ဆူးငှက်
နှစ်နိုင်ငံ အရပ်ဖက် အဖွဲ့အစည်းများ ဆွေးနွေးပွဲတဲ့ ——————————————————- ထိုနှစ်ကာလများအတွင်း ခရီးသွားဇာတာ ပါလာပုံရသည်။ ၂၀၁၅ခုနှစ် မေလမှာ တရုတ်ပြည်ခရီးစဉ် ပြီးသည့်နောက် ထိုနှစ် ဒီဇင်ဘာလတွင် တရုတ်ပြည်သို့ပင် နောက်ထပ် ခရီးစဉ်တစ်ခု ထပ်မံ သွားရောက်ရသည်။ သည်တစ်ခါက အဖွဲ့ဝင်အဖြစ် လိုက်ပါရသည်။ တရုတ်ပြည်သူ့သမ်္မတနိုင်ငံ (CNIE) အဖွဲ့၏ ဖိတ်ကြားချက်အရ နှစ်နိုင်ငံ အရပ်ဖက် အဖွဲ့အစည်းများ တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်ရန်နှင့် အရပ်ဖက် လူ့အဖွဲ့အစည်းများ၏ ဆောင်ရွက်ချက် များ လေ့လာရန် (၁၆-၁၂-၂၀၁၅) မှ (၂၇-၁၂-၂၀၁၅)နေ့အထိ ဘီဂျင်း၊ ရှားမိန်နှင့် နန်နင်းမြို့များသို့ မြန်မာအရပ်ဖက် အဖွဲ့အစည်း ကိုယ်စားလှယ် (၂၀)ဦး သွားရောက်ခဲ့ပါသည်။
အဆိုပါ ခရီးစဉ်တွင် မန်္တလေးမြို့ရှိ တရုတ်ပြည်သူ့သမ်္မတနိုင်ငံ ကောင်စစ်ဝန်ချုပ်ရုံး၏ ဖိတ်ကြားမှုနှင့် မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်း၊ မန်္တလေးတိုင်းဒေသကြီး၏ ရွေးချယ်မှုအရ (၁)ဦးကျော်ဆန်း (စာရေးဆရာ-ဆူးငှက်)၊ (၂) ရှေ့နေ ဦးညီညီချစ် နှင့် (၃) ဦးဘဦး (အယ်ဒီတာ) တို့ လိုက်ပါခဲ့ပါသည်။
အစိုးရသစ်၏ နိုင်ငံခြားရေးမူဝါဒ ပြောင်းလဲမှု ရှိ/မရှိ —————————————————- အဆိုပါခရီးစဉ်တွင် ဒီဇင်ဘာ (၁၇)ရက်နေ့ နံနက် (၁၁း၀၀)နာရီက ဘီကျင်းမြို့ Wanshou Hotel ရှိ စည်းဝေးခန်းမ၌ CNIE အဖွဲ့၏ အထွေထွေအတွင်းရေးမှူး Mr You Jianhua နှင့် တွေ့ဆုံ ဆွေးနွေးခဲ့ပါသည်။ တွေ့ဆုံပွဲတွင် အထွေထွေအတွင်းရေးမှူးက CNIE ၏ ရည်ရွယ်ချက် (၃)ချက်၊ မူဝါဒ(၃)ချက်၊ ဆက်သွယ်မှု(၅)ချက်နှင့် စီမံကိန်းဆောင်ရွက်ခြင်း (၅)ချက်တို့ကို ရှင်းလင်း ဆွေးနွေးပါသည်။ မွန်းလွဲ(၂)နာရီတွင် အဆိုပါ အစည်းအဝေးခန်းမ၌ပင် တရုတ်ကွန်မြူနစ်ပါတီ၊ CPC ၏ Deputy Director General of Bureau I of the International Department rS Mr.s Rao Huihua က တရုတ် ပြည်သူ့သမ်္မတနိုင်ငံ၏ နိုင်ငံတကာဆက်ဆံရေးနှင့် အိမ်နီးချင်းနိုင်ငံများနှင့် ဆက်ဆံရေး မူဝါဒများကို ရှင်းလင်းဆွေးနွေးပါသည်။
