






မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ၂၀၂၇ အေအက်ဖ်စီ ယူ-၁၇ အာရှဖလား ခြေစစ်ပွဲ အုပ်စု (A) ပြိုင်ပွဲ မစတင်မီ ပြိုင်ပွဲဝင်အသင်းများ၏ ပွဲကြိုသတင်းစာရှင်းလင်းပွဲကို ယနေ့ (နိုဝင်ဘာလ ၇ ရက်) နံနက် ၁၁:၃၀ နာရီက ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF Hall) ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ သတင်းစာရှင်းလင်းပွဲသို့ အုပ်စု (A) တွင် ပါဝင်ယှဉ်ပြိုင်ကြမည့် အိမ်ရှင်မြန်မာအသင်း အပါအဝင် အင်ဒိုနီးရှား၊ အာဖဂန်နစ္စတန်၊ ဖိလစ်ပိုင် နှင့် ကမ္ဘောဒီးယား အသင်းတို့မှ နည်းပြချုပ်များ တက်ရောက်ခဲ့ကြပြီး ပြိုင်ပွဲအတွက် နောက်ဆုံးပြင်ဆင်ထားရှိမှု အခြေအနေများနှင့် ရည်မှန်းချက်များကို သတင်းမီဒီယာများသို့ အသီးသီး ရှင်းလင်းပြောကြားခဲ့ကြသည်။
အသင်းလိုက် နည်းပြချုပ်များ၏ ပြောကြားချက်များ
မြန်မာ ယူ-၁၇ အသင်းနည်းပြချုပ် (Keisuke Amano)
"ပြင်ဆင်မှုတွေ အကောင်းဆုံး လုပ်ဆောင်ထားပါတယ်။ ပြီးခဲ့တဲ့ အိန္ဒိယနဲ့ ခြေစမ်းပွဲစဉ်တွေဟာ အသင်းရဲ့ ပထမဆုံး နိုင်ငံတကာခြေစမ်းပွဲစဉ်ဖြစ်တာမို့ လိုအပ်ချက်တွေ ရှိခဲ့ပါတယ်။ ဒါတွေကို ပြင်ဆင်ဆောင်ရွက်ထားပြီး ခြေစစ်ပွဲမှာ ရလဒ်ကောင်းဖို့ တစ်ပွဲချင်း အကောင်းဆုံး ကစားသွားမှာပါ။"
ဖိလစ်ပိုင် ယူ-၁၇ အသင်းနည်းပြချုပ် (Sergi Mulet Suarez)
"ကျွန်တော်တို့ ဒီပွဲအတွက် ပြင်ဆင်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ အုပ်စုတွင်းမှာ အသင်းကောင်းတွေ ပါဝင်တယ် ဆိုတာ သိထားပါတယ်။ ဒါပေမဲ့ နောက်တစ်ဆင့်ကို တက်လှမ်းနိုင်ဖို့အတွက် ရည်မှန်းချက်ပြည့်မီအောင် ကျွန်တော်တို့ အကောင်းဆုံးကြိုးစားသွားကြမှာ ဖြစ်ပါတယ်။"
အင်ဒိုနီးရှား ယူ-၁၇ အသင်းနည်းပြချုပ် (David De Sousa)
"ဇွန်လကတည်းက စတင်ပြင်ဆင်ခဲ့ကြပြီး ခြေစမ်းပွဲအချို့ကိုလည်း ကစားနိုင်ခဲ့ပါတယ်။ ကစားသမားလေးတွေလည်း ပွဲစဖို့အတွက် အလွန်ကို စိတ်လှုပ်ရှားနေကြပါပြီ။ တခြားအသင်းတွေလည်း အတူတူပဲ ဖြစ်မယ်လို့ ထင်ပါတယ်။ အခုဆိုရင် ကျွန်တော်တို့မှာ ကောင်းမွန်တဲ့ ပြင်ဆင်မှုတွေ ရှိနေပါပြီ။ ဒီပြိုင်ပွဲမှာ အကောင်းဆုံး ကြိုးစားသွားမှာ ဖြစ်ပါတယ်။"
အာဖဂန်နစ္စတန် ယူ-၁၇ အသင်းနည်းပြချုပ် (Ali Ahmad Yar Zaden)
"ဒီပြိုင်ပွဲအတွက် ကျွန်တော်တို့အနေနဲ့ ခွန်အားအပြည့်နဲ့ အကောင်းဆုံး ပြင်ဆင်ဆောင်ရွက်ထားပြီး ဖြစ်ပါတယ်။ ပထမပွဲစဉ်အတွက်လည်း အစွမ်းကုန် ကြိုးစားယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။ ပြိုင်ပွဲအတွက် အရာရာ အဆင်သင့်ဖြစ်နေပါပြီ။"
ကမ္ဘောဒီးယား ယူ-၁၇ အသင်းနည်းပြချုပ် (Khek Khemrin)
"ကျွန်တော်တို့ရဲ့ ကစားသမားတွေအတွက် အဆင့်အတန်းမြင့်တဲ့ ပြိုင်ပွဲတွေမှာ ယှဉ်ပြိုင်ရင်း တန်ဖိုးရှိတဲ့ အတွေ့အကြုံကောင်းတွေ ရယူနိုင်မယ့် အခွင့်အရေးကြီးတစ်ခုလို့ပဲ မြင်ပါတယ်။ ပြိုင်ဘက်တိုင်းကို ကျွန်တော်တို့ လေးစားပါတယ်၊ ဒါပေမဲ့ ဘာကိုမှလည်း မကြောက်ပါဘူး။ ပွဲစဉ်တိုင်းကို အကောင်းဆုံးဖြစ်အောင် ပြင်ဆင်သွားမှာ ဖြစ်ပြီး စည်းကမ်းသေဝပ်မှု၊ ပြတ်သားမှုနဲ့ ကျွန်တော်တို့ရဲ့ စွမ်းဆောင်ရည်အပေါ် ယုံကြည်ချက်အပြည့်နဲ့ ချဉ်းကပ်ယှဉ်ပြိုင်သွားမှာပါ။"
#MFF
#Myanmar #News
