယက လွှဲပြောင်းပေးခြင်း မရှိသေးပေ။ ဟာစီနာသည် ဘင်္ဂလားဒေ့ရှ်သို့ ပြန်လာမည်ဖြစ်ကြောင်းကို သြဂုတ်လကတည်းက ကြေညာခဲ့သည်။ “သေခြင်းတရားက ကျွန်မရဲ့ ကံကြမ္မာဆိုရင်လည်း ကိုယ့်မြေပေါ်မှာ၊ ကိုယ့်ပြည်သူတွေကြားမှာပဲ သေချင်ပါတယ်။ ဒါကြောင့် ဘင်္ဂလားဒေ့ရှ်ကို ပြန်လာမှာပါ။ ဒီဆုံးဖြတ်ချက်က မပြောင်းလဲဘူး” ဟု ဟာစီနာက အေပီသတင်းဌာနကို ပြောသည်။
သို့သော် ၂၀၀၉ ခုနှစ်မှ ၂၀၂၄ ခုနှစ်အထိ ဝန်ကြီးချုပ်တာဝန်ယူခဲ့သည့် ဟာစီနာ မည်သည့်နည်းလမ်းဖြင့် ပြန်လာမည်ကို ထုတ်မပြောပေ။ “ပြန်လာရင် အဖမ်းဆီးခံရနိုင်တယ်ဆိုတာ ကျွန်မသိပါတယ်။ ထောင်ချခံရ နှိပ်စက်ခံရ ၊ အသတ်ခံရနိုင်တယ်ဆိုတာလည်း သိပါတယ်။ ဒါပေမဲ့ ကိုယ့်ပြည်သူတွေ ဒုက္ခခံနေရတာကို အဝေးကထိုင်ကြည့်နေရတဲ့ဘဝကို ဆက်မဖြတ်သန်းနိုင်ဘူး” ဟု ဟာဆီနာကပြောသည်။

ဟာစီနာ ဖြုတ်ချခံရပြီးနောက် နိုဘယ်ငြိမ်းချမ်းရေးဆုရှင် မိုဟာမက် ယူနွတ်စ်က ကြားဖြတ်အစိုးရကို ဦးဆောင်ခဲ့သည်။ ထို့နောက် ကြားဖြတ်အစိုးရလက်ထက် ဖေဖော်ဝါရီတွင် ကျင်းပခဲ့သည့် ရွေးကောက်ပွဲ၌ ဟာစီနာ၏ ကာလရှည် နိုင်ငံရေးပြိုင်ဘက် ၊ ဝန်ကြီးချုပ်ဟောင်း ခါလီဒါ ဇီယာ၏သား တာရီခ်ရာမန်က အပြတ်အသတ် အနိုင်ရကာ အာဏာရခဲ့သည်။ ဟာစီနာ၏ အဝါမီလိဂ်နိုင်ငံရေးပါတီကလည်း ရွေးကောက်ပွဲဝင်ခွင့် ပိတ်ပင်ခံခဲ့ရသည်။

အမေရိကန်နှင့် အိန္ဒိယအပါအဝင် ပြည်ပနိုင်ငံများက ၎င်းဘေးကင်းစွာ ပြန်လာနိုင်ရေး ဘင်္ဂလားဒေ့ရှ်အစိုးရအပေါ် ဖိအားပေးရန် မျှော်လင့်ထားခြင်းရှိ၊ မရှိ မေးမြန်းရာ ဟာစီနာက ပြည်ပအကာအကွယ် မလိုအပ်ဟုပြောသည်။ “နိုင်ငံအားလုံးနဲ့ ချစ်ကြည်ရေး ပူးပေါင်းဆောင်ရွက်မှုကို ကျွန်မတန်ဖိုးထားပါတယ်။ ဒါက ဘင်္ဂလားဒေ့ရှ်ရဲ့ နိုင်ငံခြားရေးမူဝါဒလည်း ဖြစ်တယ်။ ဒါပေမဲ့ ကိုယ့်နိုင်ငံကိုယ်ပြန်ဖို့ ပြည်ပအင်အားကြီးနိုင်ငံတစ်ခုရဲ့ ခွင့်ပြုချက် မလိုဘူး” ဟု ၎င်းကဖြေခဲ့သည်။

ပြီးခဲ့သည့်ရက်ပိုင်းကပင် ဘင်္ဂလားဒေ့ရှ် ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဟူမိုင်ယွန် ကိုဘီယာက ဟာစီနာကို အိန္ဒိယဘက်က လွှဲပြောင်းပေးသင့်ကြောင်း ထပ်ပြောခဲ့သည်။ “ဟာစီနာကို လွှဲပြောင်းပေးစေချင်ပါတယ်။ လွှဲပြောင်းပေးရမှာပါ။ သူက ဝရမ်းပြေးပါ။ ဘင်္ဂလားဒေ့ရှ်နဲ့ အိန္ဒိယကြားမှာလည်း တရားခံလွှဲပြောင်းရေး သဘောတူစာချုပ် အကျုံးဝင်နေပါတယ်” ဟု ပြောကြားခဲ့သည်။

Ref: AP

မူရင်းသတင်း — Eleven Media Group