အဆိုပါ ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ၏ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှ ဖြစ်ပေါ်လာမည့် အစိုးရသစ်၏ နိုင်ငံခြားရေး မူဝါဒ ပြောင်းလဲမှု ရှိ/မရှိ နှင့် မြန်မာနိုင်ငံနှင့်ပတ်သက်၍ (၁) တရုတ်-မြန်မာ ဆက်ဆံရေးမှာ ဘာပြဿနာတွေ ရှိပါသလဲဟူသော မေးခွန်းနှင့် (၂) မြန်မာပြည်သူပြည်သား များက တရုတ်ပြည် အပေါ် ဂရုစိုက်သတိထားဆုံး အရာက ဘာလဲ ဟူသော မေးခွန်း(၂)ခုကို မေးမြန်းခဲ့ပါသည်။
စီအိုင်အေ၏ အသုံးချခံ ဖြစ်သတဲ့လား —————————————— အဆိုပါ မေးမြန်းချက်များနှင့် ပတ်သက်၍ မြန်မာကိုယ်စားလှယ်အဖွဲ့ ကိုယ်စား ကျွန်တော်က ဖြေကြားခဲ့ရာ၌ အစိုးရသစ် ဖြစ်လာမည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ၏ ရွေးကောက်ပွဲ မတိုင်မီ ထုတ်ပြန်ခဲ့သော ကြေညာချက်ကို ကိုးကား၍ မြန်မာနိုင်ငံက ဘန်ဒေါင်း မူ(၅)ချက်အပေါ် အခြေခံသော လွတ်လပ်၍ တက်ကြွသည့် နိုင်ငံခြားရေး မူဝါဒကိုပင် ဆက်လက် ကျင့်သုံးမည့်အကြောင်းနှင့် မေးခွန်းနံပါတ်(၁)နှင့် ပတ်သက်၍ နှစ်ပြည်ထောင် လွတ်လပ်ရေး သမိုင်းကြောင်း ကို အခြေခံကာ မြန်မာနိုင်ငံ၏ ပြည်သူလူထု ကိုယ်စားမပြုသည့် အစိုးရ အဖွဲ့များနှင့် တရုတ်ပြည်သူ့ သမ်္မတနိုင်ငံတို့ ဆက်ဆံ အကူအညီပေးမှုများ၏ ပွင့်လင်းမြင်သာမှု မရှိပုံများကို ဥပမာ ပေးကာ ပြောကြားခဲ့ပါသည်။ မေးခွန်းနံပါတ်(၂)နှင့် ပတ်သက်၍ နှစ်ပြည်ထောင် ပွင့်လင်းမြင်သာမှု အခြေခံသော ဆက်ဆံရေးနှင့်အတူ ပြည်သူများ ယုံကြည်ကိုးစားသော နိုင်ငံခေါင်းဆောင်များ၏ အမြော်အမြင်နှင့် လုပ်ဆောင်ချက်များ ရှိလာပါက ပြဿနာများ သေးငယ် ပျောက်ကွယ်ကာ ချစ်ကြည်ရေး ခိုင်မာပြီး သိနားလည်မှု၊ ချစ်ကြည်မှု၊ ငြိမ်းချမ်းမှုများမှတဆင့် ဖွံ့ဖြိုးတိုးတက်မှုများကို နှစ်နိုင်ငံ ပြည်သူလူထု အားလုံး တရားမျှတစွာ ခံစားကြရမည် ဖြစ်ကြောင်းများကို ဖြေကြားခဲ့ ပါသည်။ ထိုအဖြေများနှင့် ပတ်သက်ပြီး ရန်ကုန်အခြေစိုက် အရပ်ဖက်လူ့အဖွဲ့အစည်း အမည်ဖြင့် လိုက်ပါလာသည့် ထိုစဉ်ကာလ ရွေးကောက်ပွဲတွင် မဲတစ်မဲမှ မရဘဲ အကြီးအကျယ်ရှုံးနိမ့်ခဲ့သော ဒေါက်တာအမည်နှင့် ပုဂ္ဂိုလ်တစ်ဦး ဦးဆောင်သော လက်သစ်ပါတီ၏ မဲရှုံး လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါက်တာအမည်ခံ လူငယ်တစ်ယောက်နှင့် ပါတီ၏ တတ်သိအဖွဲ့ဝင် ၃ယောက်က အသည်းအသန် ကန့်ကွက်ခဲ့သည်။ သူတို့က အစိုးရသစ်သည် အမေရိကန် ဘက်ဂရောင်း နောက်ခံဖြင့် စီအိုင်အေ၏ အသုံးချခံဖြစ်ကာ တရုတ်ပြည်ကို အကြီးအကျယ် ဒုက္ခပေးမည်ဟု ကနဦး ပြောဆိုဆွေးနွေးသဖြင့် ကျွန်တော်က ချက်ချင်း တုံ့ပြန်ပြောဆို ဆွေးနွေးခြင်းဖြစ်သည်။ ဒါကို ထိုအဖွဲ့က မကျေနပ်ခဲ့ပေ။
တာဝန်မခံသော လုပ်ပိုင်ခွင့် ရရှိမှုများ —————————————– ဒီဇင်ဘာ(၁၈)ရက်နေ့ နံနက်(၉)နာရီတွင် တရုတ်ပြည်သူ့သမ်္မတနိုင်ငံမှ အရပ်ဖက် အဖွဲ့အစည်းများ၊ ပညာရှင်များနှင့် ဆွေးနွေးပွဲကို ဆက်လက်ကျင်းပရာ အဖွဲ့အစည်း တစ်ခုချင်းအလိုက် ပညာရှင်တစ်ဦးချင်းစီ အလိုက် မူဝါဒများ လုပ်ဆောင်ချက်များကို ပုံစံဇယားများဖြင့် အသေးစိတ် ရှင်းလင်းပြသခဲ့သည်။ မြန်မာကိုယ်စားလှယ် (၆)ဦးကလည်း ပြန်လှန် ဆွေးနွေးခဲ့ကြရာ မန်္တလေးအဖွဲ့ကိုယ်စား ကျွန်တော်က တရုတ် – မြန်မာ စီမံကိန်းများတွင် နှစ်ဖက်စလုံးမှ ပြောလေ့ပြောထရှိသည့် “ပွင့်လင်းမြင်သာမှု” ဟူသည်နှင့် ပတ်သက်၍ ထို ပွင့်လင်းမြင်သာမှု ဟူသည်ကို “အကန့်အသတ်” နှင့် “လျှို့ဝှက်ချက်” ဟုသာ နားလည်ပြီး ထိုအချက်အပေါ် နားလည်မှု အတိမ်းအပါး ရှိခဲ့သော တရုတ်ကိုယ်စားလှယ်များ၏ သဘောထားအပေါ် မြန်မာပြည်သူပြည်သားတို့ ကြုံတွေ့ခံစား ခဲ့ရသည့် “အဂတိလိုက်စားမှု”၊ “ကိုယ်ကျိုးစီးပွား”နှင့် “တာဝန်မခံသော လုပ်ပိုင်ခွင့် ရရှိမှု” များကြောင့် ဖြစ်ပေါ်ခဲ့သည့် မကျေလည်မှု၊ ကန့်ကွက်မှုများအား အခြေခံ၍ မဖြစ်မနေ လိုအပ်သည့် အမှန်တကယ် “ပွင့်လင်းမြင်သာမှု”” အတိုင်းအတာကို ချပြ ဆွေးနွေးခဲ့ပါသည်။ ထိုနေ့ မွန်းလွဲ(၂)နာရီတွင် Beijing Noveral တက္ကသိုလ်မှ ပညာရှင် Mr Zhaung Qi ၏ ဆင်းရဲသားဘ၀ မြှင့်တင်ရေးစီမံချက်နှင့် ဆောင်ရွက်မှုအစီအစဉ်များကို ရှင်းလင်းဆွေးနွေးခဲ့ပါသည်။
