
ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင် ဒေးဒရဲမြို့နယ် သကြားဟင်းအိုးကျေးရွာရှိ မုန်တိုင်းဒဏ်ခံ သဒ္ဓမ္မရံသီအဆောက်အအုံ ဘုန်းတော်ကြီးကျောင်းတွင် Eleven Media Group မိသားစု နှင့် စေတနာရှင် ကျေးရွာသူ ကျေးရွာသားများ၏ (၁၈) ကြိမ်မြောက် ကထိန်သင်္ကန်းကပ် အလှူတော်ပွဲကို နိုဝင်ဘာ ၇ ရက်က ကျင်းပခဲ့ကြောင်း သိရသည်။
၁၃၈၈ ခုနှစ် သီတင်းကျွတ်လပြည့်ကျော် ၁၂ ရက်၊ ၂၀၂၆ ခုနှစ် နိုဝင်ဘာ ၇ ရက်တွင် ဒေးဒရဲမြို့နယ် သကြားဟင်းအိုးကျေးရွာရှိ မုန်တိုင်းဒဏ်ခံ သဒ္ဓမ္မရံသီ အဆောက်အအုံ ဘုန်းတော်ကြီးကျောင်းတွင် Eleven Media Group မိသားစု၏ မတည်လှူဒါန်းမှုဖြင့် ကျေးရွာသူ ကျေးရွာသားများ ပူးပေါင်း ပါဝင်သည့် ကထိန်အလှူပွဲကို ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
Eleven Media Group ၏ ကထိန်အလှူတော်ကို သကြားဟင်းအိုးကျေးရွာနှင့် ရွာနီးချုပ်စပ်မှ ပင့်သံဃာ ၄၀ ပါး ကြွရောက်ခဲ့ကြပြီး ဒေးဒရဲမြို့နယ် သောကြာအနောက်မှန်ကျောင်းဆရာတော် ဦးကုန္ဒရ က ဧည့်ပရိတ်များကို ကထိန်တရားတော် ဟောကြား ချီးမြှင့်ခဲ့သည်။
ထို့နောက် Eleven Media Group ၏ မတည်လှူဒါန်းမှုနှင့် ကျေးရွာသူကျေးရွာသားများ စုပေါင်း လှူဒါန်းသည့် ကထိန်လှူဒါန်းဖွယ်ရာ ဝတ္ထုပစ္စည်းများကိုလည်း ပင့်သံဃာတော် ၄၀ ပါးက အလှူခံတော်မူခဲ့ကြောင်း သိရသည်။
ယင်းနောက်တွင် ကြွရောက်လာသည့် သံဃာတော်များအား အာရုံဆွမ်းနေ့ဆွမ်းနှင့် အချိုပွဲ ဆက်ကပ်လှူဒါန်းခဲ့ပြီး ရွာနီးချုပ်စပ်မှ လာရောက်ကြသည့် ဧည့်ပရိသတ်များကိုလည်း စတုဒီသာဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြောင်း သိရသည်။
အဆိုပါ သကြား ဟင်းအိုးကျေးရွာရှိ မုန်တိုင်းဒဏ်ခံ သဒ္ဓမ္မရံသီ အဆောက်အအုံကို ၂၀၀၈ ခုနှစ် မေလတွင် ဖြစ်ပွားခဲ့သော နာဂစ် ဆိုင်ကလုန်းမုန်တိုင်းဒဏ်ကြောင့် ဒုက္ခရောက်ကြရသည့် ပြည်သူများအတွက် Eleven Media Group နှင့် မိတ်ဆွေဆရာဝန်များ အဖွဲ့က ဆောက်လုပ် လှူဒါန်းထားခြင်းဖြစ်သည်။