
ပီဒရိုအယ်လီယာနာသည် ၎င်း၏ရှေ့ကသမ္မတ လွှတ်တော်တွင်စွပ်စွဲပြစ်တင်ခံရပြီးနောက် နိုဝင်ဘာ ၆ ရက်တွင် ပါရာဂွေးနိုင်ငံ၏သမ္မတဖြစ်လာခဲ့သည်။
ကြီးမားသောဘဏ်အကျပ်အတည်းဖြစ်ပေါ်သဖြင့် နိုင်ငံလူဦးရေး၏တစ်ဝက်နီးပါး ၎င်းတို့၏စုဆောင်းငွေများကို ထုတ်မရသည့်အနေအထားဖြစ်ပေါ်ခဲ့သောကြောင့် သမ္မတတန်တီယာဂိုပီညာသည် လွှတ်တော်တွင် စွပ်စွဲပြစ်တင်ခံခဲ့ရသည်။
ပီညာနှင့်ဆက်စပ်နေသော ဘဏ်တစ်ခု ပြိုလဲသွားသဖြင့် လွှတ်တော်က သမ္မတပီညာကို ဖယ်ရှားရန် မဲခွဲဆုံးဖြတ်ခဲ့ပြီးနောက် အထက်လွှတ်တော်အမတ်များက အယ်လီယာနာကို သမ္မတအဖြစ် ခန့်အပ်ခဲ့သည်။
အယ်လီယာနာသည် ဒုတိယသမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။
သမ္မတ ပီညာကို ဖယ်ရှားရန် မဲခွဲဆုံးဖြတ်ရာ၌ အထက်လွှတ်တော်အမတ် ၄၅ ဦးထဲက ၄၄ ဦးကသမ္မတကို ထုတ်ပယ်ရန် ထောက်ခံမဲပေးခဲ့ကြသည်။
ထို့ကြောင့် အထက်လွှတ်တော်ဥက္ကဋ္ဌ ဘာစီလီယိုနူးနက်ဇ်က ပီညာသည် သမ္မတတာဝန်ကို ထမ်းဆောင်ရာတွင် စွမ်းဆောင်ရည်ညံ့ဖျင်းသည်ဟု ကြေညာခဲ့သည်။
ကွန်ဂရက်အပြင်ဘက်တွင် စောင့်ဆိုင်းနေသောလူအုပ်ကြီးက ပီညာကို စွပ်စွဲပြစ်တင်မှုအား အောင်ပွဲခံခဲ့ကြသည်။
"တရားမျှတမှုကို ဖော်ဆောင်လိုက်ပါပြီ။ အခုဆိုရင် သူ့အနေနဲ့ ကျွန်မတို့ရဲ့ငွေတွေကို ပြန်ပေးစေချင်ပါတယ်။ သူ့ကို ထောင်ချစေချင်ပါတယ် "ဟု အသက် ၃၂ နှစ်အရွယ် ဂျက်ဆီကာအကွီနိုက AFP ကို ပြော ကြားခဲ့သည်။
ရာထူးမှဖယ်ရှားခံရပြီးနောက်သမ္မတဟောင်းပီညာအား ပါရာဂွေးအာဏာပိုင်များကနေအိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်းထားသည်ဟု အစိုးရရှေ့နေ ဆယ်လ်ဗီးယားမာဂါရီတာဂွန်ဇာလက်ဗက်စတာက သတင်းထောက်များကို ပြောကြားခဲ့သည်။
သမ္မတသစ် အယ်လီယာနာက Ueno Bank ဘဏ်တွင် ငွေအပ်နှံထားသူ သုံးသန်းခန့်အား ပစ်ထားမည်မဟုတ်ဟု ကတိပေးခဲ့သည်။
"ဘဏ်ပြိုလဲမှုရဲ့ရလဒ်အဖြစ် ခက်ခဲတဲ့ ကာလကို ဖြတ်သန်းနေရတဲ့ ပြည်သူတွေကို လျော်ကြေးအပြည့် အဝပြန်ပေးပါမယ် "ဟု အယ်လီယာနာက ပြောကြားခဲ့သည်။ သူသည် သမ္မတအဖြစ် ၂၀၂၈ ခုနှစ်အထိ ထမ်းဆောင်မည်ဖြစ်သည်။
Ref:AFP See less