(ဟက) လူမျိုးများ၏ ရိုးရာအိမ် ———————————- ဒီဇင်ဘာ(၁၉)ရက် နံနက်(၉း၀၀)နာရီတွင် China Blue Sky Resource အဖွဲ့အစည်း၏ တာဝန်ရှိသူက အဖွဲ့၏ သမိုင်းကြောင်း ဆောင်ရွက်ချက်များနှင့် မြန်မာနိုင်ငံ၏ သဘာဝဘေးဒဏ်များတွင် ပူးပေါင်းပါဝင် ကူညီခဲ့ပုံများကို ဗီဒီယိုဆလိုက်များ၊ စာရင်းဇယားများဖြင့် ရှင်းပြခဲ့သည်။ မြန်မာကိုယ်စားလှယ်များနှင့် သတင်းမီဒီယာကလည်း စိတ်ဝင်စားစွာ ဆွေးနွေးခဲ့ကြသည်။ ထိုနေ့ မွန်းလွဲ(၂)နာရီတွင် နာမည်ကျော် မဟာတံတိုင်းသို့ သွားရောက် လေ့လာ ခဲ့ကြသည်။ ဒီဇင်ဘာ(၂၀)ရက်နေ့တွင်Fujian ပြည်နယ် Xia Men မြို့သို့ ခရီးဆက်ကြပြီး Nan Pu Tuo ဘုရားကျောင်း သို့ သွားရောက်လေ့လာကြသည်။
ဒီဇင်ဘာ(၂၁)ရက်နေ့တွင် ဇိန်းမို့ရွာ ((Zeng Cuo Ar) နှင့် ယွမ်းချန်ရွာ (Yuan Qiam Cun) များ၏ မူလ တံငါရွာလေးများမှ ဖွံ့ဖြိုးတိုးတက်လာမှုကို လေ့လာခဲ့ကြသည်။ ဒီဇင်ဘာ(၂၂)ရက်နေ့တွင် (ဟက) လူမျိုးများ၏ နေထိုင်မှုလူမှုဘဝနှင့် ရိုးရာ အဆောက်အဦးများကို လေ့လာခဲ့ကြပြီး Yun Shui Yao ကျေးရွာသို့လည်း ဝင်ရောက် ကြည့်ရှု ခဲ့ကြသည်။ အဆိုပါကျေးရွာမှာ နာမည်ကျော် တရုတ်ရုပ်ရှင် ဇာတ်ကားများ လာရောက် ရိုက်ကူးခဲ့သည်ဟု သိရသည်။ ဒီဇင်ဘာ (၂၃)ရက်နေ့တွင် Gu Lang Yu ခရီးသွားကျွန်းသို့ သွားရောက် လေ့လာ ကြသည်။ ထို့နောက် Xia Men မြို့ပြစီမံကိန်းပြတိုက်သို့လည်း ကြည့်ရှုကြသည်။
ဆင်းရဲသူများအတွက် အိမ်ရာစီမံကိန်း —————————————— ဒီဇင်ဘာ(၂၃)ရက်နေ့တွင် နန်နင်းကိုယ်ပိုင်အုပ်ချုပ်ဒေသ နန်နင်း (Nan Naing) မြို့သို့ သွားရောက်ကြပြီး ဒီဇင်ဘာ(၂၄)ရက်နေ့တွင် နန်နန်း ကိုယ်ပိုင်အုပ်ချုပ်ဒေသ အမျိုးသားကော်မတီ၊ သာသနာရေးဌာန၊ ဆင်းရဲသူ ထောက်ပံ့မှု ဌာနတို့၏ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးကြပြီး စီစမ်းထန် (Xi Xiang Tang) ကျေးရွာသို့ သွားရောက် လေ့လာကြသည်။ ဒီဇင်ဘာ(၂၅)ရက်နေ့တွင်Tiang Dong ခရိုင် Zhen Liang ရွာရှိ နဂါးမောက်သီး စိုက်ခင်းများနှင့် Xiang Zau မြို့နယ်ရှိ ဆင်းရဲသူများအတွက် အိမ်ရာစီမံကိန်းများ၊ အိမ်ပြောင်းစီမံကိန်းများနှင့် ငှက်ပျောသီး စိုက်ခင်းများသို့ လေ့လာကြပါသည်။
ဒီဇင်ဘာ(၂၆)ရက်တွင် ယူနန်ပြည်နယ်၊ ကူမင်းမြို့သို့ ရောက်ရှိညအိပ်ကာ (၂၇)ရက်နေ့တွင် မြန်မာနိုင်ငံသို့ ပြန်လည် ထွက်ခွာခဲ့ကြပါသည်။ ထိုနေ့နံနက်က ကူမင်းသို့ မထွက်ခွာမီ Ming Yuam ဟိုတယ်စည်းဝေးခန်းမ၌ ခရီးစဉ်တစ်ခုလုံးအပေါ် သုံးသပ်ဆွေးနွေးပွဲ ကျင်းပခဲ့သည်။
ထိုင်ခုံနေရာ ဖယ်ရှားခံရ ————————– ထိုအစည်းအဝေးက ကူးမင်းမြို့ရှိ ရှေးဟောင်း ဟိုတယ်ခန်းမတွင် ကျင်းပခြင်း ဖြစ်သည်။ ထိုဟိုတယ်တွင် ဥက္ကဋ္ဌကြီး မော်စီတုံး လာရောက်တည်းခိုဖူးသည်ကို တခမ်းတနား ကမ္ပည်းတင်ကာ ဓာတ်ပုံများဖြင့်လည်း မှတ်တမ်းတင် ထားသည်။ ကျွန်တော်တို့ စည်းဝေးကြမည့် ခန်းမကလည်း ဥက္ကဋ္ဌမော် လာရောက်စဉ်က မြို့မိမြို့ဖများ ပါတီကေဒါများနှင့် တွေ့ဆုံခဲ့သည့် ခန်းမဖြစ်ကြောင်းလည်း ခန်းမအဝင်စမှာပင် ကမ္ပည်းတင်ထားသည်။ အစည်းအဝေး စတင်မည့် နံနက် ၈နာရီ အချိန်ရောက်တော့ ဟိုတယ်မှ ခန်းမသို့ နှင်းမိုးဖွဲဖွဲအောက်တွင် ထီးတွေဆောင်းပြီး သွားကြရသည်။ ခန်းမအတွင်း ရောက်သောအခါ ထိုင်ခုံနေရာ ချထားမှုအစီအစဉ်ကို ကြည့်သောအခါ ကျွန်တော့်နံမည်နှင့် ထိုင်ခုံနေရာက မပါရှိပေ။ ခန်းမတစ်ခုလုံး ရှာကြည့်တော့လည်း ကျွန်တော့်နေရာ ရှာမတွေ့။ မန္တလေးက ကျန်ကိုယ်စားလှယ်များဖြစ်သော ရှေ့နေကြီး ဦးညီညီချစ်နှင့် သတင်းစာဆရာ ကိုဘဦးတို့ နေရာတော့ သူတို့ နံမည် ကတ်ပြားတွေနှင့် တွေ့ရသည်။ ကျွန်တော့် နေရာကမရှိ။
ထို့ကြောင့် ကျွန်တော်တစ်ဦးတည်းကို ထိုအစည်းအဝေးသို့ တက်ရောက်ခွင့် မရှိဟု ယူဆသဖြင့် တရုတ်ပြည်ဖက်က တာဝန်ခံ ဖိတ်ကြားသူအားို အကျိုးအကြောင်း ပြောကာ ခန်းမက ထွက်ခွာခဲ့သည်။ ထိုအခါ ထိုတာဝန်ခံက မနေ့ညကပဲ အစည်းအဝေး၏ ထိုင်ခုံနေရာချထားမှု အစီအစဉ်ကို သူကိုယ်တိုင် စီစဉ်ပြင်ဆင်ခဲ့တာ ကျွန်တော့်နံမည်နှင့် ထိုင်ခုံ သေချာပေါက် ပါပါတယ်။ အခု မနက်မှာ ထူးဆန်းစွာ ပျောက်ဆုံးနေတာ တောင်းပန်ပါတယ်ဟု အံ့အားတသင့် ပြောဆိုပြီး ထိုင်ခုံနေရာကို ချက်ချင်း စီစဉ်ပေးပါသည်။ သည်တင်ပဲ အခြားကိုယ်စားလှယ်တစ်ဦးက မနက်အစောကြီး ရွေးကောက်ပွဲတွင် တစ်မဲမှ မရခဲ့သည့် လေကြီးမိုးကြီးပါတီ၏ အသွင်ပြောင်း အဖွဲ့က ခေါင်းဆောင်နှင့် ၃ဦးက အစည်းအဝေးခန်းထဲ ဝင်သွားတာ မြင်မိသည်ဟု ကျွန်တော့်ကို လာပြောသည်။ သြော်.. အစိုးရသစ်က အမေရိကန် နောက်ခံဖြင့် စီအိုင်အေ၏ လက်ကိုင်ဒုတ်ဖြစ်ကာ တရုတ်ပြည်ကို ဒုက္ခပေးလိမ့်မည်ဟူသည့် သွားပုပ်လေလွင့် ဆွေးနွေးချက်အပေါ် ကျွန်တော်က တုံ့ပြန် ချေပခဲ့မှုအား မကျေနပ်သောကြောင့် အောက်တန်းကျစွာ ကျွန်တော့်ထိုင်ခုံကို ဖယ်ခဲ့တာ သိရပြန်သည်။
ဥက္ကဋ္ဌမော် မွေးနေ့ ——————– ထိုနေ့က အစည်းအဝေးတွင် ကျွန်တော်က သည်ဟိုတယ်ကို ရောက်သည့်နေ့မှာ ဒီဇင်ဘာလ ၂၆ရက် ဖြစ်သောကြောင့် ထူးထူးခြားခြား ဥက္ကဋ္ဌမော်၏ မွေးနေ့နှင့် တိုက်ဆိုင်နေပါသည် ဟု အစချီကာ ဥက္ကဋ္ဌမော် တက်ရောက်ခဲ့သည့် သမိုင်းဝင် ခန်းမအတွင်း ဥက္ကဋ္ဌမော်သို့ အမှတ်တရ စကားတွေ ပြောခဲ့ ဆွေးနွေးခဲ့သည်။ ချက်ချင်းလက်ငင်း စီစဉ် ပြောဆို ရသော်လည်း ကျွန်တော် လိုချင်သည့် ဥက္ကဋ္ဌမော်နှင့် ပတ်သက်သည့် အချက်အလက်တွေကို ဘေးချင်းကပ် ထိုင်ရသော သတင်းစာဆရာကိုဘဦးက အင်တာနက်အသုံးပြုကာ ကျော်ခွနင်းပြီး ချက်ချင်း ရှာဖွေ ပေးသောကြောင့် ဥက္ကဋ္ဌမော်၏ နံမည်ကျော် ငှက်နှစ်ကောင် အမေးအဖြေကဗျာနှင့် နှင်း အမည်ရှိ ကဗျာများကိုပင် ရွတ်ဆို ဂုဏ်ပြုနိုင်ခဲ့သည်။ မန်္တလေးအဖွဲ့ က ကိုညီညီချစ်၊ ကိုဘဦးတို့ကလည်း ပွင့်လင်းစွာဖြင့် ခရီးစဉ်အပေါ် ဝေဖန်သုံးသပ်ခဲ့ကြသည်။
ကျွန်တော်တို့ မန္တလေးအဖွဲ့က ဆွေးနွေးရာတွင် အထူးသဖြင့် မိမိတို့ မန်္တလေးမှ ကိုယ်စားလှယ်အဖွဲ့မှာ အခြားအဖွဲ့များနှင့် တန်းတူဖြစ်ရမည်ဟု သဘောပေါက်လည်း ဆွေးနွေးပွဲများ၏ နေရာချထားမှုတိုင်းတွင် ဒုတိယအဆင့် နေရာများ၌သာ ရှိနေခဲ့ပါကြောင်း၊ ဖြစ်သင့်သည်မှာ မြန်မာနိုင်ငံမှ ကိုယ်စားလှယ် အဖွဲ့သည် အဖွဲ့အစည်းပေါင်းစုံ ပါဝင်ရာ အဖွဲ့အစည်း တစ်ခုချင်း အလိုက် ခေါင်းဆောင်များက ဦးစားပေးနေရာယူပြီး ခေါင်းဆောင်များ နောက်မှ အဖွဲ့ဝင်များက နေရာယူရမည် ဖြစ်သော်လည်း ရန်ကုန်မှ အချို့အဖွဲ့အများစုက အဖွဲ့ဝင်များ အားလုံး ဦးစားပေး နေရာ ယူထားကြပြီး မန်္တလေးအဖွဲ့က မီဒီယာများနှင့် ဒုတိယအဆင့် နေရာမှာသာ နေရာချထား ပေးခံရခြင်း မဖြစ်သင့်ကြောင်းနှင့် ပို၍ ဆိုးသည်မှာ ရွေးကောက်ပွဲတွင် ၈၀ရာခိုင်နှုန်း ရွေးချယ်ခံရသည့် ပါတီကို ကိုယ်စားပြုသည့် အဖွဲ့ဝင်များသည်ပင် ဒုတိယတန်း နေရာသို့ ရောက်ရှိ နေခြင်းဖြစ်ပါကြောင်း ပွင့်လင်းစွာ ဝေဖန်ခဲ့ကြသည်။
ဆူးငှက်